ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကော့တောင်ကျွန်း လူသတ်မှုတွင် စွပ်စွဲခံထားရသည့် မြန်မာလူငယ် ၂ ဦးအမှုတွင် မြန်မာနိုင်ငံရှိ လိုအပ်သော သက်သေများရရှိရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် ဒီဇင်ဘာ ၂၂ရက်တွင် နေပြည်တော်၌ သမ္မတ ရုံးဒုဝန်ကြီး ဦးအောင်သိန်းနှင့် သွားရောက် တွေ့ဆုံ ခဲ့ကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
အဆိုပါ အမှုအတွက် လက်ရှိ လျာထားသော သက်သေများမှ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်၌ နေထိုင်သူများဖြစ်သည့် အတွက် ယင်းနယ်မြေရှိ သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးရန် အကူအညီ တောင်းခံရာ သမ္မတရုံး ဒုဝန်ကြီးက သက်ဆိုင်ရာ ၀န်ကြီးချုပ်များထံ စာရေးသားပေးပို့ အကြောင်းကြား ပေးမည်ဟု သဘောတူညီခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
““ကျွန်တော်တို့ လျာထားတဲ့ သက်သေတွေရဲ့ လိပ်စာက စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင် ပြည်နယ်ပေါ့။ ဒီနေရာတွေကို သွားရောက် ဆက်သွယ်တဲ့အခါမှာ အုပ်ချုပ်ရေးမှူး အပိုင်းအနေနဲ့ ကူညီပေးဖို့ သဘောတူညီချက် သွားယူတာပေါ့။ လိပ်ကျွန်း စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ လိုအပ်တဲ့ ကိစ္စတွေမှာ အစိုးရပိုင်းနဲ့ ဆက်စပ် လုပ်ရမယ့် ကိစ္စတွေမှာ ကူညီပေးဖို့ပေါ့။ အမှုနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ သက်သေတွေ ရထားတယ်။ စာရင်းတွေလည်း ရှိတယ်။ အားလုံး အစုံရမယ် ဆိုရင်တော့ အမှုအတွက် ပိုပြီးကောင်းသွားမှာ ဆိုတော့ အဲဒီအတွက် ကြိုးစားနေတာပေါ့”” ဟု မြန်မာသံရုံး အထူးအဖွဲ့မှ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က ပြောသည်။
အဆိုပါ အမှုအတွက် အမျိုးသားလွှတ်တော် ကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် တွေ့ဆုံရာတွင် လက်ရှိ တွေ့ကြုံ နေရသော အခက်အခဲများအား အကူအညီ ပံ့ပိုးပေးရန် ဆွေးနွေးခဲ့ပြီး လွှတ်တော်မှ ငွေကြေးပိုင်းတွင် တတ်နိုင် သလောက် ကူညီပေးမည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါအမှုတွင် လိုက်ပါ ဆောင်ရွက်သူ ဦးထူးချစ်က ပြော သည်။
အဆိုပါအမှုအတွက် သက်သေအယောက် ၅၀ခန့် ရရှိထားကာ မြန်မာနိုင်ငံမှ သက်သေများ ထပ်မံရရှိပါက ၎င်းတို့အား သက်သေအဖြစ် ထွက်ဆိုပါရန် ထိုင်းနိုင်ငံသို့ ခေါ်ဆောင်မည်ဖြစ်သည်။ လက်ရှိတွင် မြန်မာလူငယ် ၂ဦးအား ပုဒ်မ ၁၂ ခုဖြင့် တရားစွဲဆိုထားသည်။
““ကျွန်တော်တို့ဘက်က အမှန်တရားကို ရှာဖွေတာ အချိန်အတိုင်းအတာ တစ်ခုထိ ကြာလာတဲ့အတွက် နောက်ဆုံး အဖြေရလဒ်က တရားသဖြင့်သာ ဆုံးဖြတ်မယ်ဆိုရင် ဒီကိစ္စက အနိုင်ရမယ်လို့ ယူဆပါတယ်။ ဒီ ၃ ညတာ ကာလအတွင်းမှာ စုံစမ်းထားတဲ့ တွေ့ရှိ ချက်တွေအရ ဒီကလေးတွေ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိထားတယ်။ သို့သော် တရားရုံးမှာ မဟုတ်ဘူးဆိုတာ ခိုင်မာသေချာတဲ့ သက်သေတွေ ရဖို့အတွက် ကြိုးစား နေပါတယ်”” ဟု လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်း စစ်ဆေးရေး ကော်မတီ၏ စုံစမ်းရေး တာဝန်ခံ ဦးကျော်သောင်း က မြန်မာသံတော်ဆင့်သို့ ပြောသည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment