Sunday, December 21, 2014

မိုးကြိုးလွှဲနှင့် မြေဆီမြေသား (ဆောင်းပါး)

Written by - တက္ကသိုလ်မိုးဝါ

  မြန်မာတစ်နိုင်ငံလုံး၌ မိုးအကုန်ဆောင်းအကူးကာလသို့ ရောက်ပြီဟုပြောနိုင်သည့် အချိန်တွင် လျှပ်စီးလက် မိုးကြိုးပစ်ခြင်းမရှိတော့ဟု ဆိုနိုင်မည်လားမသိ။ ပြီးခဲ့သည့် မိုးတွင်းကာလကဆိုလျှင် မိုးကြိုးပစ်သော အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရှိခဲ့သည်။ မိုးကြိုးကြောင့် ဥစ္စာပစ္စည်းမျှသာမကဘဲ အသက်ဆုံးရှုံးသူ အများအပြားလည်း ရှိခဲ့သည်။ ယခုတော့ မိုးကုန်၍ မိုးကြိုးမပစ်တော့ဟု မထင်လေနှင့်။ ကောင်းကင်ဆီမှ လျှပ်နွယ်လျှပ်ခက်တို့ မျက်စိစူးလောက်အောင် လင်းလက်ကာ မိုးကြိုးများ
အကြိမ်ကြိမ်ပစ်ခတ် နေတုန်းပင်ရှိသည်။ မိုးကြိုးပစ်၍ တိုက်တာများ၌ တပ်ဆင်ထားသော အကာအကွယ် မိုးကြိုးလွှဲ (Lightning Arrester) များက ရောက်လာသမျှ ဗို့အားမြင့် လျှပ်စီးများအား မြေကြီးထဲသို့ လမ်းလွှဲသွန်ချ ပို့ဆောင်ပစ်လိုက်ကြသည်။

မြေကြီးကလည်းမြေကြီးပင်။ ကောင်းကင်ထက်မှ သွန်ချပြီး မိုးကြိုးလွှဲက လမ်းလွှဲလိုက်သမျှ လွန်ကဲစွာပူပြင်းသော လျှပ်စီးကို အချိန်မရွေး မငြိုမငြင်လက်ခံသည်။ လက်ခံပါများလာတော့ မြေဆီမြေနှစ်များပင် ခန်းခြောက်ကုန်ပြီလားမသိ။ လက်ခံပါများလာတော့ ဒဏ်ရာဒဏ်ချက်တွေကလည်း နေရာစုံတွင် တင်းကျမ်းဗရပွ။ အပူလျှပ်စီးကြောင့် အချို့နေရာတို့တွင် မည်းညစ်အောင် လောင်ကျွမ်းထားသည့် လက္ခဏာ။

လျှပ်စစ်နည်းပညာရှုထောင့်မှ ရှင်းရမည်ဆိုပါက မိုးကြိုးလွှဲဟူသည် လူတို့အသုံး ပြုနေသော လျှပ်စစ်ပစ္စည်း ကိရိယာများအား ကြီးမားသည့် လျှပ်စီးစီးဝင်မှုကြောင့် ပျက်စီးခြင်းမှ ကာကွယ်ပေးသော ကိရိယာတစ်ခု ဖြစ်၏။

ကောင်းကင်ပေါ်မှ ပစ်ချလိုက်သော လျှပ်စီး (မိုးကြိုး) သည် အနီးရှိအမြင့်ဆုံး အရာဝတ္ထုကို ထိမှန်တတ်၍ တိုက်တာအဆောက်အအုံ သို့မဟုတ် ရုံး၊ စက်ရုံတွင်း အသုံးပြုနေသော လျှပ်စစ်ပစ္စည်းကိရိယာများအား ပစ်ခတ်ထိမှန်ပါက ပျက်စီးလောင်ကျွမ်းစေမည် ဖြစ်သည်။ ယင်းသို့မဖြစ်စေရန် တိုက်တာ၊ ရုံး၊ စက်ရုံ၏ အမြင့်ဆုံးခေါင်ထိပ်တွင် မြေစိုက်ထားသော ကေဘယ်လ်ကြိုး သွယ်တန်းချိတ်ဆက်ထားသည့် ကြေးနီကဲ့သို့သော သတ္တုတိုင်တစ်တိုင် တပ်ဆင်ထားရန် လိုပေသည်။

လျှပ်စစ်စွမ်းအား ကွန်ရက်နှင့်တကွ ဆက်သွယ်ရေး တာဝါတိုင်များတွင်လည်း လျှပ်စီး(မိုးကြိုး)ဒဏ်မှ ကာကွယ်ရန် မိုးကြိုးလွှဲတိုင် တပ်ဆင်ထားရသည်။ အကယ်၍ မိုးကြိုးလွှဲ၏ ကာကွယ်မှုချို့ယွင်းနေလျှင် စွမ်းအားကွန်ရက်အား ပစ်ခတ်လိုက်သော လျှပ်စီး (မိုးကြိုး) သည် စွမ်းအားပို့လွှတ်လိုင်းများထဲသို့ ဗို့အားပမာဏသိန်းချီ သက်ရောက်စေမည်ဖြစ်သဖြင့် လိုင်းကြိုးအပါအဝင် ထရန်စဖော်မာနှင့် အခြားလျှပ်စစ် ကိရိယာများအား ထိခိုက်ပျက်စီးစေမည်ဖြစ်သည်။

စာရေးသူတို့ ကမ္ဘာလောကကြီးသည် မြင်မြင်သမျှ ဥပမာအလင်္ကာပုံရိပ်များဖြင့် ပြည့်ပြွမ်းနေသည့် ကမ္ဘာကြီးဖြစ်နေရကား အံ့ဩမည်ဆိုလည်း အံ့ဩစရာတစ်ပုံတစ်ပင်။ ယခုလည်း လျှပ်စစ်နည်းပညာရှုထောင့်မှ မဟုတ်ဘဲ လူမှုရေးနှင့် လူလူချင်းဆက်ဆံရေး အမှုကိစ္စ၊ အင်အားကြီးသူ အနိုင်ယူစတမ်း အမှုကိစ္စ စသဖြင့် လောကီရေးရှုထောင့်မှ ကြည့်လျှင်လည်း ကောင်းကင်မှ ပစ်ခတ်လိုက်သောမိုးကြိုးလို လူတန်းစားမျိုး၊ မိုးကြိုးလွှဲလို လူတန်းစားမျိုးနှင့် မြေသားလို အောက်ခြေလူအများစု စသည်တို့ကို မြင်တွေ့ရမည်ဖြစ်သည်။

များမကြာသေးမီကပင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ပြုလုပ်သော “မြန်မာ့စီးပွားရေး အကူးအပြောင်းကာလ၏ ပြဿနာအခက်အခဲများ” တွေ့ဆုံဆွေးနွေးပွဲ၌ စီးပွားရေး ပညာရှင်များ ထည့်သွင်းပြောကြားသွားသည့် အချက်တစ်ချက်တွင် ဆင်းရဲမွဲတေမှု လျှော့ချရေးအား အထောက်အကူမပြုသည့် လက်ဝေခံစီးပွားရေးစနစ် (Cronyism) ကို လျှော့ချရန် လိုအပ်နေပြီဖြစ်ကြောင်း ဆွေးနွေးသွားခဲ့သည်။ တိုင်းပြည်၏ ရာခိုင်နှုန်း ၇ဝ တို့က မှီခိုနေရသည့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍသည် မှန်းဆသလောက် တိုးတက်လာခြင်းမရှိ။ တိုးတက်နေသည်ဆိုသော အပိုင်းမှာ သဘာဝသယံဇာတ အပေါ်တွင်သာ မှီခိုနေခြင်းဖြစ်သည်။ ဤနိုင်ငံ၏ ဆင်းရဲချမ်းသာကွာဟမှုမှာ အရင်းရှင်စနစ်ကြောင့်ဟု ပြောခြင်းထက် ခရိုနီစီးပွားရေးစနစ် ထွန်းကားခြင်းသည် အဓိကအကြောင်းရင်းဖြစ်သည် ဟုပြောခြင်းက ပိုမှန်မည်ဆိုသည်။ (Weekly Eleven - ၈-၁၂-၂ဝ၁၄ နေ့ထုတ်)။

ခရိုနီစီးပွားရေးစနစ် ဖြစ်ထွန်းပေါက်ဖွားလာမှုကြောင့် လက်လုပ်လက်စား ပြည်သူအများစု ဆင်းရဲမွဲတေမှု ဖြစ်လာရခြင်း ဖြစ်သည်ဆိုသော အချက်ကိုမည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။ ဤလောကီလူ့ဘောင်တွင် အာဏာရှင်ဖြစ်စေ၊ ဥပဒေခုံးကျော်တံတားပေါ်က အုပ်စိုးသူဖြစ်စေ ၎င်းတို့၏ ဥပဒေမဲ့ ပြုမူလုပ်ဆောင်ချက်မှာ လျှပ်စီး (မိုးကြိုး) ပစ်ခတ်ခြင်းနှင့် ပုံစံတူလှသည်။ မည်မျှတူသနည်းဆိုသော် ပစ်ခတ်လိုသောအချိန်၊ မမှန်းဆနိုင်သော အချိန်တွင် ပစ်ခတ်တတ်ခြင်းဖြစ်သည်။ ပြီးတော့ ပစ်ခတ်လိုက်တိုင်းလည်း တိုက်တာထဲ၌ သိမ်းဆည်းသိုလှောင်ထားသော ထိုထိုသူတို့၏ မတရားပိုင်ဆိုင်မှု စည်းစိမ်ဥစ္စာ အကျိုးစီးပွားများ မထိပါးရလေအောင် ခရိုနီတည်းဟူသော မိုးကြိုးလွှဲက မထိခိုက်မပျက်စီးအောင် ကာကွယ်ပေးသည်။ ယင်းသို့ မိုးကြိုးလွှဲက ကာကွယ်ပေးရုံသာမက ကောင်းကင်မှ အချိန်မရွေး စီးဆင်းလာသည့်လျှပ်စီး (မိုးကြိုး) ကို မြေကြီးထဲသို့ လွှဲပို့လိုက်သေးသည်။ တစ်ခေတ်တစ်ချိန်အခါက မြေဆီများဖြင့် ပေါကြွယ်ပြည့်ဝခဲ့သော မြေကြီးပြည်သူတို့မှာ မတန်တဆလာသမျှ ပူပြင်းသည့် လျှပ်စီးကို ကြိမ်ဖန်များစွာ လက်ခံခဲ့ရခြင်းကြောင့် ဒဏ်ရာဒဏ်ချက်များနှင့် မြေကြီးတွေနှင့်အတူ ခန်းခြောက်သွားပေပြီ။

လျှပ်စီး(မိုးကြိုး)ဖြစ်ပေါ်လာရခြင်း မူလဇာစ်မြစ်မှာ သုံးမျိုးသုံးစားရှိသည်ဆိုသည်။ ပထမတစ်မျိုးမှာ လျှပ်စစ်ဓာတ် ခိုအောင်းနေသော မိုးတိမ်တိုက်ကြီး တစ်ခုတည်းအတွင်း လျှပ်စစ်မုန်တိုင်းတစ်ရပ် ဖြစ်ပေါ်ကာ ယင်းတိမ်တိုက် အတွင်း၌ပင် လျှပ်စီးရုတ်တရက်စီးပြီး မိုးကြိုးပစ်ခြင်းမျိုးဖြစ်သည်။ (IC – Intra-cloud)။ ထိုမိုးကြိုးမျိုးမှာ မြေကြီးဆီသို့ ဦးတည်ခြင်းမရှိသော မိုးကြိုးမျိုး ဖြစ်သည်။

ဒုတိယတစ်မျိုးမှာ မိုးတိမ်တစ်ခုနှင့် နောက်မိုးတိမ် တစ်ခုအချင်းချင်း ပြိုကွဲကာ လျှပ်စစ်ဓာတ်လွှတ်ပြီး တိမ်နှစ်ခုတိုက်ပွဲဆင် အင်အားပြခြင်းမျိုးဖြစ်သည်။ (CC – Cloud -to-cloud)။ ဤအမျိုးအစားတွင်လည်း မိုးကြိုး၏ ပစ်ခတ်မှုဒဏ်ကို မြေကြီးက မခံရပေ။

တတိယအမျိုးအစားမှာ CG – Cloud-to-ground ခေါ် မိုးတိမ်မှ မြေကြီးဆီသို့ ဦးတည်ပြီး မိုးကြိုးပစ်ခတ်မှုမျိုးဖြစ်သည်။

လူ့လောကဖြစ်စဉ်များသည် သဘာဝလောက၏ ဖြစ်စဉ်တို့မှ တိုက်ရိုက်ပုံနှိပ် ကူးယူထားသည့်အလား တစ်ထပ်တည်း ကျနေသည်ကို အံ့ဩဖွယ်တွေ့ရပြန်သည်။ လူမှုရေးတွင်ကြည့်မည်လား၊ စီးပွားရေးလောကတွင် ကြည့်မည်လား၊ နိုင်ငံရေးအရှုပ်လောကကိုပဲ ကြည့်မည်လား၊ ယင်းလျှပ်စစ်တိမ်တိုက်များ၏ ဖြစ်စဉ်အတိုင်း စဉ်ဆက်မပြတ် ဖြစ်ပျက်နေကြသည်။ တိမ်တိုက်တစ်ခုတည်း၌ပင်လျှင် လျှပ်စစ်ဓာတ်များ ပြိုကွဲတိုက်ပွဲဆင်ကြသည်။ တိမ်တိုက်တစ်ခုနှင့် အခြားတစ်ခု အကြား၌လည်း လျှပ်စီးအလုအယက် အပြန်အလှန် ပစ်ခတ်ကြသည်။ တိမ်တိုက်အချင်းချင်း တိုက်ပွဲမဆင်သောအခါ မြေသားကို ပစ်မှတ်တရားခံအဖြစ် ထားကြပြန်သည်။

မည်သို့ပင်ဖြစ်စေ၊ ကာလကုန်လွန် ကြာညောင်းပြီးသော် မိုးကြိုးလွှဲရှိ မြေစိုက်ကြိုးများ ကြေးညှော်တက်၍ မြေကြီးနှင့် မထိဘဲ လွတ်သွားပြီဆိုလျှင် လျှပ်စီး (မိုးကြိုး) တစ်ချက်ပစ်လိုက်သည်နှင့် သိမ်းဆည်းသိုလှောင်ထားသည့် ပစ္စည်းဥစ္စာ စည်းစိမ်မှန်သမျှ အကာအကွယ်မဲ့ ထိခိုက်ပျက်စီး လောင်ကျွမ်းသွားမည်သာ ဖြစ်တော့သည်။

Credit -  Eleven Media Group

No comments:

Post a Comment