Tuesday, December 23, 2014

တပ်မတော် သတင်းထုတ်ပြန်ရေး ဘယ်လိုလုပ်သင့်သလဲ

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်က ယာယီမြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီအဖွဲ့ဝင်တွေနဲ့ တပ်မတော် တာဝန်ရှိသူတွေ တွေ့ဆုံပြီး တပ်မတော်နဲ့ သတင်းမီဒီယာတွေအကြား သတင်းစီးဆင်းမှု ချောမွေ့စေရေး အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ပဲ သိပ်မကြာသေးခင် ကာလတုန်းက တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ
ယာယီစာနယ်ဇင်း ကောင်စီ အဖွဲ့ဝင်တချို့ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ လက်ရှိမြန်မာ့တပ်မတော်ရဲ့ သတင်းထုတ်ပြန်နိုင်မှု အခြေအနေ ဘယ်လိုရှိပါသလဲ၊ မြန်မာ မီဒီယာတွေမှာရော တပ်မတော်နဲ့
ပတ်သက်ပြီး ဘယ်လို ရေးသားဖော်ပြနေကြပါသလဲ၊ ဒီမိုကရေစီနိုင်ငံနဲ့ လျော်ညီအောင် သတင်းထုတ်ပြန်ပေးရေး ကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ ဘယ်လို လုပ်ကိုင်ဆောင်ရွက်သင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အရင် စစ်အာဏာရှင်ခေတ်တုန်းကတော့ မြန်မာနိုင်ငံမှာ ဘာသတင်းလွတ်လပ်ခွင့်မှ မရှိခဲ့ပါဘူး။ သတင်း မီဒီယာတွေ အနေနဲ့ကလည်း ဘာမှရေးသားဖော်ပြခွင့်မရှိတဲ့အတွက် တပ်မတော်အနေနဲ့ သတင်း ထုတ်ပြန်ခြင်း မထုတ်ပြန်ခြင်းဟာ ဘာမှအရေးမကြီးပါဘူး။ ပြည်ပမှာ အခြေစိုက်တဲ့ သတင်းမီဒီယာတွေက သူတို့ရရှိတဲ့ သတင်းအချက်အလက်တွေကို ဖော်ပြကြသလို တပ်မတော်အစိုးရကလည်း ပြည်တွင်းမှာ သူ့ဘာ သာသူ စိတ်ကြိုက်ဝါဒဖြန့်တာပဲ လုပ်ခဲ့ပါတယ်။ ဘယ်သူမှဘာမှ စောဒကတက်လို့ မရပါဘူး။

ဒီမိုကရေစီစနစ်ဆီ သွားပါ့မယ်လို့ ကတိပေးပြီး တက်လာတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ်လက်ထက်မှာတော့ သတင်းမီဒီယာ လွတ်လပ်ခွင့်တချို့ ရလာပါတယ်။ သက်တမ်း လေးနှစ်ထဲ ၀င်လာတဲ့ အချိန် ထိ မီဒီယာမှာ အလွန်အရေးကြီးတဲ့ ရေဒီယိုနဲ့ ရုပ်သံ ထုတ်လွှင့်ခွင့် ပုဂ္ဂလိကကို လုံးဝလုပ်ခွင့်မပေးသေးဘဲ အစိုးရက အပြည့်အ၀ ထိန်းချုပ်ထားဆဲ ဖြစ်ပေမယ့် ပုံနှိပ်မီဒီယာ လွတ်လပ်ခွင့်ကတော့ ရာခိုင်နှုန်းပြည့်နီး ပါး ရလာပါတယ်။ ဘယ်လို အကြောင်းအရာကို မဆိုရေးသားထုတ်ဝေ လာနိုင်ပါတယ်။ ဒီလို အခြေအနေ အောက်မှာ သတင်းထုတ်ပြန်ရေးကို ကောင်းကောင်း မလုပ်တတ်၊ မလုပ်ချင်သေးတဲ့ တပ်မတော်၊ အစိုးရ ဌာနဆိုင်ရာတွေနဲ့ စာနယ်ဇင်း အတတ်ပညာလည်း ချို့တဲ့၊ ကျင့်ဝတ်ကိုလည်း ကောင်းကောင်းလိုက်နာဖို့ မသိကြသေးတဲ့ စာနယ်ဇင်း သတင်းမီဒီယာ တချို့အကြား မကြာခဏ ပြဿနာ ဖြစ်ပေါ်လာစေပါတယ်။ အဲဒီ အထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တပ်မတော်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲသတင်း ကိစ္စတွေ၊ တပ်မတော်က ကျူးလွန်ပါတယ်ဆိုပြီး စွပ်စွဲတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စတွေ၊ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကိစ္စတွေလည်း ပါဝင်ပါတယ်။

တိုက်ပွဲဖြစ်လာပြီဆိုရင် ဒီသတင်းကို စာနယ်ဇင်းသတင်းမီဒီယာတွေက ဖော်ပြဖို့ကြိုးစားရပါတယ်။ လက်ရှိ အခြေအနေ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကို တယ်လီဖုန်းဆက်သွယ်ရ လွယ်ကူသလို၊ သတင်းကို လက်ခံဖြေကြားပေးမယ့်သူ အဆင်သင့် ရှိတတ်ပေမယ့် တပ်မတော် ဘက်ကိုတော့ ဆက်သွယ် ရလည်း မလွယ်ကူ၊ သတင်းကို တာဝန်ခံ ဖြေကြားပေးမယ့် သူလည်း မရှိတဲ့အတွက် တစ်ဖက်သတ် သတင်းတွေ၊ အတည်မပြုနိုင်သေးတဲ့ သတင်းတွေကိုပဲ ဖော်ပြနိုင်ကြတာ တွေ့ရပါတယ်။ ဒီလိုနည်းနဲ့ သတင်းမီဒီယာတွေမှာ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ ပဋိပက္ခဆိုင်ရာ သတင်းတွေမှာ တစ်ဖက်စောင်းနင်း အခြေအနေ ဖြစ်ပေါ်လာနေတာ ဒီနေ့ထက်ထိပါပဲ။

တပ်မတော် ထိပ်တန်းအရာရှိကြီးတွေနဲ့ ထိတွေ့ရသမျှ သူတို့ဘက်ကလည်း သတင်းမီဒီယာတွေရဲ့ အားနည်းချက်၊ တချို့ သတင်း မီဒီယာတွေရဲ့ လိုရာဆွဲရေးသား ဖော်ပြမှု၊ ပုံကြီးချဲ့မှု၊ ဘက်လိုက်ရေး သားမှုစတဲ့ ပြဿနာတွေကို စိုးရိမ်မှုရှိတယ် ဆိုတာကိုလည်း သိရပါတယ်။ နောက်တစ်ချက်က သတင်းထုတ်ပြန်တယ် ဆို တာဟာလည်း တာဝန်ယူ၊ တာဝန်ခံရတာဖြစ်လေတော့ တပ်မတော် ဘက်မှာ ဖြစ်စေ၊ အစိုးရ ၀န်ကြီးဌာန မှာဖြစ်စေ၊ ဒီတာဝန်ကို ရဲရဲဝံ့ဝံ့ လုပ်ရဲသူမရှိသလောက် ဖြစ်နေတာကလည်း ပြဿနာတစ်ခု ဖြစ် ပါတယ်။ ပြောတာဆိုတာ မှားသွားရင်၊ မမှားသည့်တိုင် အကျိုးဆက် မကောင်းတာနဲ့ အထက်လူကြီးက ကိုယ့်အပေါ် ပဲ အပြစ်ပုံချခံရနိုင်တာ စတဲ့ပြဿနာတွေကြောင့် ဘယ်သူမှ တာဝန်ယူသူမရှိဘဲ သတင်းအမှောင်ချသလို ဖြစ် နေရတာပါ။

ဒီအတွက် တပ်မတော်ဘက်ကစဉ်းစား ရမှာက ခုလိုပဲ သတင်းမထုတ်ပြန်တဲ့နည်းကို ကျင့်သုံးဦးမလား၊ ဒါမှမဟုတ် ဒီမိုကရေစီခေတ် နဲ့ လျော်ညီအောင် သတင်းထုတ်ပြန်ဖို့ လုပ်မလား ဆိုတာပါ။ ခုလို သတင်း မထုတ်ပြန်တဲ့နည်းနဲ့ဘဲ ဆက်သွားမယ်ဆိုရင်ဖြင့် သတင်း မီဒီယာတွေမှာ ဖော်ပြချက်တွေဟာ တစ်ဖက် စောင်းနင်း ဖြစ်နေဦးမှာပါပဲ။ တပ်မတော်အပေါ် ပြည်သူလူထုရဲ့ ထင်မြင်ယူဆချက်တွေ ဟာလည်း အမှန် နဲ့ နီးစပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် ရွေးချယ်စရာ နည်းလမ်းကတော့ နိုင်ငံတကာ တပ်မတော်တွေနည်းတူ သတင်းထုတ်ပြန်တဲ့ နည်းကိုပဲ ရွေးရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ လုပ်ကိုင်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ တပ်မတော်အနေနဲ့ သတင်းထုတ်ပြန်ရေးဆိုင်ရာ နည်းနာတွေကို မကျွမ်းကျင်ဘူး ဆိုရင် မီဒီယာနဲ့ သတင်းထုတ်ပြန်ရေးဆိုင်ရာ ကျွမ်းကျင်သူ ပရော်ဖက်ရှင် နယ်တွေကို အကြံပေးတွေအဖြစ်ငှားပြီး ခန့်ထားလို့ရပါတယ်။ ဒါက သိပ်ခက်ခဲတဲ့ အလုပ်မဟုတ်ပါဘူး။ နောက်တစ်ချက်က လက်ရှိသတင်းမီဒီယာတချို့ရဲ့ ကျင့်ဝတ်စောင့်ထိန်းမှုနည်းလို့ ပေါ်လာ တဲ့ ပြဿနာတွေကို ဖြေရှင်းနည်းပါ။ တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့အနေနဲ့ အစပိုင်းမှာ သတင်းမီဒီယာတွေကို မျှမျှတတ သတင်းထုတ်ပြန် ဖြန့်ဝေပေးဖို့ လိုပါတယ်။ ဒီလို မှန်မှန်ကန်ကန် သတင်းထုတ် ပြန်ပေးပါလျက်နဲ့ မမှန်မကန်ရေးတဲ့ မီဒီယာ၊ ပုံကြီးချဲ့မီဒီယာ၊ ဘက်လိုက်ရေးသားတဲ့ မီဒီယာတွေ ရှိလာရင် စနစ်တကျ ဝေဖန်ထောက်ပြပြီး နောက်ပိုင်း သတင်းထုတ်ပြန်ပေးမှု ရပ်ဆိုင်းတာ၊ သတင်းစာ ရှင်းလင်းပွဲ တက်ရောက် ခွင့်ကန့်သတ်တာ၊ မေးခွန်းမေး မြန်းခွင့်ကန့်သတ်တာ စတဲ့နည်းတွေနဲ့ တုံ့ပြန် ဖြေရှင်းလို့ရပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်ကို တန်ဖိုးထား အသိအမှတ်ပြုရမှာဖြစ်ပါတယ်။

အရေးကြီးတကာ့ အရေးအကြီးဆုံးကတော့ တပ်မတော်အနေနဲ့ ပြည်သူလူထု ကြားထဲမှာ နိုင်ငံတကာ အလယ်မှာ ပုံရိပ်ကောင်းချင် ရင် ကောင်းတာတွေ လုပ်ကိုင်ဆောင်ရွက်ဖို့တော့ လိုပါတယ်။ မကောင်းတာတွေ လုပ်နေပြီး သတင်းမီဒီယာတွေက နေတစ်ဆင့် ပုံရိပ်ကောင်းအောင် လုပ်လို့တော့ လုံးဝ ရနိုင်မှာမဟုတ်ပါ ဘူး။ ဒီအတွက် တပ်မတော်ဟာ ဒီမိုကရေစီ တိုင်းပြည်အဆင့်အတန်း နဲ့ လျော်ညီတဲ့ ပြည်သူတွေဆီကနေ ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်အောင် ကောင်းမွန်တာတွေ လုပ်ကိုင်နေဖို့လိုပြီး အဲလိုလုပ်ကိုင်ဆောင် ရွက်နေတာတွေကိုလည်း သတင်းမီဒီယာတွေကို သတင်းထုတ်ပြန်ပေးတဲ့ နည်းလမ်း တွေကနေတစ်ဆင့်သာ ပုံရိပ်ကောင်းကို တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Credit - Mizzima News

No comments:

Post a Comment