Friday, December 26, 2014

ယခင်ပန်းခြံနေရာ ကြံ့ခိုင်ရေးပါတီပိုင်မြေဖြစ်သည့်အတွက် ဆောက်လုပ် ခွင့် ပေးခြင်းဖြစ်ဟု မြို့တော်ဝန် ဦးလှမြင့်ပြော

 ရန်ကုန်၊ ဒီဇင်ဘာ၂၅

ရန်ကုန်မြို့၊ တောင်ဥက္ကလာပ မြို့နယ် (၉)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့် ရှိ မြေကွက်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပိုင်မြေ ဖြစ်သည့်အတွက် အဆောက်အအုံ ဆောက် လုပ်ခွင့်ကို တရားဥပဒေနှင့်အညီ ချထားပေးခြင်းသာဖြစ်ကြောင်း မြို့တော်ဝန် ဦးလှမြင့်က ဒီဇင်ဘာလ ၂၄ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ ပြောကြားလိုက်သည်။

အဆိုပါ မြေကွက်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ ပါတီသို့ ပိုင်ဆိုင်မှု လွှဲပြောင်း ပေးအပ် သည့်အခါ ပါတီပိုင်မြေ ဖြစ်သွားကြောင်း၊ လက်ရှိတွင် ရပ်ကွက်နေ ပြည်သူများ ပြောဆိုသကဲ့သို့ ပန်းခြံ မဟုတ်ကြောင်းလည်း ယခုကဲ့သို့ ပြောသည်။

““တောင်ဥက္ကလာ မြေကိစ္စက ပြည်ခိုင်ဖြိုးပါတီပိုင် ဖြစ်ပါတယ်။ လက်ရှိမှာ ဒီလို အငြင်းပွားမှုတွေ ဖြစ်တဲ့ အခါ မြေရာဇ၀င်တွေ ပြန်စစ်တဲ့အခါ ပန်းခြံမဟုတ်ပါဘူး။ မြေပိုင်မြေဖြစ်တဲ့အတွက် သူတို့ အဆောက် အအုံ ဆောက်လုပ်ခွင့် တင်တဲ့အခါ ချပေးရပါတယ်။ မည်သည့်ပါတီမဆို သူတို့မြေပိုင်မြေ ဖြစ်မယ် ဆိုရင် ဆောက်လုပ်ခွင့် တင်ရင်ချပေးရမှာ ဖြစ်ပါတယ်။ တရားဥပဒေနဲ့အညီ ပိုင်ဆိုင်တာ ဖြစ်တဲ့အတွက် ချပေးတာ ဖြစ်ပါတယ်။ အသင်းကနေ ပါတီပိုင်ဆိုင်မှု လွှဲပြောင်းပေးတဲ့အခါ ပါတီပိုင် ဖြစ်သွားတာပေါ့။ လက်ရှိ အငြင်းပွားမှု ဖြစ်နေတဲ့ ကိစ္စကတော့ နှစ်ဦးနှစ်ဖက် ဥပဒေကြောင်းအရပဲ ရှင်းရမှာလို့ပဲ ထင်ပါတယ်””ဟု မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။

အဆိုပါ မြေနေရာကို အားကစားကွင်း ပန်းခြံအဖြစ် ၁၉၅၈ ခုနှစ်ကတည်းက အများပြည်သူ အသုံးပြုနိုင်ရန် အတွက် ပြုလုပ်ထားခြင်းဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်တွင် ကြံ့ခိုင်ရေးအသင်းက အသင်းပိုင်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

““ပန်းခြံကို နိုင်ငံရေးပါတီကြီး တစ်ခုကသူ့ပိုင်ပစ္စည်းအဖြစ် အသုံးချပြီး လက်ညှိုးထိုး ရောင်းချတာကို ဆန့်ကျင်ဖို့ အတွက် ဒီနေရာကို ရောက်နေတာပါ။ ပန်းခြံဆိုတာ အများပိုင်မြေ။ အများပိုင်မြေကို အလွဲသုံးစားလုပ်တာ။ အရင်စစ်အစိုးရတောင်မှ ကစားကွင်းအဖြစ် ထားခဲ့ပါလျက်နဲ့ အခု ဒီမိုကရေစီ အစိုးရက ဒီလိုလုပ်တာ ဘယ်လိုမှ လက်မခံနိုင်ဘူး””ဟုပန်းခြံမြေနေရာ ပြန် လည် ရရှိရေး အတွက် ဒီဇင်ဘာလ ၂၁ ရက်နေ့ ဆန္ဒဖော်ထုတ်ခဲ့သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောသည်။

အဆိုပါ ပန်းခြံမြေနေရာပေါ်တွင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရန် ပြင်ဆင်နေမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ၂၀၁၃ ဇန်န၀ါရီလတွင် အမျိုးသားလွှတ်တော်၌ မေးမြန်းခဲ့သေးသည်။

ယင်းသို့မေးမြန်းပြီး ၃ လအကြာ ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ၎င်းမြေနေရာတွင် အထပ်မြင့် အဆောက်အအုံ ဆောင်ရွက်နေခြင်းသည် ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းပေးထားခြင်း မဟုတ်ဘဲ ကြံ့ခိုင်ရေး ပါတီ၏ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟိုအလုပ်အမှုဆောင် တစ်ဦးမှ ပါတီ၏ တောင်ဥက္ကလာပမြို့နယ် ရုံး ဆောက်လုပ်နိုင်ရေး အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းမြေကွက်အတွက် ဂရန်ချထားပေးခြင်းသည် ပုဂ္ဂလိက တစ်ဦး တစ်ယောက်ပိုင် အနေဖြင့် ပေးအပ်ထားသော ဂရန် မဟုတ်ဘဲ ကြံ့ခိုင်ရေး အသင်းဌာနချုပ် အမည်ပေါက် ထုတ်ပေးထားသော နှစ် ၆၀ မြေငှားစာချုပ် ဂရန်ဖြစ်ကြောင်း မြို့တော်ဝန် ဦးလှမြင့်က ပြန်လည် ဖြေကြားခဲ့ပြီး ကြံ့ခိုင်ရေးအသင်းမှ ပါတီသို့ ကူးပြောင်းပြီး သုံးလအကြာတွင် ပါတီ၏ ပိုင်ဆိုင်မှုအောက်သို့ ရောက်ရှိခဲ့သည်။ အသင်းများသည် အသင်းလုပ်ငန်းများအတွက်သာ မြေနေရာကို အသုံးချရန်ဖြစ်ပြီး အသင်း လုပ်ငန်းများ လုပ်ကိုင်ရန် မလိုအပ်ပါက မူလပိုင်ရှင် နိုင်ငံတော်သို့သာ ပြန်လည် အပ်နှံရမည်ဟု ပြဋ္ဌာန်း ထား သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှု မရှိကြောင်းကိုလည်း ““ပါတီပိုင် ပစ္စည်းဆိုတာ အရင်က အသင်းပိုင်ပစ္စည်းကို ပါတီပိုင်ပစ္စည်း လုပ်လို့ရ၊ မရကလည်း အစိုးရအဖွဲ့က တာဝန် ယူရမှာပေါ့။ သူပြောတဲ့ ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိက အသင်းပိုင်ပဲ ရှိသေးတာ။ ၃ လအတွင်း ပါတီပိုင် လုပ်လိုက်တာ။ ဂရန်အမည်ပြောင်းရင် ကြေညာချက် ထည့်ရမှာပေါ့။ ထည့်မယ်ဆိုရင် ကန့်ကွက်တဲ့ သူက ပေါ်မှာပဲ။ ထည့်တယ်ဆိုပြီး မြို့တော်ဝန်က သူ့ရုံးခန်းအ၀မှာ ကပ်ထားတယ် ဆိုရင်တော့ မသိဘူးပေါ့””ဟု ဦးဖုန်းမြင့်အောင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

တောင်ဥက္ကလာပမြို့နယ်၊ ၉ ရပ်ကွက်ရှိ ပေ ၁၀၀ ကျော် ကျယ်ဝန်းသော ၎င်းမြေနေရာကို အများပိုင် အားကစားကွင်းအဖြစ် ရပ်ကွက်နေ ပြည်သူများက သတ်မှတ် အသုံးပြုလျက်ရှိရာ ယင်းကဲ့သို့ အဆောက် အအုံ ဆောက်လုပ်ခွင့် ပြုခဲ့သည့်အတွက် ရပ်ကွက်နေပြည်သူ၂၀၀ ခန့်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးတို့က ဒီဇင်ဘာ ၂၁ ရက်တွင် ဆန္ဒပြ ဟောပြောမှုများ ပြုလုပ် ခဲ့ရာ တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှူးက ဦးကိုကိုကြီး အပါအ၀င် ဟောပြောသူ ၅ ဦးကို ပုဒ်မ ၁၉ ဖြင့် တရားစွဲဆို ခဲ့သည်။

  သဉ္ဇာဆွေ
  မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment