![]() |
၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကျင်းပသည့် မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်ရှိ မဲရုံတစ်ရုံတွင် ဆန္ဒမဲများကို ရေတွက်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ် |
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းအပေါ် နိုင်ငံတော်သမ္မတက ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများအား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒပြုခွင့်ပေးသင့်ကြောင်း သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့လာကြောင်း သတင်းရရှိသည်။
ဥပဒေကြမ်းပူးပေါင်း ကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက “နိုင်ငံတော်သမ္မတက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန္ဒခံယူတုန်းကလည်း ဝှိုက်ကတ်ကိုင်တဲ့သူတွေ ဆန္ဒမဲပေးခဲ့တယ်ပေါ့လေ။ အဲဒီတော့ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲမှာလည်း ဆန္ဒမဲပြုခွင့် ပေးသင့်တယ်လို့ သမ္မတက သဘောထားမှတ်ချက် ပြုထားတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ “ကျွန်တော်တို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီက နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက်အပေါ် ဘယ်လိုဆုံးဖြတ်ခဲ့လဲဆိုတော့ နိုင်ငံသားရယ်၊ မွေးရာပါ နိုင်ငံသားနဲ့ ဥပဒေအရ နိုင်ငံသားပြုခွင့်ရသူ ဆိုပြီးရှိတယ်။ အဲဒီတော့ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့် ရသူတွေဟာ ဥပဒေအရ နိုင်ငံသား ပြုခွင့်ရသူတွေပေါ့။ တိုင်းရင်းသားတွေကတော့ နိုင်ငံသား၊ အဲဒီအတွက်ကြောင့် နိုင်ငံသားကိုပဲ လက်ခံတယ်။ ဥပဒေအရ နိုင်ငံသားပြုခွင့် ရသူတွေဖြစ်တဲ့ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့် ရသူတွေကိုတော့ လက်ခံမယ်။ ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ဆိုတာက နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ လုံးဝမဆိုင်ပါဘူး။ သူတို့ဟာ နိုင်ငံသား ဖြစ်ခွင့်ရပြီးသူတွေ မဟုတ်တဲ့အတွက်ကြောင့် သမ္မတရဲ့ သဘောထားမှတ်ချက်ကို ထည့်သွင်းဖို့ လက်မခံပါဘူး။ ဥပဒေကြမ်းပူးပေါင်း ကော်မတီရဲ့ သဘောထားမှတ်ချက် အစီရင်ခံစာကို လာမယ့်လွှတ်တော် အစည်းအဝေးမှာ အစီရင်ခံ တင်သွင်းသွားမှာပါ” ဟု ပြောကြားသည်။
အဆိုပါ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးစဉ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် အသက် ၁၈ နှစ်ပြည့် ပြီးသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများသာ ဆန္ဒပြုခွင့်ရှိရန်နှင့် ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများ ဆန္ဒပြုခွင့် မပေးသင့်ကြောင်း ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါဆွေးနွေးချက်များကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ကြောင်း၊ အမျိုးသား လွှတ်တော်ကလည်း ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ကြောင်း၊ ထို့အတွက် ဥပဒေကြမ်းအား အတည်ပြုလက်မှတ် ရေးထိုးနိုင်ရန် နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်ခင်စန်းလှိုင်က “သမ္မတသဘောထား မှတ်ချက်မှာ ဝှိုက်ကတ်ကိုင်ဆောင်သူ ဆန္ဒပြုခွင့် ပေးသင့်တယ်လို့ မှတ်ချက်ပြုတာဆိုတော့။ ဒါကို ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်ရတော့မှာပေါ့။ ပြည်ထောင်စုလွှတ်တော်က ယခင်အတည်ပြုချက်အတိုင်း အတည်ပြုမလား။ သမ္မတရဲ့ သဘောထားအတိုင်း အတည်ပြုမလား ဆိုတာတော့ စောင့်ကြည့်ရတော့မှာပေါ့။ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတုန်းကလည်း ယာယီသက်သေခံ လက်မှတ်(ဝှိုက်ကတ်) ကိုင်ဆောင်သူတွေကို ဥပဒေအရ ခွင့်မပြုသင့်လို့ ပယ်ဖျက်ဖို့ ဆွေးနွေးခဲ့တာပါ။ ဒါကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ကလည်း ပြည်သူ့လွှတ်တော်က အတည်ပြုချက်အတိုင်း အတည်ပြုခဲ့တာပဲလေ။ အခုသမ္မတဆီက သဘောထားမှတ်ချက် ပြန်လာတယ်ဆိုတော့ ပြည်ထောင်စုလွှတ်တော်က အရင်အတည်ပြုချက်အတိုင်း အတည်ပြုမလားဆိုတာကို လာမယ့်(၁၂)ကြိမ်မြောက် အစည်းအဝေးမှာ ဆုံးဖြတ်မှာပေါ့” ဟု ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အတိုင်း ဆက်လက်ထားရှိရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီအနေဖြင့် အစီရင်ခံသွားမည် ဖြစ်ကြောင်း၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ ဆန္ဒပြုခွင့်မပေးရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ပြီးသားဖြစ်ကြောင်း သတင်းရရှိသည်။

Credit - Eleven Media Group
No comments:
Post a Comment