Friday, December 26, 2014

ဝါဒဖြန့်ရေးအတွက် အသုံးချရန် မီဒီယာကို ဆက်ဆံမည် မဟုတ်ကြောင်း တပ်မတော် ကိုယ်စားလှယ်ပြော

 ရန်ကုန်၊ ဒီဇင်ဘာ ၂၂

သတင်းမီဒီယာများအား ၀ါဒဖြန့်ရန်အတွက် ဆက်ဆံမည်မဟုတ်ဟု ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် စိုးနိုင်ဦးက ဒီဇင်ဘာ ၂၀ ရက်တွင် ပြုလုပ်သော တပ်မတော်နှင့် သတင်းမီဒီယာများအကြား အလုပ်ရုံ ဆွေးနွေးပွဲတွင် ကတိပေး ပြောဆိုခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သည့် 7 Day Daily မှ သတင်းထောက်ချုပ် ဦးအောင်သူရက ဒီဇင်ဘာ ၂၂ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

သတင်းမီဒီယာများအား ၀ါဒဖြန့်ရန် ရည်ရွယ်၍ ဆက်ဆံမည်ဆိုပါက တပ်မတော်နှင့် သတင်းမီဒီယာ အကြား ဆက်ဆံရေးမှာ အချိန်တိုအတွင်း ပျက်ပြယ် သွားနိုင်ကြောင်း 7 Day Daily မှ သတင်းထောက်ချုပ် ဦးအောင်သူရ၏ ပြောဆိုမှုအပေါ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ်စိုးနိုင်ဦးက ကတိပေး ပြောကြားခဲ့ခြင်းဖြစ်သည်။ ““သူတို့ဘက်က သတင်းထုတ်ပြန်တဲ့ အခက်အခဲက တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ သူတို့နဲ့ မတူဘူးပေါ့။ အဆင့်ဆင့် တင်ရတယ်ပေါ့။ နောက်ပြီးသူတို့မှာ တာဝန်ယူမှု တာဝန်ခံမှု ဆိုတာ ရှိတယ်။ ထုတ်ပြန်ချက်တစ်ခု ထုတ်လိုက်လို့ရှိရင် စဉ်းစားစရာတွေက အများကြီးရှိတော့ တိုင်းရင်းသားတွေ လောက် အခုတိုက်ပွဲဖြစ် အခုသတင်းထုတ်ပြန်ဖို့က ချက်ချင်း မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ အမြန်ဆုံး သတင်း ထုတ်ပြန်မယ့် နည်းလမ်းတော့ သူတို့ ရှာနေတယ်ပေါ့။ ကျွန်တော်တို့က တပ်မတော်နဲ့ မီဒီယာ ဒီအဖွဲ့အစည်း နှစ်ခုကြား ရေရှည် ဆက်ဆံမှု ပြေလည်ဖို့ နားလည်မှုရှိဖို့ အပြန်အလှန် လေးစားမှုရှိဖို့ လိုတယ်ပေါ့။ ၀ါဒဖြန့်ဖို့ အတွက် မီဒီယာကိုသုံးမယ်။ တစ်ဆင့်နှိမ် ဆက်ဆံတာမျိုး ဆိုရင်တော့ ကျွန်တော်တို့ ဆက်ဆံရေးက ခဏလေးနဲ့ ပျက်သွားမှာပဲလို့ ပြောခဲ့တယ်””ဟု 7 Day Daily သတင်းထောက်ချုပ် ဦးအောင်သူရက ပြောသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် သတင်းမီဒီယာများ အနေနှင့် တပ်မတော်မှ သတင်းရယူရာတွင် ကြုံတွေ့ ရသည့် အခက်အခဲများ၊ လက်ငင်း ဆောင်ရွက် ရမည့် အကြံပြုချက်များ၊ တပ်မတော်က ရေရှည် ဆောင်ရွက် သွားနိုင်မည့် အကြံပြုချက်များ၊ မီဒီယာကျင့်ဝတ်၊ ဆောင်ရန်ရှောင်ရန်နှင့် သဘောတူညီချက်များကို ဆွေးနွေးခဲ့သည်။

သတင်းမီဒီယာများဘက်မှ တောင်းဆိုသော အချက်များကို တပ်မတော်ဘက်မှ အနှေးနှင့်အမြန် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှလည်း ၎င်းတို့အား မူဝါဒများ ချမှတ် ပေးထား သည်များ ရှိသည့်အတွက် သတင်းမီဒီယာများ တောင်းဆိုသည်များမှာ မဖြစ်နိုင်စရာ မရှိကြောင်း တပ်မတော် ဘက်မှ ပြောဆိုခဲ့သည်ဟု ၎င်းက ထပ်မံပြောကြားသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ၀င်ရောက် ဆွေးနွေးခဲ့သူ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်လေးက ““တပ်မတော်ရဲ့ လည်ပတ်မှု၊ စီမံခန့်ခွဲမှု၊ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်လို့ အကြမ်းဖျင်း ရှင်းပြတယ်။ သူတို့လည်း သူတို့ အခက်အခဲကို တင်ပြတာပေါ့။ တပ်ဆိုတာကတော့ ဗဟို ဦးစီး ချုပ်ကိုင်မှုစနစ် ရှိတာဆိုတော့ Complain လုပ်နိုင်တဲ့ အနေအထားတွေ ပြောကြတာပေါ့။ တစ်ဖက်နဲ့တစ်ဖက် လုပ်ငန်း ဆောင်တာတွေကို ရှင်းလင်း ပြောပြကြတဲ့အတွက် အသေးစိတ် မဟုတ်တောင် ယေဘုယျအားဖြင့် တော့ နားလည် သွားကြတာပေါ့”” ဟု ပြောသည်။

ယင်းကဲ့သို့ ဆွေးနွေးခြင်းမှာ မီဒီယာများဘက်မှ လိုချင်သော အတိုင်းအတာ တစ်ခုထိ မရောက်ရှိ သေးကြောင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင် ဦးမြင့်ကျော်က ““တပ်မတော်ဘက်က မီဒီယာတွေမှာ သုံးတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်လို့ သူတို့ဘက်က တရားဝင် အခေါ်အဝေါ်တွေနဲ့ ကွဲလွဲ နေတာမျိုးတွေ ရှိတယ်လို့ စစ်တပ်ဆိုတဲ့ ဟာမျိုး မသုံးစေချင်ဘူး။ တပ်မတော်ဆိုတဲ့ သဘောမျိုး သုံးစေချင် တာပေါ့။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆိုရင် ကာချုပ်လို့ မခေါ်ဘူး။ တပ်ချုပ်လို့ ခေါ်တယ်ပေါ့။ အဲဒီလို အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး ပြောပြတယ်။ ကျွန်တော်တို့ လိုချင်တဲ့ အတိုင်းအတာ တစ်ခုထိတော့ မရောက် သေးဘူးပေါ့။ အခက်အခဲ သဘာဝတွေ နားလည်လာတဲ့ အဆင့်တစ်ခုလို့တော့ ပြောရမှာပေါ့””ဟု မြန်မာ သံတော်ဆင့်သို့ ပြောသည်။

  သဉ္ဇာဆွေ
  မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment