Friday, December 26, 2014

ရွေးကောက်ပွဲပြီးလျှင် ပြည်သူလူထု အကူအညီ ထပ်ယူရမည်ဟု စည်ပင် ကိုယ်စားလှယ်လောင်းများ ပြောကြား

 ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ရွေးကောက်ပွဲပြီး၍ အနိုင်ရခဲ့လျှင်ပင် လုပ်ငန်းများ အကောင်အထည် ဖော်ရာ တွင် စည်ပင်ကော်မတီ၌ အစိုးရက အားသာချက် ရယူထားသည့် အတွက် ပြည်သူလူထု၏ အကူအညီကို ထပ်မံယူရဦးမည် ဖြစ်ကြောင်း စည်ပင် ကော်မတီဝင် ကိုယ်စားလှယ်လောင်းအချို့က မြန်မာ သံတော်ဆင့်သို့ ပြောသည်။

စည်ပင်ကော်မတီ ဖွဲ့စည်းပုံအရ အစိုးရက အားသာချက်ယူ ထားပြီး ကော်မတီဝင် ၉ နေရာတွင် အစိုးရက မြို့တော်ဝန်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနေရာ အပါအ၀င် ၅ နေရာ ယူထားသည့်အတွက် ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

““မဲကိုလည်း အသာစီး အနေအထားနဲ့ ယူထားတယ်။ ဖွဲ့စည်းပုံကိုလည်း အခိုင်ယူထားတယ်””ဟု ကိုယ်စားလှယ်လောင်း ဦးခင်လှိုင် (ဇောတိက)က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြည်သူလူထုနှင့် သက်ဆိုင်သော ကိစ္စများကို စည်ပင်ကော်မတီက အကောင်အထည် မဖော်ပါက ပြည်သူလူထုထံ ချပြပြီး ပြည်သူလူထုကို အသိပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နှစ်ပေါင်း ၆၀ အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် စည်ပင် ရွေးကောက်ပွဲကို ဒီဇင်ဘာလ၂၇ ရက် နေ့တွင် ကျင်းပမည် ဖြစ်သည်။

စည်ပင် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သူ ဦးကျော်ကျော်ကလည်း စနစ်ကို အစအဆုံး ပြောင်းလဲရမည် ဖြစ်သဖြင့် အခက်အခဲများ ရှိနိုင်ကြောင်း ဝေဖန် ပြောကြားထားသည်။

““ပြည်သူလူထုအတွက် လုပ်သင့်တဲ့ ကိစ္စတွေကို တတ်နိုင်သမျှ ညှိနှိုင်းဆွေးနွေးမယ်။ အခက်အခဲတွေကို တင်ပြတဲ့သူ မရှိလို့ မလုပ်တာလို့ ယုံကြည်တဲ့အတွက် တင်ပြဆွေးနွေးမယ်။ ဆွေးနွေးညှိနှိုင်းလို့ မရရင် ပြည်သူလူထုကို အသိပေးပြီး ပြည်သူလူထု အကူအညီနဲ့ လုပ်ကိုင်နိုင်ဖို့ ဆက်ဆောင်ရွက်မယ်””ဟု ဦးကျော်ကျော်က ဆိုသည်။

စည်ပင်ရွေးကောက်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်သူ ၂၉၁ ဦးတွင် ထက်ဝက်နီးပါးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နုတ်ထွက်ပြီး စည်ပင်သာယာ ကော်မတီဝင် ရွေးကောက်ပွဲကို ၀င်ရောက် လာခဲ့ကြခြင်း ဖြစ်သည်။

ပုံစံ ၆/၆၆ သန်းခေါင်စာရင်းရှိမှသာ မဲပေးနိုင်မည်ဖြစ်သဖြင့် မိသားစု ရှစ်သိန်းကျော်ခန့်အနက် လေးသိန်း ၀န်းကျင်သာ မဲပေးခွင့်ရရှိခဲ့ပြီး ရန်ကုန်မြို့နေ မိသားစု ထက်ဝက်မှာ ရွေးကောက်ပွဲ မစခင်ကပင် မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်။

ချမ်းမြေ့ခိုင်
  မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment