Friday, December 26, 2014
လက်ပံတောင်းတောင်ကိစ္စသည် အစိုးရ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ တကယ့် အစစ်အမှန် မဟုတ်ကြောင်း အထင်အရှားပြခြင်းဟု ဗကသကြေညာ
 ရန်ကုန်၊ ဒီဇင်ဘာ ၂၃
လက်ရှိ ဖြစ်ပွားလျက်ရှိသော လက်ပံတောင်းတောင် ပဋိပက္ခတွင် ဒေသခံပြည်သူများ ထိခိုက် သေဆုံးရခြင်းမှာ အစိုးရ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ တကယ့် အစစ်အမှန် မဟုတ်ကြောင်း အထင်အရှား ပြသ လိုက်ခြင်းပင် ဖြစ်ကြောင်း ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က ဒီဇင်ဘာ ၂၃ ရက်တွင် ကြေငြာချက် ထုတ်ပြန်လိုက်သည်။
လက်ပံတောင်းတောင်ဒေသ လိပ်ခွဲတောင်အနီးတွင် ဒေသခံရွာသားများနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက် ပဋိပက္ခဖြစ်ပွားမှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် မိုးကြိုးပြင်ကျေးရွာမှ အသက်
၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်း ဦးခေါင်းသေနတ်ဒဏ်ရာ ရရှိကာ ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံ ၂၀ ခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့်အပေါ် ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
““ဒီမိုကရေစီလို့ဆိုရင် ပြည်သူတွေက ကိုယ့်ရဲ့အခွင့်အရေးအပေါ် တောင်း ဆို နေတာတွေကိုလည်း အကြမ်းဖက် ဖြိုခွဲတာတွေ၊ နှိမ်နင်းတာတွေကို လုပ်ခွင့်မရှိဘူး။ ဒီကနေ့မှာ ဆည်းတည်းရွာကို ၀င်ပြီးတော့ ဒေါ်ခင်ဝင်းကို ပစ်သတ်တာမျိုးတွေဟာ တကယ့်လက်တွေ့မှာ မလုပ်သင့်၊ မလုပ်ထိုက်တာတွေကိုပဲ တစ်လျှောက်လုံး လုပ်နေတယ်။ အသွင်ကူးပြောင်းရေးလို့ ပြောပေမယ့်လည်း အစိုးရနဲ့ စစ်တပ်မှာ စစ်တပ်က ပိုပြီး ပါဝါကြီးနေတယ်။ အရင်တုန်းက အတိုင်းပဲ ဖိနှိပ်မှုကို ဆက်တိုက်ဆက်တိုက် လုပ်နေတယ်။ ဦးပိုင် အကျိုးစီးပွားဆိုတာ စစ်တပ် အကျိုးစီးပွားပဲ။ နိုင်ငံရးမှာဆိုရင်၂၀၀၈ ဖွဲ့စည်းပုံကို စစ်တပ်က ကာကွယ်ရမယ်။ စီးပွားရေးမှာဆိုရင် ဦးပိုင်နဲ့ အကျိုးစီးပွားကို ကာကွယ်ရမယ်။ ဒါသူတို့ရဲ့ အကျိုးစီးပွား။ နိုင်ငံရေးကို ၂၀၀၈နဲ့ တည်ဆောက်ထားပြီး စီးပွားရေးကို ဦးပိုင်နဲ့ တည်ဆောက်ထားတဲ့အတွက် သူ့တို့ အသေအလဲ ကာကွယ်မှာပဲ။ သူတို့ အကျိုးစီးပွား ထိခိုက်မှာကို ဆတ်ဆတ်ထိမခံ နာတယ်ဆိုတာ သွားတွေ့ရှိရတယ်””ဟု ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောသည်။
အသက်ဆုံးရှုံးခဲ့ရသော ဒေါ်ခင်ဝင်းနှင့် မတရားဖိနှိပ်ခံရသူ အားလုံးအား ရည်ရွယ်ကာ ဗ.က.သ များ အဖွဲ့ချုပ်က ကန့်ကွက်အရေးဆိုမှုများ ဆက်တိုက် လုပ်ဆောင်သွားမည်ဖြစ်ပြီး အမည်းရောင် လှုပ်ရှားမှု ကိုလည်း ၃ ရက်ကြာ ပြုလုပ်မည် ဖြစ်သည်။ ““ဒါကတော့လူထုကို မတရားနှိပ်စက်တာပဲ။ ရွာသားတွေကို ခြံခတ်မယ်နဲ့ ခြိမ်းခြောက်တာပေါ့””ဟုလက်ပံတောင်းတောင် အရေး လှုပ်ရှားဆောင်ရွက်သူ ဒေါ်နော်အုန်းလှ က မြန်မာသံတော်ဆင့် သို့ ပြောသည်။
ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်ပိုင် မြန်မာစီးပွားရေး ဦးပိုင်လီမိတက်တို့ ပူးပေါင်း ရင်းနှီးမြှုပ်နှံသည့် လက်ပံတောင်း တောင် ကြေးနီသတ္တုတွင်း စီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ မေလ ၅ ရက် ၂၀၁၀ ရက်စွဲပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်အမှတ် (၄၃၈/၂၀၁၀) ခွင့်ပြုထားကြောင်း ပဏ္ဍိတ ဖွံ့ဖြိုးရေး အင်စတီ ကျုက ထုတ်ပြန်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်သိ ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာနှင့် ဖော်ပြ ထားသည်။
  မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment