Tuesday, December 23, 2014

သံဃာတော်အချို့ ဓမ္မကထိကဂုဏ်ကိုးပါးနှင့် မညီညွတ်ဟုဆိုပြီး တရားပွဲပိတ်ခံရ

ကမာရွတ်မြို့နယ် (၈) ရပ်ကွက်တွင် တရားပွဲကျင်းပရန် စီစဉ်ထားစဉ် / ဓာတ်ပုံ - ဖိုးတုတ် (လှည်းတန်း)

 ရန်ကုန်တိုင်းအတွင်း ကျင်းပလျက်ရှိသည့် တရားပွဲအချို့တွင် သံဃာတော်အချို့အား ဓမ္မကထိက ဂုဏ်အင်္ဂါကိုးပါးနှင့် မညီညွတ်သည့်အတွက်ဟုဆိုကာ တရားဟောကြားမည့် ဆရာတော်များကို လဲလှယ်ခိုင်းထားကြောင်း သတင်းရရှိသည်။

ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်တွင် ဒီဇင်ဘာ ၁၉ ရက်က ကျင်းပခဲ့သော တရားပွဲတွင် ဓမ္မကထိက ဂုဏ်အင်္ဂါကိုးပါးနှင့်မညီညွတ်ဟုဆိုကာ အရှင်ခေမိန္ဒ(စစ်ကိုင်း ခင်မကန်)နှင့် အရှင်ပညာသီဟ(ရွှေည၀ါ)ဆရာတော်နှစ်ပါးတို့ကို တရားဟောခွင့်မပြုဘဲ ဆရာတော်လဲလှယ်ခိုင်းခဲ့သည်။ အဆိုပါဆရာတော်နှစ်ပါး တရားဟောခွင့်ကို ခရိုင်သာသနာရေးဦးစီးဌာနမှ ခွင့်မပြုခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ် သာသနာရေးမှူးဦးမိုးသူကပြောသည်။

အလားတူ ကမာရွတ်မြို့ နယ်(၇)ရပ်ကွက်တွင် ဒီဇင်ဘာ ၂၉ရက်၌ စတင်ပြုလုပ်မည့် တရားပွဲတွင်လည်း အရှင်ခေမိန္ဒ (စစ်ကိုင်း ခင်မကန်)ဟောကြားမည့် အစီအစဉ်ကိုလည်း လဲလှယ် ခိုင်းထားသည်။

‘‘မြို့နယ်ကနေတစ်ဆင့် ခရိုင်ကို တင်ပေးရတယ်။ တရားဝင်စာထုတ်ပြီးပြောတာတော့ မဟုတ်ပါဘူး။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာပဲ တရားပွဲကျင်းပတဲ့သူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း ပါပါတယ်။ ကျွန်တော်လည်း နယ်ကပြောင်းလာတာမကြာသေးတော့ ဒီမြို့ နယ်ကိုရောက်မှ ဒါမျိုးတွေကြားဖူးတာပါ။ ကျွန်တော်လုပ်လာတဲ့ မြို့နယ်တွေမှာတော့ မကြုံဖူးပါ ဘူး’’ဟု ဦးမိုးသူကဆိုသည်။

‘‘မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ တိုင်းရင်းသားတစ်မျိုးနဲ့ တစ်မျိုးပဲဖြစ်ဖြစ်၊ တိုင်းရင်းသား အချင်းချင်းဖြစ်ဖြစ် ကိုယ်မြတ်နိုးတဲ့ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်တဲ့ ဘာသာ သာသနာကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိတယ်လို့ ပုဒ်မ ၃၅၄ မှာ ပြဋ္ဌာန်းထားတယ်။ ဆရာတော်ကတော့ ဥပဒေက ထုတ်ထားတဲ့ အချက်တွေ မညီတာ ဘာမှမလုပ်ထားဘူး’’ဟု ရွှေည၀ါဆရာတော်က မိန့်ကြားသည်။

