ဝမ်ပေါင်ကုမ္ပဏီက သိမ်းယူလိုက်တဲ့ ယာမြေတွေပြန်လည်ရရှိရေး တောင်းဆိုရင်း ဦးခေါင်း သေနက်ထိမှန် သေဆုံးသွားခဲ့တဲ့ လက်ပတောင်းဒေသခံ မိုးကြိုးပြင် ရွာသူ ဒေါ်ခင်ဝင်း အတွက် မိသားစုဝင်တွေက စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရဲစခန်းမှာ တိုင်ကြား အမှုဖွင့်လိုက်ပါတယ်။
ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကျော်ကလည်း "၄/၂၄ သေမှုသေခင်းနဲ့ ဖွင့်ပေးလိုက်ပါပြီ" လို့ ဧရာဝတီကို ပြောပါတယ်။
ဒေါ်ခင်ဝင်း ဦးခေါင်းသေနက်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတဲ့ အပေါ် မိသားစုဝင်တွေက အမှုဖွင့်လိုတဲ့ အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ရှိသူတွေဖြစ်တဲ့ မနီလာသိန်းနဲ့ မမီးမီးတို့က ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ တရားဥပဒေအရဆောင်ရွက်နိုင်ရေး လိုက်လံကူညီခဲ့ကြတာကိုတွေ့ရပါတယ်။
ဆားလင်းကြီးမြို့နယ်ရဲစခန်းက အမှုကိုလက်ခံလိုက်ပြီးတဲ့နောက် ဒေါ်ခင်ဝင်းရဲ့ ရုပ်အလောင်းကို မှုခင်းဆရာဝန်များ စစ်ဆေးနိုင်ရန်အတွက် မိုးကြိုးပြင်ရွာကနေ ဆားလင်းကြီး မြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ မနေ့ည ၉ နာရီက ရွှေ့ပြောင်း လိုက်ပါတယ်။
သက်ဆိုင်ရာ မှုခင်းဆရာဝန်များက ဒီကနေ့ မနက် ၉ နာရီမှာ စစ်ဆေးမှုတွေပြုလုပ်မှာဖြစ်ပြီး စစ်ဆေးချက်တွေ ထွက်အပေါ် မူတည်ပြီး အမှုလုပ်ထုံးလုပ်နည်းအရ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ရဲမှူး အောင်ကျော်က ပြောပါတယ်။
"ဆေးရုံက ဘာကြောင့်သေသလဲဆိုတာကြည့်မယ်။ ဆေးစစ်ချက်ကြည့်ပြီးတော့မှဘဲ ကျန်တာတွေကို ကျနော်တို့ ပြောလို့ရမယ်။ လောလောဆယ်တော့ အပြည့်အစုံပြောလို့မရသေးဘူး" လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားရာမှာ မျက်မြင်တွေ့ရှိခဲ့ရတဲ့ မိုးကြိုးပြင်ရွာသားတွေတချို့ကတော့ ရဲက အကြမ်းဖက်ပစ်ခတ်လိုက်တာဖြစ်တယ်လို့ အခိုင်အမာပြောဆိုနေကြပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် လျော်ကြေးယူမထားတဲ့မြေတွေကို ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေနဲ့ ရဲတွေက ဒီဇင်ဘာ ၂၂ ရက်နေ့က အတင်းအကြပ် ခြံခတ်သိမ်းယူထားရာကနေ နှစ်ဘက်အကြား ပဋိပက္ခဖြစ်ပွားရာကနေ ရဲတပ်ဖွဲ့က သေနက်နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ဒေါ်ခင်ဝင်းပွဲချင်းပြီးသေဆုံးသွားသလို ဒေသခံ ၄၀ ကျော်လည်း ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။
လက်ရှိအခြေအနေမှာလည်း ဝမ်ပေါင် ကုမ္ပဏီက ဒေသခံတွေရဲ့မြေတွေကို ရဲအင်အားသုံးပြီး ခြံစည်းရိုးစိုက်ထူနေတာကြောင့် ပဋိပက္ခအခြေ အနေတွေက ပိုမိုပြင်းထန်လာနေပါတယ်။ ခြံစည်းရိုးခက်ခြင်းကို ဆက်တိုက် ပြုလုပ်နေပြီး ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်မှာလည်း ကန့်ကွက်တဲ့ ဒေသခံတွေကို ထပ်မံပစ်ခတ်ခဲ့လို့ ၂ ဦးထပ်မံဒဏ်ရာရရှိသွားပါတယ်။
လက်ပတောင်းမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ ရန်ကုန်မြို့ အထိပါကူးစက်နေပြီး ယာမြေပြန်ရရေးတောင်းဆိုတဲ့ ဒေသခံတွေကို အကြမ်းဖက်ပစ်ခတ်မှုတွေကို ဆန့်ကျင်ကြောင်း ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ အဖွဲ့ဝင် တချို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ်။
Credit - ဧရာဝတီ ဘလော့ဂ်






No comments:
Post a Comment