Friday, December 26, 2014

ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အပေါ် ပြန်လည်သတိပေးချက်

 မြန်မာသံတော်ဆင့် အတွဲ(၃)၊ အမှတ်(၄၁)၊ စာမျက်နှာ (၁၅) ပါ ““နိုင်ငံပိုင် သတင်းစာများ၏ ဖော်ပြချက် များသည် သတင်း ရေးသားသူမှ စကာ ပြည်ထောင်စုဝန်ကြီးအထိ တာဝန်ရှိ”” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည့် သတင်းတွင် ““ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်များ၏ ကျင့်ဝတ်ဖောက် ဖျက် ရေးသားဖော်ပြချက်ကြောင့် ထိခိုက် နစ်နာမှုများဖြစ်ပေါ်လျှင် စာနယ်ဇင်းကောင်စီသို့ တိုင်ကြားနိုင်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက ကြေညာ ထားသော်လည်း အစိုးရပိုင် သတင်းစာများ ကျင့်ဝတ်ဖောက်ဖျက် ရေးသားမှုများရှိပါက တိုင်ကြားနိုင်ရန် အစိုးရ ဘက်က အသိပေး ကြေညာထားခြင်း မရှိသည့်အပေါ် မီဒီယာအကြား၌ ဝေဖန် မှုများလည်း ဖြစ်ပေါ်လျက် ရှိသည်””ဟု ရေးသားဖော်ပြခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက ဒီဇင်ဘာလ ၂၃ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ““သတင်း ထုတ်ပြန်ချက်”” ခေါင်းစဉ်ဖြင့် ““— ဒီဇင်ဘာ (၂၀ -၂၆) မြန်မာသံတော်ဆင့် အပတ်စဉ် အတွဲ (၃) အမှတ် (၄၁) ပါ ကိုကိုလွင်(၀ိုင်းမော်) ရေးသားသည့် သတင်းသည် သတင်း အချက်အလက်များကို မှန်ကန်မှု ရှိ/မရှိ ဆန်းစစ်ခြင်း မရှိဘဲ ရေးသား ဖော်ပြခဲ့ခြင်းသာ ဖြစ်သည့် အတွက် ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သို့ တင်ပြ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် လိုက်ပါသည်””ဟု ဖော်ပြထား သည်ကို တွေ့ရှိရပါသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည့် ““သတင်း အချက်အလက်များကို မှန်ကန်မှု ရှိ/ မရှိ ဆန်းစစ်ခြင်းမရှိဘဲ ရေးသား ဖော်ပြခဲ့””ဟူသော စွပ်စွဲချက် အပေါ် မြန်မာသံတော်ဆင့်အနေနှင့် ပြင်းပြင်းထန်ထန် ကန့်ကွက် ပါသည်။

မြန်မာသံတော်ဆင့်၏ အဆိုပါ ရေးသားဖော်ပြချက်မှာ အစိုးရပိုင် သတင်းစာများ၏ ကျင့်ဝတ်ဖောက်ဖျက်မှုကို စာနယ်ဇင်း ကောင်စီထံသို့ တိုင်ကြားနိုင်သည်ဟူ၍ အသိပေး ကြေညာထားခြင်း မရှိသည့် အပေါ် ဝေဖန် နေကြကြောင်းကို ဆိုလိုခြင်း ဖြစ်သည်။

နိုင်ငံပိုင် သတင်းစာများ၏ စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီသော ရေးသားဖော်ပြချက်များ တွေ့ရှိပါက စာတည်းမှူးချုပ်များ၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ သတင်းဌာနနှင့် အထွေထွေ မန်နေဂျာတို့ကို ဆက်သွယ် နိုင်ကြောင်းသာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေနှင့် ထုတ်ပြန်ကြေညာ ခဲ့ပြီး စာနယ်ဇင်းကောင်စီထံ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိပါ။

ထို့အပြင် ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် မြန်မာသံတော်ဆင့် သတင်းအဖွဲ့မှ ကိုကိုလွင်နှင့် ၀ိုင်းမော် နှစ်ဦး ရေးသားထားသည့် အဆိုပါသတင်းအား ““ကိုကိုလွင် (၀ိုင်းမော်)”” ရေးသားသည့် သတင်းဟူ၍ ကိုကိုလွင်နှင့် ၀ိုင်းမော်ကို တစ်ဦးတည်း ဖြစ်သယောင် ဖော်ပြထား သည်ကိုလည်း တွေ့ရှိရပါသည်။ သတင်း ရေးသားသူ နှစ်ယောက်ဖြစ်ကြောင်း သာမန်လူပြိန်း တစ်ဦးပင် နားလည်နိုင်သည်ကို ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်သူ အနေဖြင့် နားလည်ခြင်း မရှိဘဲ သတင်းရေးသားသူ နှစ်ဦး ကို တစ်ဦးတည်းပုံစံ မှားယွင်း ဖော်ပြခဲ့ခြင်းကြောင့် နိုင်ငံပိုင်သတင်းစာများ၏ သတင်းအချက်အလက် မှန်ကန်မှု ရှိ၊ မရှိအပေါ် သံသယဖြစ်စရာ ရှိပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ မမှန်မကန် စွပ်စွဲ ရေးသားထားသော အဆိုပါ သတင်းထုတ်ပြန် ကြေညာချက် ကို ဖော်ပြခဲ့သည့်နေ့သည် မြန်မာ သံတော်ဆင့်နှင့် အစိုးရကြား ဖြစ်ပွားနေသော အမှုအတွက် တရားလိုပြ သက်သေ ဖြစ်သော ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်/ဆက်ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့် (သတင်းဂျာနယ်များနှင့် သက်ဆိုင်သော မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ အထက်အရာရှိ)အား ကြားနာ စစ်ဆေးသည့်နေ့နှင့် တိုက်ဆိုင် နေခြင်း မှာလည်း အကြောင်းမဲ့ မဟုတ်ဟု ယူဆဖွယ်ရာ ဖြစ်နေသည်။

သို့ဖြစ်ပါ၍ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၏ မြန်မာ သံတော်ဆင့်အပေါ် စွပ်စွဲ ရေးသားထားသော သတင်းထုတ်ပြန်ချက်အား ရုပ်သိမ်းပေးရန်၊ နောက်နောင် အများပြည်သူတို့၏ စစ်မှန်သော အားပေးမှုများဖြင့် ရပ်တည်လျက်ရှိသည့် မြန်မာသံတော်ဆင့်၏ ဂုဏ်သိက္ခာကို ထိခိုက်ပုတ်ခတ်သော ထုတ်ပြန် မှုများ မပြုလုပ်ရန် သတိပေးခြင်းနှင့်အတူ ဆက်လက် လုပ်ဆောင်မည်ဆိုပါက မြန်မာသံတော်ဆင့်မှ မှန်ကန် သည့် နည်းလမ်းများအတိုင်း မထောက်မညှာ တုံ့ပြန်ဆောင်ရွက်တော့ မည် ဖြစ်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။

  မြန်မာသံတော်ဆင့်သတင်းဌာန၊
  စီမံခန့်ခွဲရေးအဖွဲ့
  ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆

  မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment