Monday, December 22, 2014

လူငယ် ဗလာ ပညာ နတ္ထိ အလိုမရှိ (ဆောင်းပါး)

Written by: မောင်တင်ဦး (မြောင်းမြ)
 
မူလတန်းကျောင်းသား၊ ကျောင်းသူများအား တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
ဗလာ လူငယ်

လက်ရှိနိုင်ငံတော်နဲ့ အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးဆုံးက လူငယ်တွေ ဖြစ်ပါတယ်။ လူငယ်တွေဆိုရာမှာ သာမန် ပညာမဲ့ဗလာလူငယ်တွေ မဟုတ်ပါဘူး။ ပညာပြည့်ဝ နှလုံးလှတဲ့လူငယ်တွေ အထူးလိုအပ်ပါတယ်။ ပညာတတ်လူငယ်၊ ပညာရှိလူငယ်၊ ပညာတော်လူငယ်၊ ပညာရှင်လူငယ်၊ ပညာသင်လူငယ်၊ ပညာရှာလူငယ် စတဲ့ ပညာနဲ့ တစ်သားတည်းပေါင်းစပ်ထားတဲ့ လူငယ်များကို အထူးလိုအပ်နေပါတယ်။

လူငယ်တိုင်းကို နိုင်ငံတော်မှ အားကိုးချင်ပေးမယ့် လူငယ်တချို့ရဲ့ လမ်းလွှဲမှားမှုတွေကြောင့် နိုင်ငံတော်အနေနဲ့ အားပျက်ရပါတယ်။ အရက်သေစာသောက်စား၊ မူးယစ်ဆေးဝါးစွဲလမ်း မလျော်ကန်တဲ့ကိစ္စတွေမှာ လူငယ်တွေနစ်မြုပ်နေတာ ရင်လေးစရာကောင်းလှပါတယ်။ မြစ်ဝက ဆင်သေကောင်ကို အားရပါးရပွဲတော်တည်နေတဲ့ ငှက်မိုက်လို ဖြစ်နေပါတယ်။ စားကောင်းကောင်းနဲ့ ဗိုက်ဖောင်းအောင်စားပြီး ပတ်ဝန်းကျင်ကိုမေ့နေခဲ့တာ ပင်လယ်ထဲရောက်တဲ့အချိန် ဆင်သေကောင်မှာလည်း စားစာရာအသား ကုန်ခန်းတဲ့အချိန်၊ ကမ်းမမြင်လမ်းမမြင်နဲ့ ပင်လယ်ထဲမှာပျံသန်းရင်း အတောင်ညောင်း၊ လက်ပန်းကျကာ ပင်လယ်ထဲ ဦးစိုက်ကျသေဆုံးရတဲ့ဘဝမျိုးနဲ့ လူငယ်တွေရဲ့ဘဝကို နိဂုံးမချုပ်စေလိုပါဘူး။ လူငယ်တွေဟာ ဗလာလူငယ်ဘဝနဲ့ နိဂုံးမချုပ်သင့်ပါဘူး။ လူငယ်ဘဝကို ရင့်ကျက်စွာဖြတ်သန်းရင်း ပညာရှိလူကြီးဘဝအထိ ရပ်တည်ျနိုင်ရပါမယ်။

လူငယ်ဆိုတာ အားကောင်းမောင်းသန် ခွန်အားဗလပြည့်ဝကြသူတွေပါ။ ထို့အတူ စိတ်ထားဖြူစင်ပြီး မှန်တာကိုလုပ်ရဲတဲ့သတ္တိနဲ့ ပြည့်ဝသူတွေပါ။ ဒါပေမဲ့ ဒီလို ရဲစွမ်းသတ္တိတွေကို နေရာတကျအသုံးမချဘဲ လမ်းလွဲပြီး အလဟဿအသုံးချနေတာဟာ အခြေခံကတော့ ပညာမဲ့မှု၊ ပညာနည်းမှု၊ ပညာနဲ့ အလှမ်းဝေးမှု၊ ပညာကို စနစ်တကျအသုံးမချတတ်မှုတွေကြောင့် ဖြစ်ပါတယ်။ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ချိန်းရိုက်ရဲတာ သတ္တိမဟုတ်ပါဘူး။ ပြိုင်ကားတွေ ပြိုင်မောင်းပြီး သောင်းကျန်းရဲတာ စွမ်းရည်မဟုတ်ပါဘူး။ တုတ်၊ ဓားကိုင်စွဲ စိန်ခေါ်ရဲတာ မှန်ကန်တဲ့ မာနမဟုတ်ပါဘူး။ အဲဒါတွေဟာ ဆင်ခြင်တုံတရားကင်းမဲ့မှုတွေပါ။ ဦးက်ေဗလာ ဖြစ်နေတာကြောင့်ပါ။

လူငယ်တို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ကောင်းမြတ်မှုကို ပညာနဲ့ပေါင်းစပ်မှ မွန်မြတ်လူငယ်ဖြစ်လာမှာပါ။ ပညာက ချွန်းနဲ့တူပါတယ်။ ချွန်းဆိုတာ ဆင်ခြင်တုံတရားပါ။ လူငယ်တို့ရဲ့ လုပ်ရပ်တွေကို သတိပေးနေတာဟာ ပညာပါ။ ပညာရှိတဲ့လူငယ်နဲ့ ပညာမဲ့တဲ့လူငယ်တို့ဟာ ခြားနားတဲ့လားရာကို ဦးတည်နေပါတယ်။

ပညာနတ္တိ

ချစ်ခင်တဲ့ လူငယ်နှစ်ယောက် လက်ချင်းချိတ်နေကြပေမယ့် နာရီနဲ့အမျှ လက်တွဲတွေပြုတ်ကုန်ပြီး သူတို့ရဲ့ ဘဝနှစ်ခုဟာ ကြာလာလေလေ ခြားနားလေလေပါပဲ။ ပညာရှိတဲ့လူငယ်က ပညာရပ်ဝန်းဆီ ပြေးဝင်ခိုလှုံပြီး ပညာရင်နို့သောက်စို့ကာ ဘဝကို ပညာနဲ့ထူထောင်ပါတယ်။ ပညာရှိလူငယ်ဟာ အမှားအမှန်ကို ခွဲခြားနားလည်နိုင်စွမ်း ရှိပါတယ်။ လူမှုပတ်ဝန်းကျင်တစ်ခုလုံးရဲ့ မြှူ ဆွယ်မှုတွေကို ပညာနဲ့ ချင့်ချိန်သုံးသပ်ပြီး မြှူဆွယ်မှုတွေကို တွန်းလှန်နိုင်ပါတယ်။ မှန်တဲ့၊ သင့်တော်တဲ့ဘက်ကို သိမြင်စွာ ရွေးချယ်နိုင်ပါတယ်။ နိုင်ငံရေးမှာသော်လည်းကောင်း၊ လူပုဂ္ဂိုလ်ကိုသော်လည်းကောင်း၊ အဖွဲ့အစည်းများမှာသော် လည်းကောင်း၊ ပညာရှိတဲ့ဆင်ခြင်တုံတရားနဲ့ ပေါင်းစပ်ပြီး မှန်ကန်စွာရပ်တည်နိုင်ပါတယ်။ ပညာရှိလူငယ်တွေရဲ့ မှန်မှန်ကန်ကန် ရပ်တည်ပေးမှု၊ အားပေးထောက်ခံမှုဟာ တိုင်းပြည်တိုးတက်ရေးအတွက် အလွန်အရေးကြီးတဲ့ အင်အားတစ်ရပ်ဖြစ်ပါတယ်။

ပညာမဲ့တဲ့ ဗလာလူငယ်ခမျာ မသမာသူတို့ရဲ့ မြှူဆွယ်သမျှကို ခုခံနိုင်စွမ်းနည်းပါးတာကြောင့် ဆွဲဆောင်သူနောက် လိုက်ပါသွားတတ်ကြပါတယ်။ လေထဲက မက်လုံးတွေကို ပညာနဲ့စဉ်းစားမဆင်ခြင်နိုင်ဘဲ မြှူဆွယ်ရာနောက် ပါသွားကြပါတယ်။ ထိုထိုသော လူငယ်မျိုး အင်အားကောင်းလာရင် တိုင်းပြည်ဟာ ချောက်နှုတ်ခမ်းထဲ ထိုးကျသွားဖို့ဖြစ်လာတယ်။ မူးယစ်ဆေးဝါးစွဲတာ၊ လောင်းကစားလုပ်တာစတဲ့ မကောင်းမှုတွေဟာ မိမိနဲ့ မိမိမိသားစုမျှလောက်သာ အကျိုးယုတ်ဘဝပျက်တာပါ။ ပညာမဲ့မှု၊ လွဲမှားတဲ့ပညာလိုက်စားမှုကြောင့် ယုံကြည်ချက်လွဲချော်တာဟာ တိုင်းပြည်နဲ့ လူမျိုးကိုသာမက လူသားတစ်ရပ်လုံးရဲ့ အကျိုးကျေးဇူးကိုပါ ပျက်ပြားစေပါတယ်။ အစွန်းရောက် အကြမ်းဖက်သူတွေ အတော်များများဟာ ပညာမဲ့သူတွေများပါတယ်။ ယုံလွယ်သူတွေ များပါတယ်။ ဗလာလူငယ်တွေ များပါတယ်။ ဆင်ခြင်တုံတရားမရှိသူတွေ များပါတယ်။

လူငယ်တွေ ပညာသင်ကြပါ။ စာဖတ်ကြပါလို့ ယေဘုယျအားဖြင့် တိုက်တွန်းလမ်းညွှန်ကြပါတယ်။ အဲ့ဒီပညာဟာ ဘာတွေလဲ။ ဘယ်လိုယုံကြည်မှုတွေကို ပေးမလဲ။ ဘာတွေကို မျက်စိမှိတ်ယုံခိုင်းသလဲ။ ဆန်းစစ်ကြရပါမယ်။ လူတချို့က စာဖတ်ပါလို့ပြောပြီး မရိုးသားတဲ့ စေတနာဆိုးနဲ့ အခါးပေါ် သကာလောင်းထားတဲ့စာမျိုးတွေ၊ ပညာမျိုးတွေကို ဖတ်ခိုင်း သင်ယူခိုင်းပါတယ်။ အင်္ဂုလိမာလခမျာ တလွဲဩဝါဒကို ယုံမိလို့ အမေရင်းကို ကိုယ်တိုင်သတ်ဖြတ်မယ့်အထိ မိုက်မဲတဲ့ အတွေးတွေ ဝင်ရောက်ခဲ့ပါတယ်။
မဟာကရုဏာရှင် မြတ်စွာဘုရားရဲ့ ကယ်မမှုကြောင့်သာ အမေရင်းကို သတ်တဲ့သား ဖြစ်မလာတာပါ။ နို့မဟုတ်ရင် ငရဲပြည်မှာ သံသရာလည်နေရဦးမှာပါ။

 ဆိုတော့ ပညာရှာမှီးသင်ယူကြရာမှာ လူအများရောယောင်လို့ လိုက်သင်ရတဲ့အဖြစ်မျိုး မဖြစ်သင့်ပါဘူး။ မိမိဘဝ၊ မိမိရည်မှန်းချက်၊ မိမိပင်ကိုအရည်အချင်းနဲ့ စပ်ဟပ်တဲ့ ပညာမျိုးကို သင်ယူရပါမယ်။ မိမိနဲ့လိုက်ဖက်တယ် စပ်ဟပ်တယ်ဆိုတာ မိမိသာလျှင် အသိဆုံးပါ။
နိုင်ငံတော်မှာ လူငယ်ဆိုတာ တွင်းထွက်ပစ္စည်းထက် အဖိုးတန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေပါ။ ရွှေ၊ ငွေ၊ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်းဆိုတာသဘာဝအရင်းအမြစ်ပါ။ ဒါတွေကို လူဆိုတဲ့ လူငယ်တွေရဲ့ ကျွမ်းကျင်မှုနဲ့သာ ထုတ်ယူသုံးစွဲနိုင်တာပါ။ ဒါပေမဲ့ အဲဒီလူငယ်ရဲ့ကျွမ်းကျင်မှုတန်ဖိုးဟာ ပညာဆိုတဲ့အဆင်တန်ဆာပါရှိမှုပေါ် မူတည်ပါတယ်။  ပညာမတတ်တဲ့လူငယ်ဟာ နိုင်ငံတော်အတွက် သုံးစားလို့မရတဲ့ ဆန်ကုန်မြေလေးဖြစ်နေမှာပါ။ ဆိုတော့  လူငယ်တိုင်း လူငယ်တိုင်း ပညာတတ်မြောက်သူ၊ ပညာပြည့်စုံသူတို့ထက် ပညာကြွယ်ဝသူ ဖြစ်နေရမယ်။

ဖိုးရာဇာ နဲ့ အီဗရာဟင်လင်ကွန်း

ဖိုးရာဇာက တကယ်တော့ လယ်သမားပါ။ သူ့ကို စာတိုငညိုလို့ ခေါ်တယ်။ တွေ့သမျှပေစာမှန်သမျှ စုဆောင်းဖတ်ရှုတာကြောင့် စာတိုငညိုလို့ ခေါ်ကြတာဖြစ်ပါတယ်။ ငညိုဆိုတဲ့ လူငယ်ဘဝမှာကတည်းက တွေ့သမျှစာကို ရှာရှာဖွေဖွေဖတ်ရှုတာကြောင့် သူဟာ သာမန်လူငယ်ပေမယ့် ပညာတတ်လူငယ် ဖြစ်နေပါတယ်။ ပညာနဲ့ပေါင်းစပ်ထားတဲ့ လူငယ်ငညိုဟာ တစ်နေ့တော့ ပညာကိုတန်ဖိုးထားလို့ ထိုက်တန်တဲ့ဘဝဟာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။ ဒီလိုနဲ့ နန်တွင်းကို ခက်ခက်ခဲခဲရောက်သွားတဲ့ သက်တော်ရှည် ပညာရှိအမတ်ကြီး ဖိုးရာဇာ ဖြစ်လာပါတယ်။

ထို့အတူ အမေရိကန်သမ္မတ အီဘရာဟင်လင်ကွန်းဟာ သာမန်ကျေးလက်နေ လူငယ်တစ်ယောက် ဖြစ်ပါတယ်။ အခြေခံပညာကို ဆုံးခန်းတိုင်အောင် သင်ယူခဲ့သူမဟုတ်ပါဘူး။ ဒါပေမဲ့ စာဖတ်ချင်စိတ် ပြင်းပြတဲ့လင်ကွန်းဟာ သူတို့အိမ်နဲ့ မိုင်နှစ်ဆယ်ဝေးတဲ့ စာကြည့်တိုက်ကို ခြေကျင်လျှောက်သွားပြီး စာကြည့်တိုက်မှာ ရသမျှစာကို ဖတ်ပါတယ်။ စာဖတ်တဲ့အတွက် သူဟာ သာမန်လူငယ်လူတော် မဟုတ်တော့ပါဘူး။ ပညာနဲ့ပေါင်းစပ်ထားတဲ့ လူငယ်၊ ပညာတတ်လူငယ် ဖြစ်လာပါတယ်။ ဥစ္စာ၊ ဓနမကြွယ်ဝပေမယ့် ပညာဉာဏ်ပြည့်ဝသူ ဖြစ်လာပါတယ်။ ဒီလို ပညာတတ်လူငယ်ဟာ နောင်တစ်ချိန်မှာ စူပါပါဝါ အင်အားကြီးနိုင်ငံ အမေရိကန်ပြည်ထောင်စုရဲ့ ၁၆ ဦးမြောက် သမ္မတဖြစ်လာတာဟာ အံ့ဩစရာမဟုတ်ပါဘူး။ ဘာဖြစ်လို့ အံ့ဩစရာမဟုတ်ရတာလဲဆိုတော့ လင်ကွန်းမှာ စာအုပ်တွေက ဖတ်လို့ရထားတဲ့ ပညာတွေ၊ အတွေးအခေါ်တွေ၊ သူ့နိုင်ငံတွင်းရှိ ကျေးကျွန်တွေ၊ အမေရိကန်ပြည်သူတွေရဲ့ဘဝတွေ ပြည့်ဝနေလို့ပါ။ ဒီလိုပညာနဲ့တကွ ဆင်ခြင်တုံတရားတွေ ပြည့်ဝနေမှုဟာ အမေရိကန်သမ္မတဖြစ်စေဖို့ တွန်းအားပေးလိုက်တာပါပဲ။

ဖိုးရာဇာတို့၊ အီဘရာဟင်လင်ကွန်းတို့လောက် ကြီးကျယ်ခမ်းနားမှု မရှိခဲ့ရင်တောင် မိမိပတ်ဝန်းကျင်၊ မိမိဒေသ မိမိတိုင်းပြည်ထဲမှာ တန်ဖိုးရှိတဲ့ လူငယ်တစ်ယောက်ဖြစ်တန်ကောင်းပါတယ်။ ဘယ်လိုတန်ဖိုးရှိလူငယ် ဖြစ်သင့်တယ်ဆိုတာ လူငယ်တို့ဖတ်တဲ့ မှတ်တဲ့စာအုပ်၊ မိမိမှီဝဲ ဆည်းပူးတဲ့ ပညာကပြောပြပါလိမ့်မယ်။ စာဖတ်တိုင်းကောင်းပါသလားလို့ အချို့က မေးခွန်းထုတ်ကြပါတယ်။ ကောင်းပါတယ်လို့ ဖြေပါရစေ။ စာတိုင်းကရော ကောင်းပါသလားလို့ ဆက်မေးပါတယ်။ စာတိုင်းက ကောင်းချင်မှကောင်းမှာပါ။ ဒီနေရာမှာ စာဖတ်သူကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။ စာကောင်းတယ်။ မကောင်းဘူးလို့ ခွဲခြားသိလာပြီး၊ ခံစားနားလည်လာပြီဆိုရင် အဲဒီစာဖတ်သူ လူငယ်ဟာ စာဖတ်စွမ်းရည် မြင့်လာပြီလို့ ဆိုရမယ်။ မကောင်းတဲ့ စာပေလား၊ ညစ်ညမ်းတဲ့စာပေလား၊ ဦးနှောက်ကိုသွေးဆောင်လှည့်ဖြားတဲ့ စာပေလား၊ မှိုင်းတိုက်တဲ့စာပေလား၊ ပြည်သူ့အကျိုးပြုစာပေလား၊ နှလုံးသားကို အာဟာရရှိစေတဲ့ စာပေလား။ ထာဝရရင်ထဲစွဲစွဲမြဲမြဲသိမ်းထားရမယ့် စာပေလား စတဲ့စာပေတွေ အမျိုးမျိုး တွေ့ကြုံဖတ်ရှုရမှာပါ။ များများဖတ်လေ ပိုသိလေဖြစ်လာပြီး နောက်ဆုံး စာကောင်းပေမွန်ကို ရွေးချယ်ဖတ်ရှုလာနိုင်မှာ ဖြစ်ပါတယ်။ မိမိရွေးချယ်လိုက်တဲ့စာပေအပေါ် မူတည်ပြီး မိမိဘဝတိုးတက်မှုဆိုတာ ဖြစ်ပေါ်လာမှာပါ။

ပညာတတ်မှ

အယနေ့ခေတ်လူငယ်တွေမှာ ရွေးချယ်စရာလမ်းကြောင်းတွေက အလွန်များပြားလှပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်ကြီးမျှလောက်သာ ရွေးချယ်ရတဲ့ခေတ် မဟုတ်တော့ပါဘူး။ ဂီတပညာရှင် အဆိုကျော်၊ သရုပ်ဆောင်၊ နိုင်ငံခြားသွားရောက်လုပ်ကိုင်သူ၊ လုပ်ငန်းရှင်၊ ကွန်ပျူတာပညာရှင်၊ စကားပြန်၊ Tour Guide, Journalist ၊ ဆံပင်မိတ်ကပ်အလှပြင်သူ၊ အရောင်းဈေးသည် စတဲ့လုပ်ငန်းတွေက ဖော်ပြလို့မဆုံးနိုင်လောက်အောင် များပြားပါတယ်။ ဆိုတော့ ယခင်တစ်လမ်းသွား လူမှုဘဝကနေ မိမိအစွမ်းရှိသလောက် ထိုးဖောက်ဝင်ရောက်နိုင်တဲ့ လူမှုဘဝကို ရောက်ရှိနေပါပြီ။ ယှဉ်ပြိုင်မှုကြီးမားပြီး စိန်ခေါ်မှုတွေများစွာက လူငယ်တို့အရည်အချင်းနဲ့ ပညာစွမ်းကို စမ်းသပ်နေတဲ့ ကာလမျိုးကို ရောက်ရှိနေပါတယ်။ လူငယ်ချင်းအတူတူ ပညာအရည်အချင်းကို မူတည်ပြီး မိမိဟာနောက်လိုက်ဖြစ်နေနိုင်သလို မိမိဟာ ဦးဆောင်သူဖြစ်နေမှာပါ။

မိမိဘာဖြစ်ဖြစ် အရေးမကြီးဘူး။ ခံနိုင်ရည်ရှိတယ်။ စိတ်မပူပါနဲ့လို့ မပြောလိုက်ပါနဲ့ လူငယ်။ တိုင်းပြည်က လူငယ်တွေကို လက်ရှိရော အနာဂတ်အတွက်ပါ ပုံအပ်ဖို့မျှော်လင့်နေတာပါ။ ပညာမဲ့ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ လူငယ်တွေများနေရင် တိုင်းပြည်ဘာဖြစ်မလဲ။
တိုင်းပြည်ချောက်ထဲကျသွားမှာပေါ့။ ဒါဆိုတိုင်းပြည်ထဲမှာ မှီတင်းနေထိုင်တဲ့ လူငယ်တွေပါ ချောက်ထဲကျသွားမှာ မစိုးရိမ်ဘူးလား။ တိုင်းပြည်ကို အမှန်တကယ် ချောက်ထဲကျမသွားအောင် တားဆီးနိုင်တာဟာ ပညာတတ်လူငယ်များ ဖြစ်ပါတယ်။ ပညာ နတ္ထိ ဗလာ လူငယ်တွေက တိုင်းပြည်ကို ဘယ်လိုဦးဆောင်နိုင်ကြမှာလဲ။ ပညာကို တန်ဖိုးမထားသူတွေရဲ့ လွဲမှားတဲ့စီမံမှုတွေကြောင့် တိုင်းပြည်ဟာ ချောက်ထဲမကျဘဲ ချောက်နှုတ်ခမ်းပေါ်မှာ မတည်မငြိမ်လုပ်လီလုပ်လဲ့ ဖြစ်နေတာ ခုဆိုတည်းတည်းလေးပဲ ကျန်ပါတော့တယ်။

ဒါကြောင့်တိုင်းပြည်ကို ကယ်တင်နိုင်ဖို့ လူငယ်မှန်သမျှ ပညာရှာမှီးသူတစ်ဖြစ်လဲ စာဖတ်သူဖြစ်ကြရပါမယ်။ လူငယ်နဲ့ ပညာပေါင်းစပ်နိုင်ပါမှ တိုင်းပြည်ကောင်းစား မှာဖြစ်တာကြောင့် ပညာတတ်၊ ပညာရှိ၊ ပညာရှင်လူငယ်များ များများတိုးပွားလာစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။

Credit - Eleven Media Group

No comments:

Post a Comment