ရန်ကုန်၊ ဒီဇင်ဘာ၂၅
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသတွင် လျော်ကြေးငွေ ယူမထားသည့် ဒေသခံများ၏ လယ်ယာမြေများအား ၀မ်ပေါင် ကုမ္ပဏီက ၀င်ရောက် ခြံစည်းရိုးခတ်ရာမှ ဒေသခံ တောင်သူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွားခဲ့သော်လည်း ၀မ်ပေါင်ကုမ္ပဏီမှ သိမ်းယူ ခြံစည်းရိုး ခတ်ထားသည့် လယ်ယာ မြေများအား ပြန်ပေးမည် မဟုတ်ကြောင်း စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်
ဦးသာအေးက ပြောကြားခဲ့သည်ဟု အဆိုပါ ဒေသသို့ ရောက်ရှိနေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဒီဇင်ဘာ ၂၅ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေးနှင့် ဒေါ်ခင်စန်းလှိုင်တို့ လက်ပံတောင်း ကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ၀န်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
““ဒီခြံစည်းရိုးထဲမှာ ပါထားတဲ့ သီးနှံစိုက်ပျိုးပြီးထားတဲ့ သီးနှံအမျိုးအစား အလိုက် လျော်ကြေးပေးမယ်။ အဲဒီထဲမှာ ပါတဲ့ မြေတွေကတော့ ခြံစည်းရိုး ခတ်ပြီးသား ဖြစ်တဲ့အတွက် နောက်ထပ် ထပ်ပြီးလုပ်ကိုင် စားသောက်ခွင့် မပြုဘူး။ သူပြောတာကတော့ ဒီလိုပဲ ပြောတာပေါ့။ ပြန်မပေးတော့ ဘူး ပြန်ပေးမယ် ဆိုတာကတော့ ဒါကတော့ ဒီထဲမှာဝင်ပြီး လုပ်ကိုင်ခွင့် မရှိဘူးဆိုကတည်းက ပြန်မရတော့ဘူးပေါ့။ ၀န်ကြီးပြောတာ ဒီသဘောကိုပြော လိုက်တာ ပေါ့လေ။ လျော်ကြေး လိုချင်တယ်ဆိုရင်တော့ ဒီဘက်က ပေးဖို့ရာ အဆင်သင့်ပါပဲ။ လျော်ကြေးက ညှိနှိုင်းလို့ ရပါတယ်လို့ ၀န်ကြီးချုပ်က ပြောပါ တယ်””ဟု ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်လည်းဖြစ်သူ ဒေါ်ခင်စန်းလှိုင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။
အဆိုပါပဋိပက္ခတွင် လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ဒေသခံ အချို့ သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပေါ် ခဲ့ပြီး တရုတ်အစိုးရကလည်း စိုးရိမ်ဝမ်းနည်းကြောင်းနှင့် တရုတ်ကုမ္ပဏီများ အနေနှင့် နိုင်ငံခြား၌ ရင်းနှီးမြှုပ်နှံမှု လုပ်ရာတွင်သက်ဆိုင်ရာ တိုင်းပြည်ရဲ့ တရားဥပဒေကို အလေးထားဖို့ လိုအပ်ကြောင်း ဒီဇင်ဘာလ ၂၄ ရက်နေ့က ပီကင်းမြို့တော်တွင် ပြုလုပ်သည့် နေ့စဉ် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်က ထည့်သွင်း ပြောဆိုခဲ့သည်။
““စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာလည်း ပါတယ်လေ။ လူထုနဲ့ ပြေလည်အောင် ညှိပါ။ ပြေလည်မှ ဆက်လုပ်ပါဆိုတာ။ ဒါ မတရား အကြမ်းဖက်ပြီး လုပ်ကိုင် ဆောင်ရွက်ခဲ့တဲ့အတွက် လူထုကတော့ လျော်ကြေး ယူမယ့် အနေအထား မရှိဘူးဗျ။ သူတို့က သူတို့ လုပ်ချင်တာ လုပ်တယ်။ ပြီးမှ မှားပါတယ် လိုက်ရှင်း တယ်။ မှားမှန်သိရင် ခြံစည်းရိုးကို ပြန်ဖျက်ပေးလေ”” ဟုဇီးကုန်းကျေးရွာ စန်းမြ၀တီ ကျောင်းတိုက်မှ ဆရာတော် ဦးအာလောကက မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။
အစိုးရအာဘော် နိုင်ငံပိုင် သတင်းစာများဖြစ်သည် ကြေးမုံနှင့် မြန်မာ့အလင်း တို့၌ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဒေသခံများက လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များအား လေးခွများ၊ ခဲများဖြင့် ပစ်ခတ် နှောင့်ယှက် မှုများ ပြုလုပ်ခဲ့ပြီး တားမြစ် ခဲ့သော်လည်း လိုက်နာခြင်း မရှိသည့်အပြင် အ၀တ်စ ထည့်သွင်းထားသည့် ဓာတ်ဆီ ပုလင်းများဖြင့် မီးရှို့ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။
““ရွာသားတွေက အဲဒီလိုမလုပ်ပါဘူး။ ခဲတွေ ဘာတွေနဲ့တော့ တစ်ခါတလေ ပြန်ပစ်ကြတာပေါ့။ ဟိုက သေနတ်နဲ့တော့ ပစ်သေးတာပဲ””ဟု ဇီးကုန်းကျေးရွာ စန်းမြ၀တီကျောင်းတိုက်မှ ဆရာတော် ဦးအာလောက မိန့်ကြားသည်။
အဆိုပါဒေသသို့ ကိုယ်တိုင် သွားရောက်ခဲ့သူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မနီလာသိန်းက ““အစ်မတို့က ဒီဇင်ဘာ ၂၃ မနက် ရောက်တော့ အစ်မတို့ ရောက်သွားတဲ့ အချိန်မှာ အာဏာပိုင်နဲ့ တရုတ်နဲ့ ပူးပေါင်းပြီးတော့ ခြံစည်းရိုး ခတ်တာတွေလုပ်တယ်။ ဒီဘက်အခြမ်းမှာ ရွာသားတွေက ရှိတယ်။ ရွာသားတွေရဲ့ လက်ထဲမှာ ခဲတစ်လုံးတောင် မကိုင်ထားပါဘူး””ဟု ဆိုသည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/
လျော်ကြေးယူမထားသည့် ဒေသခံတောင်သူများ၏ လယ်မြေများအား ၀င်ရောက်ခြံစည်းရိုးခတ်နေသည

No comments:
Post a Comment