![]() |
ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) |
လက်ရှိ အစိုးရလက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများအပြား ၀င်ရောက်လာခဲ့ရာ မြန်မာများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုများလာသော်လည်း ပြည်တွင်းဝန်ထမ်းများ၏လစာမှာ နိုင်ငံခြားသားများထက် အဆများစွာ လျော့နည်းရလေ့ရှိသည်။ အလုပ်တာဝန်တန်းတူလုပ်ရလျှင်ပင် နိုင်ငံခြားသားဝန်ထမ်းများထက် ပြည်တွင်းဝန်ထမ်းများ လစာနည်းနေခြင်းအပေါ် မကျေနပ်သော ၀န်ထမ်းများလည်း ရှိလာသည်။
‘‘သူများနိုင်ငံမှာ သွားလုပ်တုန်းကလည်း နိုင်ငံခြားသားဖြစ်နေလို့ဆိုပြီး လစာအနှိမ်ခံရတယ်။ ကိုယ့်နိုင်ငံမှာ အလုပ်ရတော့လည်း မင်းတို့နိုင်ငံမှာ ဒါ့အတွက် ဥပဒေမရှိသေးလို့ နိုင်ငံခြားသားတွေနဲ့ တန်းတူမပေးနိုင်ဘူး ပြောတယ်။ တကယ်တော့ မြန်မာလူမျိုးအလုပ်သမားတွေ အဘက်ဘက်က အနှိမ်ခံနေတယ်’’ဟု ထိုင်းနိုင်ငံကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည့် အင်ဂျင်နီယာကိုဇေယျာကပြောသည်။ မြန်မာနိုင်ငံမှ အလုပ်သမားများသည် နိုင်ငံတကာအဆင့်မီကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရာ၌ ပြည်တွင်းကုမ္ပဏီထက် လစာပိုရသော်လည်း နိုင်ငံခြားသားဝန်ထမ်းများနှင့် နှိုင်းယှဉ်လျှင် လစာနည်းပါးသည်ဟု နိုင်ငံခြားကုမ္ပဏီများတွင် လုပ်ကိုင်နေသော ၀န်ထမ်းအချို့ကပြောသည်။
မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံတကာကုမ္ပဏီများသည် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် တိကျခိုင်မာသည့် သတ်မှတ်ချက်များရှိသဖြင့် ဂုဏ်သိက္ခာရှိသော ကုမ္ပဏီများသည် ယင်းကဲ့သို့ လုပ်လေ့မရှိသော်လည်း အချို့ကုမ္ပဏီများသည် ပြည်တွင်းဝန်ထမ်းများကို နိုင်ငံခြားသားများလောက် လစာမပေးကြောင်း စင်ကာပူနိုင်ငံမှ စီးပွားရေးအကြံပေး မစ္စလီလီကပြောသည်။
‘‘အလုပ်လျှောက်ရင် လူငယ်တွေအများစုက အလုပ်တစ်ခုရရင်ပြီးရော။ ဘယ်သူမှ လစာ၊ ခံစားခွင့်နဲ့ ပတ်သက်ပြီး တောင်းဆိုတာမရှိဘူး။ နောက်လုပ်တာကြာတော့မှ သူများလစာများတယ်။ ကိုယ်ကလစာနည်းတယ်။ ဒီလိုမြင်လာကြတယ်။ ဒါက လူငယ်တွေကြားမှာ အဓိကပြဿနာဖြစ်နေတယ်’’ဟု ကုမ္ပဏီလုပ်သက် နှစ် ၃၀ ကျော်ရှိသည့် HR (လူသားအရင်းအမြစ်) မန်နေဂျာဦးလှမြင့်ကပြောသည်။
နိုင်ငံခြားသားများနှင့် မြန်မာလုပ်သားများ တန်းတူလစာမရရှိခြင်းမှာ အကြောင်းပြချက်ငါးခုရှိကြောင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကျွမ်းကျင်သူ ဒေါက်တာအေးကျော်ကပြောသည်။ ယင်းမှာ ပညာရေး၊ လုပ်သက်၊ တာဝန်ယူရသည့် လုပ်ငန်းပမာဏ၊ နိုင်ငံပြင်ပတွင် ထမ်းဆောင်ရသော နစ်နာချက်များနှင့် အင်တာဗျူးစဉ် နည်းစနစ်မမှန်ခြင်းတို့ကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပညာရေးနိမ့်ကျမှုသည် နိုင်ငံခြားတိုင်းပြည်များနှင့်ယှဉ်ပြီး လစာမရနိုင်ခြင်း၏ အဓိကအချက်ဖြစ်သည်။
လုပ်သက်ငါးနှစ်ရှိ မြန်မာဝန်ထမ်းသည် ပြည်တွင်းစနစ်အတိုင်း လုပ်ဆောင်နေသောကြောင့် ပြည်တွင်းအတွေ့အကြုံသာရှိပြီး နိုင်ငံခြားသားများသည် နိုင်ငံတကာအတွေ့အကြုံရှိနေသည်။ ယင်းမှာလည်း ကွာခြားချက်ဖြစ်သည်။ တာဝန်ယူရသည့် ပမာဏဆိုသည်မှာ ရာထူးတူညီသော်လည်း လုပ်ပိုင်ခွင့်အဆင့် မတူညီခြင်းတို့ကြောင့် လစာအဆင့်အတန်းခြားစေသည်။ နိုင်ငံခြားသားသည် ပြင်ပနိုင်ငံတွင် လုပ်ကိုင်ရသောကြောင့် နစ်နာကြေးပိုမိုရရှိနိုင်သကဲ့သို့ အင်တာဗျူးစဉ်နည်းစနစ် လိုအပ်ခြင်းကြောင့် လစာကွာခြားမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဒေါက်တာအေးကျော်ကရှင်းပြသည်။
‘‘အင်တာဗျူးမှာ မျှော်မှန်းလစာ ဘယ်လောက်လဲမေးရင် လူငယ်တွေက ကိန်းဂဏန်းစပြောတယ်။ တကယ်ကျွမ်းကျင်တဲ့လူကမှ ခင်ဗျားတို့မှာ နိုင်ငံတကာစံနှုန်းနဲ့ သတ်မှတ်ထားတဲ့ လစာပေးနှုန်းရှိမှာပါ။ ဒီအတိုင်းပေးပါလို့ပြောတယ်’’ဟု ဒေါက်တာအေးကျော်ကပြောသည်။ ယင်းကဲ့သို့ပြောခြင်းသည် ‘‘မနှိမ်ပါနဲ့’’ ပြောခြင်းဖြစ်ပြီး ကိန်းဂဏန်းတန်းပြောပါက ကုမ္ပဏီက သတ်မှတ်နှုန်းထားထက် လျှော့ပြောပြီး တန်းခန့်လျှင် လစာနည်းမှာဖြစ်ကြောင်း ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် တက္ကသိုလ်ပေါင်း ၁၆၉ ခုရှိပြီး ယင်းတက္ကသိုလ်များ၌ ဘွဲ့ရပြီးလျှင် အလုပ်လျှောက်ရန်အတွက် အင်တာဗျူးဖြေနည်းသင်သည့် တက္ကသိုလ်မရှိပေ။ ယင်းပြဿနာများသည် အနည်းဆုံးအခကြေးငွေ သတ်မှတ်ချက် ထွက်လာပါက ပြေလည်နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ မတ်လတွင် ပြဋ္ဌာန်းခဲ့သော ‘‘အနည်းဆုံးအခကြေးငွေဥပဒေ’’တွင် အလုပ်သမားများကို အနည်းဆုံး လုပ်ခလစာသတ်မှတ်ပေးရမည်ဟု ပါရှိသည်။ ယင်းဥပဒေတွင် အလုပ်သမားနှင့် မိသားစုလိုအပ်ချက်များ၊ လူမှုဖူလုံရေးခံစားခွင့်၊ ပြောင်းလဲလာသော စားဝတ်နေရေးနှင့် ကုန်ကျစရိတ်ကာမိစေရန် လိုက်လျောညီထွေမှုရှိမည့် လူနေမှုဘ၀အဆင့်အတန်း GDP အရ ၀င်ငွေနှင့် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်နိုင်မှု၊ လုပ်ငန်းသဘောသဘာဝကို အခြေခံယူကာ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပေးရန် ပြဋ္ဌာန်းထားခဲ့သည်။ သို့သော် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်မှုကို အစိုးရက ၂၀၁၆ မှသာ လုပ်ဆောင်နိုင်မည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုဝန်ကြီးဒေါ်ဝင်းမော်ထွန်းက ၂၀၁၄ နှစ်လယ်တွင် မီဒီယာများအားပြောသည်။
