Sunday, December 21, 2014

လူထုဦးလှ (၁၉၁၀-၁၉၈၂) ၏ လူငယ်များကြီးပွားရေး ကလပ် (ဆောင်းပါး)

Written by - မြေနီသစ္စာ

 “၁၉၃၁-၃၂-၃၃ ခုနှစ်များတွင် လူငယ်များ ကြီးပွားရေးအသင်းကို ယခင် စကော့ဈေးဟုခေါ်သည့် ဗိုလ်ချုပ်ဈေး အခန်းအမှတ် (၁၇၂) တွင် နေရာရသောကြောင့် စာဖတ်ခန်းအသင်းတိုက် ဖွင့်ခဲ့ကြသည်။ အခန်းခမှာ တစ်လ ၃၅ ကျပ် ကျသည်။ သို့ရာတွင် လူငယ်များ၏ အသင်းဖြစ်သောကြောင့် မြူနီစီပယ်အဖွဲ့က အထူးနှုန်း ၁၇ ကျပ်ခွဲမျှဖြင့် ခွင့်ပြုသည်။

“ကျွန်တော် (လူထုဦးလှ) မှာ ဤအသင်းတိုက်တွင် ဘော်ဒါဖြစ်သည်။ သုံးနှစ်တိုင်တိုင် စာကြည့်ခန်းကလေး၏ အပေါ်ထပ် ကုန်လှောင်အခန်းကလေးတွင် နေခဲ့သည်။ ကျွန်တော် အလေးမသည်။ အိန္ဒိယတင်းပုတ် ကစားသည်။ ညတိုင်း အသံထွက်ပြီး စာဖတ်သည်။ သီချင်းဆိုသည်။ စကားပြော လေ့ကျင့်သည်။ ဒီအခန်းကလေးကပင် ကျွန်တော်ပါသော ဘောလုံးအသင်းအတွက် သွားကစားသည်” ယခု လူထုဦးလှပြောပြသော လူငယ်များကြီးပွားရေး ကလပ်ခေါ် လူငယ်များ ကြီးပွားရေးအသင်းကို ၁၉၂၆ ခုနှစ်တွင် ကြီးပွားရေးဦးသိန်းနှင့် လူငယ်များစု၍ တည်ထောင်ခဲ့သည်။ အကျိုးဆောင် စာချီခေါ် အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူများထဲတွင် ပါမောက္ခဦးမျိုးမင်း ၁၉၃၄ ခုနှစ်၊ သခင်သန်းထွန်း ၁၉၃၈ ခုနှစ်၊ ဒါရိုက်တာ ဦးချမ်းစိန် (ရွှေညာမောင်) ၁၉၃၉ မှ ၁၉၄၁ ထိ ဆောင်ရွက်ခဲ့ကြသည်။ အများဆုံး ဆောင်ရွက်သူသည် ကားကြီးပွားရေး ဦးသိန်းပင်။ ကုလသမဂ္ဂ အတွင်းရေးမှူး ဦးသန့်ကတော့ ရာသက်ပန် အသင်းသားအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဦးသန့်ကဲ့သို့ ရာသက်ပန်အသင်းသား တစ်ဦးအဖြစ် ဗိုလ်မှူးချုပ်မောင်မောင်ကျော်ဝင်း (ငြိမ်း) ကိုလည်း တွေ့ရှိရသည်။

ဦးလေးလှ (လူထုဦးလှ) သည် ဤအသင်း စတင်တည်ထောင်သူ ကြီးပွားရေးဦးသိန်းနှင့် တွေ့ရှိပြီး ခင်မင်ရင်းနှီးရာက ဤအသင်းထဲသို့ ရောက်ရှိလာခြင်းဖြစ်သည်။

လူငယ်များ ကြီးပွားရေးအသင်းကို ၁၉၂၆ ခုနှစ် မေလ ၂ ရက်က စတင်တည်ထောင်ရာတွင် ရည်ရွယ်ချက်နှစ်ရပ်ကို သတ်မှတ်ထားရှိခဲ့သည်။ (က) အသင်းသားများ၏ အသိအလိမ္မာ ဉာဏ်ပညာ တိုးပွားစေခြင်း၊ အပေါင်းအသင်း ပျံ့နှံ့စေခြင်းနှင့် ကိုယ်ချင်းစာတရား ကောင်းမွန်ရင့်သန်စေခြင်းငှာ စကားစစ်ထိုးပွဲများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ စသည့်လုပ်ငန်းများ ဆောင်ရွက်ရုံမက အခါအခွင့်အားလျော်စွာ စာတမ်းနှင့် စာအုပ်များ ရိုက်နှိပ်ထုတ်ဝေ ဖြန့်ဖြူးရန်။ (ခ) လူငယ်များ ကြီးပွားတိုးတက်မှုကို ကူညီစောင့်ရှောက်ရန်တို့ ဖြစ်၏။

အမှန်ပင် လူငယ်များကြီးပွားရေး အသင်းကို စတင်တည်ထောင်သူသည် ကြီးပွားရေး ဦးသိန်းဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင် ကျောင်းသားသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးသိန်းသည် အထက (၆) ဗိုလ်တထောင် (စိန့်ပေါကျောင်း) က ဆယ်တန်းအောင်သောအခါ ကျွန်ပညာရေးကို မယုံကြည်ခဲ့။ ယင်းကြောင့် တက္ကသိုလ်ပညာရေးဆီသို့ မဆက်တော့ဘဲ ပရဟိတနှင့် လူမှုဝန်ထမ်း လုပ်ငန်းတွေမှာ ဇောက်ချဆောင်ရွက်သည်။

၁၉၂၅ ခု ဇွန်လ ၁၅ ရက်နေ့တွင် လူငယ် ၄၃ ဦးကို ဦးသိန်းစုစည်းပြီးသော် လူငယ်များကြီးပွားရေး အသင်း၏ ရှေ့ပြေးဖြစ်သော Friendly Correspondance Cluk ကို တည်ထောင်သည်။

၁၉၂၆ ခုနှစ် မေ ၂ ရက်တွင် Youths Improvement Society ကြီး ဖြစ်ပေါ်လာသည်။ ၁၉၃၀ တွင် အသင်းစာကြည့်တိုက်ကို တည်ထောင်သည်။ စာကြည့်တိုက်မှူးသည် လူထုဦးလှဖြစ်သည်။ ၁၉၃၂ တွင် အသင်းသား ၁၁၉ ဦးရှိလာသည်။ ၁၉၃၃ တွင် ကြီးပွားရေးလမ်းညွှန် မဂ္ဂဇင်းကို လူထုဦးလှက တာဝန်ခံထုတ်ဝေခဲ့သည်။ မြန်မာတစ်ပြည်လုံးတွင် အသင်းခွဲများ ဖွဲ့စည်းခဲ့ရာ ၁၉၃၄ တွင် အသင်းခွဲပေါင်း ၇၂ သင်းထိ တိုးပွားလာသည်။

၁၉၃၆ မှ ၁၉၄၂ ထိ ဒုတိယကမ္ဘာစစ်ကြီး ကာလတွင် အသင်းခွဲပေါင်း ၂၀၀ ထိ တိုးတက်လာခဲ့သည်။ ဂျပန်ခေတ်တွင် ထူထောင်သော အာရှလူငယ်အသင်းမှာ လူငယ်များကြီးပွားရေး အသင်းဝင် မြောက်မြားစွာတို့ ပါဝင်ဆောင်ရွက်ခဲ့သည်။

လူထုဦးလှက လူငယ်များကြီးပွားရေး အသင်းနှင့် ပတ်သက်၍ သူပါဝင်ပတ်သက်သည်တို့ကို ဤကဲ့သို့ စာဖြင့် ပြောပြပါသည်။

“ထိုစဉ်က အသင်းတည်ရာ စကော့ဈေး အခန်းနံပါတ် ၁၇၂ ဆိုသည်မှာ ယခုဗိုလ်ချုပ်ဈေး အရှေ့ဘက်တန်း မြောက်ဘက်အစွန်ပိုင်း ခပ်ရောက်ရောက်မှာ ဖြစ်သည်။ သံဖြူလုပ်သူများ၊ မီးသွေးရောင်းသူများ၊ သစ်သီးရောင်းသူများနှင့် နီးသည်။ တော်တော်များများသည် ဤဆိုင်များမှာပင် နေကြထိုင်ကြသည်။ သူတို့မွေးထားသော ကလေးများကို ကျောင်းထားဖို့မှာ ပြဿနာ ဖြစ်နေသည်။ အနီးအနားမှာ ကျောင်းမရှိ။ ထို့အပြင် ကလေးများကို တောက်တိုမည်ရလည်း ခိုင်းကြရပေသေးသည်။

လူငယ်များကြီးပွားရေးအသင်း အလုပ်အမှုဆောင်အဖွဲ့က ဤကလေးများကို ကူညီရန် ညကျောင်းတစ်ကျောင်းဖွင့်ပေးဖို့ ဆုံးဖြတ်ပြီး ညနေ ၆ နာရီမှ ည ၈ နာရီခွဲအထိ မူလတန်း အခမဲ့ကျောင်း ဖွင့်ပေးကြသည်။ အတန်းလေးတန်းတွင် ကလေး ၁၁၀ ရှိပြီး အသင်းသားအချို့မှာ တက္ကသိုလ်ကျောင်းသား၊ အချို့မှာ အလုပ်သမားလူငယ်များ ဖြစ်သည်။ အလှည့်ကျ တာဝန်ယူပြီး ညကျောင်းတွင် သင်ပြပေးကြသည်။ မိုးတွေလေတွေကြောင့် သို့မဟုတ် အကြောင်းမညီညွတ်စွာ ဆရာမလာနိုင်လျှင် ယင်းဆရာအတွက် ကျွန်တော် (လူထုဦးလှ) ၀င်သင်သည်။

ဒီလိုနှင့် ကျွန်တော် (လူထုဦးလှ) သည် ဈေးမှာပင်အိပ်၊ ဈေးမှာပင်စား၊ ဈေးဘုံဆိုင်တွင် ရေချိုး၊ ဈေးအိမ်သာကိုသာ အသုံးပြု၊ ဈေးမှာပင်ပညာယူ၊ ဈေးမှာပင် ပညာပေးနှင့် နှစ်နှစ်ခန့် နေမိသောအခါ တော်တော်အရည်အချင်း ရှိလာသည်။ လူငယ်များ ကြီးပွားရေးအသင်း အမှုဆောင်အဖွဲ့၏ ခွင့်ပြုချက်အရ ကြီးပွားရေးမဂ္ဂဇင်း တစ်စောင်ကို အသင်းတိုက်နေရာမှာပင် ကျွန်တော်ထုတ်ဝေ ဖြန့်ချိနိုင်ခဲ့သည်။ စာပေနယ်အတွင်းသို့ လုံးလုံးလျားလျား ၀င်ရောက်ခဲ့သည်မှာ ထိုလုပ်ငန်းက အစဖြစ်သောကြောင့် အသင်းရွှေရတုကာလ (၁၉၇၆) မှာ နှစ်ပေါင်း ၄၄ နှစ် ပြည့်ခဲ့သည်။ လူထုဦးလှသည် စေတနာ့ဝန်ထမ်း၊ ညကျောင်းဆရာ၊ ကြီးပွားရေးမဂ္ဂဇင်း အယ်ဒီတာပါမက ဟောပြောပွဲဆိုလည်း ဦးလှပါရသည်။ စာကြည့်တိုက်မှူး တာဝန်လည်း ယူရသေး၍ သတင်းစာတို့ကို စောစောစီးစီး ထိုင်လုပ်ပေးရသေးသည်။ စာကြည့်တိုက်က ကောင်းနိုးရာရာ စာအုပ်များကိုလည်း လေ့လာဖတ်ရှုနိုင်ခဲ့ရသေးသည်။ ယင်းတို့ဖြင့် လူထုဒေါ်အမာနှင့် ဖူးစာမစုံမီ လူပျိုကြီး ဦးလှသည် သူပညာယူခဲ့ရာ ရှေးဦးတက္ကသိုလ် တစ်ခုဖြစ်သည့် လူငယ်များကြီးပွားရေးအသင်းမှာ ပညာယူခဲ့၊ ဆောင်ရွက်ခဲ့ပုံများကား သူ၏ဘ၀တစ်ကွေ့က ခဏတွေ့ခဲ့ရသော မမေ့နိုင်စရာ ဖြစ်ရပ်များပင်။

Credit - Eleven Media Group

No comments:

Post a Comment