‘‘ဆရာတော်ကတော့ ဘာမှ မပြောလိုပါဘူး။ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင်ပါဘူး။ ကိုယ့်မှာပါတဲ့ ၀ဋ်ကြွေးရှိလို့ ပြန်ပေးဆပ်ရတယ်လို့ မှတ်ပါတယ်။ ဆရာတော်ဟောပြောခဲ့တဲ့ တရားတွေဟာ နိုင်ငံရေးတရားလား၊ နိဗ္ဗာန်ရောက်ကြောင်း တရားလားဆိုတာ တရားနာပရိတ်သတ်တွေ သိပါတယ်’’ဟု အရှင်ခေမိန္ဒက မိန့်ကြားသည်။

ယခုနှစ်အတွင်း တရားပွဲများတွင် မည်သည့်ဆရာတော်ကိုမျှ တရားဟောခွင့်ပိတ်ပင်ထားခြင်းမရှိသလို ယခင်ဟောပြောခွင့်ပိတ်ထားသည့် ဆရာတော်များလည်း ဟောပြောခွင့်ရပြီဟု ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန တိုင်းသာသနာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးကဆိုသည်။

‘‘ကျွန်တော်တို့ကတော့ ဘယ်ဆရာတော်မှ တရားပွဲပိတ်တာတွေမလုပ်ထားပါဘူး။ သက်ဆိုင်ရာခရိုင်မြို့နယ်တွေမှာတော့ နယ်လှည့်ဓမ္မကထိကဂုဏ်အင်္ဂါကိုးချက် မညီဘူးဆိုရင်တော့ ဆရာတော်တွေပြောင်းခိုင်းတာ၊ လဲခိုင်းတာတွေတော့ရှိမယ်။ သူတို့ကလည်း ဆရာတော်တွေ တစ်ခုခုဟောလိုက်တဲ့အခါမှာ ပြဿနာဖြစ်လာမှာစိုးရိမ်လို့ လုပ်တာ နေမှာပါ’’ဟု ၎င်းကဆိုသည်။

တရားပွဲ ကျင်းပသောသူများအနေဖြင့်လည်း သက်ဆိုင်ရာဌာန အသီးသီးသို့ ကြိုတင်စာပို့အကြောင်းကြားရပြီး ပွဲဖြစ်မြောက်ရေးအတွက်လည်း ခုနစ်ရက်သားသမီးအလှူနှင့် ကျင်းပရသည့်အတွက် မိမိတို့ကြေညာထားသည့် ဆရာတော်များနှင့်သာ ဆက်လက်ကျင်းပသွားမည်ဟု ကမာရွတ်မြို့နယ်(၈)ရပ်ကွက်မှ တရားပွဲဖြစ်မြောက်ရေးတာဝန်ခံ ဦးဝင်းမြင့်က ပြောသည်။

‘‘ဆရာတော်တွေ လဲလှယ်ပေးရတာဟုတ်ပါတယ်။ ဦးတို့ဆို အရှင်ခေမိန္ဒကို တရားပွဲမလုပ်ဖြစ်ဘူးလို့ လိမ်ပြောလိုက်ရတယ်။ ဆရာတော်ကိုသွားပြီး ဘာနဲ့မညီလို့ တရားပွဲမလုပ်ရဘူးတော့ မပြောရဲဘူး။ ဆရာတော်ကတော့ ရပါတယ်လို့ပြောပါတယ်။ ပထမဆုံးနေ့ပွဲဖြစ်လို့ ဆရာတော် ပြောင်းရတာတော့ စိတ်မကောင်းဘူး’’ဟု အမှတ်(၈)ရပ်ကွက်မှ ဦးအေးသန်းက စစ်ကိုင်းခင်မကန်ဆရာတော်ကို လဲလှယ်ခိုင်း၍ လဲလှယ်ပေးခဲ့ရကြောင်းပြောသည်။

တရားဟော ပုဂ္ဂိုလ်များအနက် နယ်လှည့်ဓမ္မကထိက ဂုဏ်အင်္ဂါကိုးချက်နှင့်မညီသည့် ဆရာတော်စာရင်းကို တိတိကျကျထုတ်သင့်ကြောင်း အဆိုပါ အင်္ဂါရပ်နှင့်မညီသည့် ဆရာတော်များမှာလည်း မည်မျှရှိသည်ကို သက်ဆိုင်ရာဌာနသို့ ပေးထားပါက ဆရာတော်ပင့်ရာတွင် လွယ်ကူမည်ဟု တရားပွဲစီစဉ်သူများက ဆိုသည်။

နယ်လှည့်ဓမ္မကထိကဂုဏ် အင်္ဂါကိုးချက်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ မဟောပြောရန်နှင့် ဓမ္မာစရိယတန်းအောင်မြင်သော နယ်လှည့်ဓမ္မကထိကဖြစ်သည့် ရဟန်းပုဂ္ဂိုလ်၊ သီလရှင် ပုဂ္ဂိုလ်သုံးမျိုးဖြစ်ရမည်စသော အချက်များပါဝင်သည်။

‘‘ဒီစာတွေကိုတော့ တရားဟောကြားတဲ့ ဆရာတော်တွေဆီကိုတော့ ပို့ပေးတယ်။ အဓိကပြောချင်တာကတော့ (၁၀)၀ါ ပြည့်ရမယ်။ ဓမ္မာစရိယအောင်ရမယ်။ နိုင်ငံရေးတွေ၊ လောကီရေးရာတွေ ထည့်မဟောရဘူး။ သီလ၀ံသပုဂ္ဂိုလ်ဖြစ်ရမယ်။ သင်္ဂါယနာတော်လာ အဋ္ဌကထာတွေ၊ သုတ္တန်တွေနဲ့ ဆန့်ကျက်ဘက်မပြုရဘူးပေါ့။ ဒါတွေကိုဦးတည်ပြီး ပြောထားတယ်လို့မြင်တယ်။ ဒီလို အင်္ဂါရပ်တွေ သတ်မှတ်ပြီး ဟောမယ်ဆိုရင်တောင် ကောင်းပြီးအနှစ်သာရရှိရှိ ဟောကြားနိုင်တဲ့ ဓမ္မကထိကတွေ ပိုထွက်လာဖို့မရှိပါဘူး’’ဟု ခြောက်ထပ်ကြီး ကျောင်းတိုက်အတွင်း သီတင်းသုံးသော ဆရာတော်တစ်ပါးကမိန့်သည်။

‘‘ကျွန်တော်တို့က ဆွမ်းအောင်ပွဲဓမ္မပူဇာသဘင်လုပ်လာတာ ရှစ်နှစ်ရောက်လာပြီ။ ကျောင်းတိုက် ၁၁ တိုက်က ဆရာတော်တွေကို ၀ါတွင်းဆွမ်းကပ်အလှူအောင်ပွဲအတွက် တရားပွဲ လုပ်တာပါ။ ဒီထဲမှာ ရွှေည၀ါဆရာတော်ကတော့ ၀ါတွင်းကာလတိုင်း ဆွမ်းခံကြွတယ်။ ဆရာတော်ကို ရေစက်ချတရားပေးစေချင်လို့ ရပ်ကွက်က လှူဒါန်းသူတွေက ဆန္ဒရှိလို့လုပ်တာပါ’’ဟု ဦးဝင်းမြင့်ကဆိုသည်။

‘‘ဆရာတော်အနေနဲ့တော့ သာသနာတော်ပြန့်ပွားရေးအတွက် လုပ်နေချိန်မှာ ဘယ်ဟာ မှားတယ်၊ မှန်တယ်ဆိုတာတော့ မပြောတတ်ဘူး။ ဒါပေမဲ့ ဆရာတော်တို့လည်း အချို့ကိစ္စတွေမှာ အလျှော့ပေးလုပ်ရတာတွေတော့ ရှိပါတယ်။ ဒီလိုမျိုးတွေ သတ်မှတ်ထားတော့ ဆရာတော်တို့ဘုန်းကြီးတွေမှာလည်း အမြင်မတူသူတွေ များပါတယ်’’ဟု ၁၁ ဘွဲ့ရ ဓမ္မပါလဆရာတော်က မိန့်ကြားသည်။

မြန်မာနိုင်ငံအတွင်း တရားဟောကြားနေသော ဆရာတော်များထဲတွင် ဓမ္မာစရိယအောင်မြင်ပြီးသော ဆရာတော်များထက် မအောင်သေးသည့်ဆရာတော်များက ပိုများပြီး ဓမ္မာစရိယအောင်သော်လည်း တရားမဟောသည့် ဆရာတော်များလည်း ရှိသည်။

Credit - 7DAY DAILY

No comments:

Post a Comment