‘‘အလုပ်ရှင်နှင့် အလုပ်သမားကြား ပြဿနာဖြစ်နေခြင်းမှာ အနည်းဆုံးလုပ်ခလစာနှုန်းထား မသတ်မှတ်နိုင်ခြင်းကြောင့် ဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ‘‘အလုပ်သမားဝန်ကြီးဌာနကိုလည်း လုပ်နေပါတယ်ပြောရုံနဲ့ ကျွန်တော်တို့ဘက်က မကျေနပ်နိုင်ဘူး။ အလုပ်သမားတွေဘက်ကလည်း မကျေနပ်နိုင်ဘူး’’ဟု ပြောကြားခဲ့ပြီး ယခုလွှတ်တော်သက်တမ်းအတွင်း လုပ်ဆောင်ရန် တွန်းအားပေးခဲ့သည်။
‘‘အနိမ့်ဆုံးလစာသတ်မှတ်ဖို့ ကြာဦးမယ်။ ဒီလိုမသတ်မှတ်ခင်မှာ အလုပ်သမားတွေအတွက် ကာကွယ်ပေးနိုင်တဲ့ ညွှန်ကြားချက်တစ်ခုလောက်တော့ အစိုးရက ထုတ်ပေးသင့်တယ်’’ဟု ကိုဇေယျာကပြောသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ယခင်က ရင်းနှီးမြှုပ်နှံမှုမရှိသည့် လူဇင်ဘတ်၊ ဆွီဒင်၊ ယူအေအီး စသည့်နိုင်ငံများ ပါဝင်ရောက်လာခဲ့ပြီး အချို့နိုင်ငံများသည် တာဝန်ယူမှု တာဝန်ခံမှုရှိသော်လည်း အချို့နိုင်ငံမှ ကုမ္ပဏီများသည် တာဝန်ယူမှုကင်းခဲ့သည်။
အဆင့်အတန်းရှိ နိုင်ငံတကာကုမ္ပဏီများသည် အိမ်ရှင်နိုင်ငံဝန်ထမ်းများကိုနှိမ်လျှင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာများကို သိရှိပြီးဖြစ်သည်။ မရှောင်ကြဉ်ပါက ၎င်း၏ဂုဏ်သိက္ခာ ကျဆင်းတတ်သည်။ ကုမ္ပဏီတစ်ခု ဂုဏ်သိက္ခာကျဆင်းပါက စတော့အိတ်ချိန်းများ ဈေးကျသည်အထိ ထိခိုက်နိုင်ကြောင်း ဒေါက်တာအေးကျော်ကပြောသည်။
‘‘နှိမ်ပြီးလစာလျှော့ပေးရင် ဘာတွေဖြစ်မယ်ဆိုတာ မသိသေးလို့ ဒီလိုလုပ်ကြတာပါ။ တကယ်ဂုဏ်သိက္ခာရှိတဲ့ ကုမ္ပဏီတွေက ၀န်ထမ်းအတွက် ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) ရှိပြီးသားပါ။ သူတို့တွေက လစာလျှော့ပေးတယ်ဆိုတာ၊ ပေးသင့်လို့ပေးတာဖြစ်မယ်’’ဟု ဂျာမနီနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသူ မိုက်ဒေါ့လ်ဝဲကပြောသည်။
ရင်းနှီးမြှုပ်နှံမှုကော်မရှင်စာရင်းအရ မြန်မာနိုင်ငံတွင် ၂၀၁၁ ဧပြီ ၁ ရက်မှစ၍ ၂၀၁၅ စက်တင်ဘာအထိ လာရောက်ရင်းနှီးမြှုပ်နှံသော လုပ်ငန်းပေါင်း ၃၂၉ ခု ရှိခဲ့သည်။ မြန်မာနိုင်ငံသို့ အဓိကလာရောက်ရင်းနှီးမြှုပ်နှံသည့်နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၅,၂၀၀ ခန့် ရင်းနှီးမြှုပ်နှံထားသည်။ ယင်းနောက် တရုတ်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၄,၉၀၀ ခန့်ရှိသည်။ ပြီးလျှင် အမေရိကန်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဟောင်ကောင်၊ အိန္ဒိယနှင့် ကိုရီးယားနိုင်ငံများက အစဉ်လိုက် ရင်းနှီးမြှုပ်နှံထားသည်။

Credit - 7DAY DAILY
No comments:
Post a Comment