မန္တလေး၊ ဒီဇင်ဘာ ၂၄
နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းရင်းသား၊ ပါတီ၊ လက်နက်ကိုင်တပ်ဖွဲ့ အားလုံး ပါဝင်မည့် ၁၅ ပွင့် သို့မဟုတ် ၁၈ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးအတွက် ပါတီ ၁၄ ခုက တောင်းဆိုသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး NDF ပါတီ အတွင်းရေးမှူး ဦးမြင့်ဦးက ပြောကြားသည်။
“လေးပွင့်ဆိုင်မှာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း ပါတယ်။ သူမကို ပါတီအားလုံးက ကိုယ်စားလှယ်အဖြစ် လွှဲထားတာ မဟုတ်ဘူး။ ခြောက်ပွင့်ဆိုင်မှာကျတော့ ရခိုင်တိုင်းရင်းသား တစ်မျိုးပဲပါတယ်။ ၁၂ ပွင့်ဆိုင်မှာကျတော့ လက်နက်ကိုင်အားလုံး မပါဘူး။ ဒါကြောင့် အားလုံးပါဝင်နိုင်မယ့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်အောင် စုပေါင်းဆွေးနွေး တောင်းဆိုရတာ” ဟု ဦးမြင့်ဦးက ဆိုသည်။
လက်ရှိ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်သော လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ ၁၂ ပွင့်ဆိုင်တို့သည် မြန်မာတစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော နိုင်ငံရေးပါတီများကို ကိုယ်စားမပြုခြင်း၊ တိုင်းရင်းသား မျိုးနွယ်စုဝင် အားလုံး မပါဝင်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အားလုံး မပါဝင်ခြင်းတို့ကြောင့် နိုင်ငံရေးပါတီ ၁၄ ခုက စုပေါင်းကန့်ကွက်မည် ဖြစ်ပြီး လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ ပါတီများ၊ တိုင်းရင်းသားမျိုးနွယ်စု အားလုံးနှင့် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး ပါဝင်သည့် ၁၅ ပွင့် သို့မဟုတ် ၁၈ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်ရေးအတွက် နိုင်ငံတော်သမ္မတနှင့် လွှတ်တော်သုံးရပ်သို့ တောင်းဆိုသွားမည် ဖြစ်ကြောင်း ဦးမြင့်ဦးက ထပ်လောင်းပြောကြားသည်။
“အပွင့်နည်းခြင်း များခြင်းဟာ အဓိကမကျပါဘူး အားလုံး စုပေါင်းပါဝင်နိုင်လေ ဒီမိုကရေစီဆန်လေပေါ့။ ငါ့ပါတီ၊ ငါ့အဖွဲ့ နိုင်ငံရေး စကားဝိုင်းထဲကိုပါရေး ဆိုတဲ့ စိတ်မျိုးမထားဘဲ ငြိမ်းချမ်းရေးကို ဦးတည်စဉ်းစားရင် အပွင့်နည်းနည်းများများ ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ကို ရမှာပါ” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦး ဖြစ်သူ ဦးမျိုးခင် (မုန်းခတ်) က ဆိုသည်။
အဆိုပါ ၁၅ ပွင့် သို့မဟုတ် ၁၈ ပွင့်ဆိုင် တွေ့ဆုံရေးအတွက် တောင်းဆိုဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ အောင်မြေသာစံမြို့နယ် လမ်း ၈၈ လမ်း ၁၈ လမ်းထောင့်ရှိ ရာသက်ပန် ခန်းမတွင် မန္တလေးအခြေစိုက် နိုင်ငံရေး ကိုးပါတီမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသားပါတီများ ဖြစ်သော ဓနုအမျိုးသား ဒီမိုကရေစီပါတီ၊ ပအိုဝ့်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပြီး ကြေညာချက်တစ်ရပ် ထုတ်ပြန်တောင်းဆိုမည် ဖြစ်ကြောင်း ဦးမြင့်ဦးက ထပ်လောင်းပြောကြားသည်။
Credit - The Voice
No comments:
Post a Comment