ရန်ကုန်၊ ဒီဇင်ဘာ၂၄
နိုင်ငံပိုင် မီဒီယာများကို လူတစ်စုတစ်ဖွဲ့ အကျိုးစီးပွားကို ဦးတည်သည့် ၀ါဒဖြန့်ချိရေးအဖြစ် အသုံးပြုနေခြင်း၊ သတင်းသမားများကို ဖမ်းဆီး အရေးယူခြင်း၊ စာပေဟောပြောပွဲများနှင့် ဟောပြောသူ စာရေးဆရာများကို တားမြစ်ခြင်းတို့မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ရာ ရောက်သည့်အတွက် အဆိုပါ လုပ်ဆောင် ချက်များကို မပြုလုပ်ရန် တောင်းဆိုကြောင်း စာရေးဆရာ အများစုဖြင့် ဖွဲ့စည်းထားသည့် PEN Myanmar အဖွဲ့က ဒီဇင်ဘာလ ၂၃ ရက်တွင် သဘောထား ထုတ်ပြန်သည်။
လက်ရှိအချိန်တွင် နိုင်ငံပိုင် သတင်းစာများသည် လူတစ်စုတစ်ဖွဲ့၏ အကျိုးစီးပွားကိုသာ ကာကွယ်ပြီး ၎င်းတို့၏ ကောင်းကြောင်းနှင့် ၎င်းတို့နှင့် မတူသူများ၏ မကောင်းကြောင်းကိုသာ ဖော်ပြခြင်းဖြင့် ၀ါဒဖြန့်ချိနေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်ကို ပိတ်ပင်လျက်ရှိကြောင်း PEN Myanmar ဥက္ကဋ္ဌ စာရေးဆရာ မသီတာ(စမ်းချောင်း)က မြန်မာသံတော်ဆင့် သို့ ပြောသည်။
““သတင်းပွင့်လင်းစွာ အနေအထားကို ရောက်ဖို့ဆိုရင် စာပေ စိစစ်ရေး မရှိရုံနဲ့ မရပါဘူး။ ဥပဒေကြောင်းအရ အာမခံချက်တွေ ရှိရမယ်။ သတင်းသိပိုင်ခွင့်ရဲ့ လုံခြုံရေး၊ လူထုရဲ့ သတင်းသိပိုင်ခွင့်ကို အစွမ်းကုန် ဖြည့်ဆည်းနိုင်ရေး၊ ဒါတွေကို အာမခံချက် ရှိရမယ်။ တစ်ဖက်မှာလည်း ၀ါဒဖြန့်ချိရေး ဆိုတာမျိုးတွေ မရှိရဘူး။ တစ်စုတစ်ဖွဲ့က သူပြောချင်တဲ့ အကြောင်းကိုပဲ အများသိအောင်လုပ်ပြီး ကျန်တဲ့သူတွေကို ပြောရေးဆိုခွင့် တားဆီး ပိတ်ပင်တာ၊ ကျန်တဲ့သူတွေပြောမယ့် အကြောင်းအရာကို မဖော်ပြနိုင်အောင် လုပ်နေတာဟာ ၀ါဒဖြန့်ချိရေးပဲ။ အခုချိန်ထိလည်း တွေ့ကြုံနေရတုန်းပဲ။ ကျွန်မတို့ အခုရနေတဲ့ လွတ်လပ်ခွင့်ဟာ လွတ်လပ်ခွင့် မဟုတ်ပါဘူး။ စာပေစိစစ်ရေး မရှိရုံသာ ဖြစ်ပါတယ်””ဟု ၎င်းက ပြောသည်။
လတ်တလောတွင် မြန်မာနိုင်ငံ အထက်ပိုင်းရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့၌ စာပေ ဟောပြောပွဲများတွင် ပါဝင်သည့် စာရေးဆရာ အများစုကို အုပ်ချုပ်ရေးပိုင်းနှင့် ဒေသခံအချို့တို့က ဟောပြောပွဲ တွင် ၀င်ရောက် ဟောပြောခြင်းများ မပြုလုပ်ရန် တားမြစ် ပိတ်ပင်မှုများ ရှိနေသည်။
အချို့သော အရပ်ဒေသများ၌ စာပေဟောပြောပွဲများနှင့် ဟောပြောသူ စာရေးဆရာများအား တားမြစ် ဆန့်ကျင်သည့် အပြုအမူများကို အစိုးရအဖွဲ့ဝင် မဟုတ်သည့် လူထုအချို့က ဆောင်ရွက်လျက်ရှိရာ လွတ်လပ်စွာ ထုတ်ပြောနေခွင့်သည် ကမ္ဘာ့နိုင်ငံ အသီးသီးက လက်မှတ်ထိုးထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူအခွင့်အရေးဖြစ် သဖြင့် လူ့အခွင့်အရေးအား အစိုးရက ယခင် နည်းလမ်း များဖြင့် မဟုတ်ဘဲ လူအုပ်စုဖြင့် တားမြစ်ခြင်းဟူသည့် နည်းလမ်းသစ်ဖြင့် တားမြစ်ရန် ကြိုးစားခြင်းမှာလည်း မြန်မာ့ပုံရိပ်ကို ထိခိုက်စေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံပိုင် မီဒီယာများသည် ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ကို ဖြည့်ဆည်းပေးရမည်ဖြစ်ပြီး ၀ါဒ ဖြန့်ချိရေး ပုံစံဖြင့် ဘက်လိုက် ရေးသားနေမှုများသည် ပြည်သူလူထုအပေါ် တာဝန်မကျေရာ ရောက်ကြောင်းကိုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
““နိုင်ငံပိုင် မီဒီယာတွေရဲ့ တာဝန်က ဘာလဲဆိုတာ အဲဒါကို သေချာ ကွဲပြားဖို့လိုတယ်။ နိုင်ငံမှာ ဘာတွေ ဖြစ်နေလဲ။ အုပ်ချုပ်ရေးပိုင်းရော၊ လွှတ်တော်မှာရော ဘာတွေ ဖြစ်နေလဲဆိုတာ အမှန်တကယ် သိအောင် ပြည်သူလူထု သိအောင် ဖော်ပြပေးဖို့ တာဝန်ရှိတယ်။ ဒီလိုမှ မဟုတ်ဘဲ ၀ါဒဖြန့်တဲ့ ပုံစံမျိုး သွတ်သွင်းနေတာ မျိုး၊ ဘက်လိုက်ပြီး ရေးသားတာမျိုးဟာ ပြည်သူလူထုအပေါ် တာဝန်မကျေရာ ရောက်တာပေါ့။ အရင်ကထက်စာရင် သတင်းလွတ်လပ်ခွင့်က အနည်းငယ် ရရှိလာတာ မှန်ပေမယ့် အဲဒီ လွတ်လပ်ခွင့်က အကန့်အသတ် ရှိနေတယ်။ Unity ကိစ္စလိုမျိုးဆိုရင် တပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ကိစ္စတွေဆိုရင် ပြဿနာ ရှာတာပေါ့။ လာမထိနဲ့ မှတ်လောက် သားလောက်အောင် ပညာပေးလိုက်မယ် ဆိုတာမျိုး”” ဟု PEN Myanmar အတွင်းရေးမှူး ကိုနေဘုန်းလတ်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်အတွင်း သတင်းသမားများအား ဖမ်းဆီးထောင်ချမှု အများဆုံး ၁၀ နိုင်ငံ စာရင်းတွင် ပါဝင်လျက်ရှိကြောင်း နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ (CPJ)က ထုတ်ပြန်ထားပြီး ယူနတီမှ ဂျာနယ်လစ် ၅ ဦးနှင့် Bi မွန်း တည့်နေမှ ဂျာနယ်လစ် ၅ ဦးတို့အား နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုနှင့် ပြည်သူလူထုကို အထိတ်တလန့် ဖြစ်စေမှု ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
ထို့ပြင် မြန်မာသံတော်ဆင့် အပါအ၀င် ပြည်တွင်းထုတ် သတင်းစာဂျာနယ် အချို့မှ ဂျာနယ်လစ် ၂၀ ခန့်မှာ လည်း သတင်းမီဒီယာပုဒ်မ၂၅(ခ)၊ အသရေဖျက်မှု ပုဒ်မ ၅၀၀ တို့ဖြင့် တရားစွဲဆို ခံထားရသည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment