![]() |
ဒီဇင်ဘာ ၁၈ ရက်က ကျင်းပခဲ့သည့် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ် (ဓာတ်ပုံ - ဇေယျာနန္ဒ) |
The Elders အဖွဲ့ သို့မဟုတ် ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့သည် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ရေခဲလုနီးနီး စိတ်ဝင်စားမှု မြင့်မြင့်မားမား၊ စောင့်ကြည့်တိုက်တွန်းလျက်ရှိသည့် အဖွဲ့ဖြစ်သည်။ ကမ္ဘာ့အဖွဲ့အစည်း အများစုသည် မြန်မာပြည်သူ လူထုအများစု၏ ဆန္ဒသဘောထား စစ်စစ်ထက် အစိုးရဘက်လိုက် အစိုးရဘက်ပါတတ်သော အလေ့အထများနှင့် ယဉ်ပါးလာနေကြသည့်အလျောက် ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့အနေဖြင့် ဒီပုတ်ထဲကဒီပဲ မဖြစ်ရေးကို ရှေးရှုလျက် မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် သန်းငါးဆယ်ဘက်မှ ဗိုင်းကောင်းကျောက်ဖိ ပါဝင်သင့်သည်။
ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့၏ ဒုတိယဥက္ကဋ္ဌနှင့် နော်ဝေဝန်ကြီးချုပ်ဟောင်း ဂရိုဟာလမ်ဘရန့်တ်လန်းက ဦးဆောင်ပြီး ဖင်လန်သမ္မတဟောင်း မာတီအာတီဆာရီ၊ အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် လက်ခ်ဒါဗရာဟီမီနှင့် ပါကစ္စတန် တရားလွှတ်တော်ချုပ်ရှေ့နေနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ဟီနာဂျီလာနီတို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ The Elders အဖွဲ့ သို့မဟုတ် ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့သည် ၂ဝ၁၃ ခုနှစ် စက်တင်ဘာနှင့် ၂ဝ၁၄ ခုနှစ် မတ်လတို့တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ယခုခရီးစဉ်သည် တတိယမြောက်ဖြစ်သည်။ ၁၅ လအတွင်း သုံးကြိမ်လာရောက်ခဲ့သော ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့သည် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို အလေးပေး တိုက်တွန်းလျက် ရှိသည်။
ဖင်လန်သမ္မတဟောင်း မာတီအာတီဆာရီက ပစ်ခတ်တိုက်ခိုက်မှုများကို ချက်ချင်းနှင့် အပြီးသတ် လုံးဝရပ်စဲခြင်းသည် ပထမခြေလှမ်း ဖြစ်ရမည်။ အားလုံးတွင် အဆိုပါဆန္ဒ ရှိနေသည်ကို မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကြားသိခဲ့ရပြီး ဆန္ဒရှိသူများ အနေဖြင့် လက်တွေ့အကောင်အထည်ဖော်နိုင်အောင် လက်ငင်းပြောင်းလဲရမည်။ ယုံကြည်စိတ်ချနိုင်သော စောင့်ကြည့်လေ့လာရေးစနစ်နှင့် အခြားယုံကြည်မှု တည်ဆောက်ရေး အစီအစဉ်များသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် အကူအညီ ပေးလိမ့်မည်ဟု ဆိုခဲ့သည်။
မြန်မာနိုင်ငံ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေးနှင့် ယုံကြည်မှု တည်ဆောက်ရေးသည် မီးကျိုးမောင်းပျက်အဆင့်တွင် ရပ်တန့်နေဆဲဖြစ်သည်။ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် လုံးဝအပစ်အခတ်ရပ်စဲရေး တည်ဆောက်ရန် စိတ်အားထက်သန်ပုံ ရသော်လည်း အဖုအထစ်များ ကြီးမားနေဆဲဖြစ်သည်။ အစိုးရနှင့် တပ်မတော်အနေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို သဘောထားကြီးကြီး၊ အမြော်အမြင်ရှိရှိ ထုတ်ပြန်ကြေညာလျက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အားလုံးပါဝင်သော ပြည်ထောင်စု အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆို နိုင်ရေးကို ပြင်ဆင်သင့်ကြောင်း ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ အနေဖြင့် တိုက်တွန်းနိုင်မည်ဆိုလျှင် ပိုမိုကြောင်းကျိုးဆီလျော်မည် ဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရာတွင် တိုင်းပြည်တစ်ခုကို ကာကွယ်ရန် တပ်မတော်တစ်ခုသာ ရှိသင့်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ညှိနှိုင်းကာ နိုင်ငံတော်လုံခြုံရေးအတွက် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့က အကြံပြုခဲ့သည်။ နိုင်ငံရေးအရ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်မည့် အခင်းအကျင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အနေဖြင့် အဆိုပြုထားသည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်သည် တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့များအကြား မဖြစ်မနေ ဆွေးနွေးညှိနှိုင်း အဖြေရှာရမည့် စိန်ခေါ်မှုကြီးဖြစ်သည်ကို ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ အနေဖြင့် ထောက်ပြဆွေးနွေးသင့်သည်။
၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီ သို့မဟုတ် ပါတီအစုအဖွဲ့ အနေဖြင့် ဖိအားကင်းကင်း၊ နှောင်ကြိုးမပါ အစိုးရ ဖွဲ့စည်းနိုင်ရေးတို့ကို မြန်မာအာဏာပိုင်များနှင့် တပ်မတော်အနေဖြင့် ခိုင်ခိုင်မာမာ အာမခံချက် ပေးနိုင်ရေးကို ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ အနေဖြင့် တိုက်တွန်းဆော်ဩသင့်သည် . . . . .
အယ်လ်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် လက်ခ်ဒါဗရာဟီမီက မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သည်းမခံနိုင်မှုနှင့် ခွဲခြားဆက်ဆံမှုတို့နှင့် ဆက်စပ်သော အသိပေး ပြောကြားမှုများကို ကြားသိရကြောင်း၊ တန်းတူညီမျှမှုနှင့် ခန္တီစ သည်းခံနိုင်မှုတို့သည် တည်ငြိမ်သော လူ့အဖွဲ့အစည်း၏ ကြန်အင်လက္ခဏာပင် ဖြစ်ကြောင်း၊ ဂုဏ်ယူလေးစားဖွယ် သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုပေါင်းစုံ ထွန်းကားသည့်အလျောက် ဂုဏ်ယူဖွယ် မြန်မာပြည်သူလူထုသည် ငြိမ်းချမ်းသဟဇာတဖြစ်စွာ အတူယှဉ်တွဲ နေထိုင်သော ကမ္ဘာမြေကြီးအတွက် ထွန်းလင်းတောက်ပသော စံနမူနာတစ်ခုကို ပြသနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။
The Elders အဖွဲ့ သို့မဟုတ် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့သည် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့ဝင်များသည် ၂ဝ၁၅ ခုနှစ်တွင် စစ်မှန်သည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်မြောက်နိုင်မည့် အလားအလာကောင်းများအတွက် အားတက်ခဲ့ရပြီး ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို ခွင့်ပြုပေးရန်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းခဲ့သည်။
ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ အနေဖြင့် မြန်မာပြည်သူလူထု၏ ရေရှည်အကျိုးကို မျက်မှောက်ပြုလျက် အစိုးရ၊ တပ်မတော်နှင့် အာဏာရပါတီတို့ကို ကြားဝင်ညှိနှိုင်း ဖျောင်းဖျနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီ သို့မဟုတ် ပါတီအစုအဖွဲ့ အနေဖြင့် ဖိအားကင်းကင်း၊ နှောင်ကြိုးမပါ အစိုးရ ဖွဲ့စည်းနိုင်ရေးတို့ကို မြန်မာအာဏာပိုင်များနှင့် တပ်မတော်အနေဖြင့် ခိုင်ခိုင်မာမာ အာမခံချက် ပေးနိုင်ရေးကို ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ အနေဖြင့် တိုက်တွန်းဆော်ဩသင့်သည်။
အာဏာရပါတီ၏ ထိပ်တန်းခေါင်းဆောင်ဟောင်း၊ အာဏာရပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ စစ်ဗိုလ်ချုပ်ကြီး အငြိမ်းစား ဦးစီးဦးဆောင်ပြုသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပပေးနိုင်လိမ့်မည်ဟု The Elders အဖွဲ့ သို့မဟုတ် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ အနေဖြင့် ယုံကြည်လက်ခံနေပုံ ရသည်။ လွတ်လပ်၊ အမှီအခိုကင်း၊ ကြားနေ၊ ဘက်မလိုက်သော ရွေးကောက်ပွဲကော်မရှင်သည်သာ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲများကို ကမကထပြုနိုင်ကြောင်း ဆော်ဩလျက် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ အနေဖြင့် ကော်မရှင်ပြင်ဆင် ဖွဲ့စည်းရေးကို တိုက်တွန်းမည်ဆိုလျှင် ပိုမိုလျော်ကန် သင့်မြတ်မည် ဖြစ်သည်။
ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး သော့ချက်ပုဂ္ဂိုလ်များအကြား မတူညီသော နောက်ခံအခြေအနေများတွင် နိုင်ငံတော်အဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ၏ အကျိုးကျေးဇူးများ၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၏ အရေးပါမှုများကို ဆွေးနွေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထားသော လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အပါအဝင် သော့ချက် ပုဂ္ဂိုလ်များအကြား နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ၏ အားနည်းချက်နှင့် အားသာချက်များကို ခရေစေ့တွင်းကျ ဆွေးနွေးခဲ့ကြပုံရသည်။
လေးပွင့်ဆိုင် ဖြစ်ဖြစ်၊ ခြောက်ပွင့်ဆိုင် ဖြစ်ဖြစ်၊ ဆယ့်နှစ်ပွင့်ဆိုင် ဖြစ်ဖြစ် အရေးကြီးတဲ့ အချက်ကတော့ မြန်မာ့နိုင်ငံရေးမှာ သော့ချက်ပုဂ္ဂိုလ်တွေ အကုန်ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု အမြန်ဆုံး စတင်ဖို့ပါပဲဟု ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် နော်ဝေဝန်ကြီးချုပ်ဟောင်း ဂရိုဟာလမ်ဘရန့်တ်လန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ လေးပွင့်ဆိုင်တောင်းသဖြင့် ဆယ့်လေးပွင့်ဆိုင်တွေ့ဆုံပွဲ လုပ်ခဲ့ပြီး လွှတ်တော်က ခြောက်ပွင့်ဆိုင်သောအခါ အစိုးရက ဆယ့်နှစ်ပွင့်ဆိုင် ဖက်ယိမ်းပြနေမှုတို့သည် ဗျူဟာမြောက်၊ အယောင်ပြ စစ်တုရင် ရွှေ့ကွက်များ ဖြစ်သည်ကို ကမ္ဘာ့ရပ်မိရပ်ဖများ အနေဖြင့် ရိပ်စားမိရန် လိုအပ်မည်ဖြစ်သည်။ တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးကို ရှေးရှုသော၊ ရေရှည်အမြင်ရှိသော၊ အများစု ကိုယ်စားပြုသော အလုပ်ဖြစ်မည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများ အမြန်ဆုံး အထမြောက်ရေးသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ ထွက်ရပ်လမ်းဖြစ်သည်ကို စဉ်ဆက်မပြတ် ထောက်ပြနေရန် လိုအပ်မည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် The Elders အဖွဲ့သို့မဟုတ် ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့သည် စစ်အစိုးရများလက်ထက် ရပ်မိရပ်ဖပုံစံ ဝင်မသွားရန် အရေးကြီးသည်။ စစ်အစိုးရများလက်ထက် ရပ်မိရပ်ဖများသည် ပြည်သူလူထုဘက်ရပ်ဖို့ ခက်ခဲပြီး စစ်အစိုးရဘက်ကသာ မျက်စိစုံမှိတ် ရပ်တည်ခဲ့ရသည့် သာဓကများကို ဆင်ခြင်လျက် The Elders အဖွဲ့ သို့မဟုတ် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ အနေဖြင့် မြန်မာပြည်သူလူထု အများစု၏ ဆန္ဒသဘောထားနှင့် တစ်ထပ်တည်း ရပ်တည်နိုင်အောင် ပြင်ဆင်ဆောင်ရွက်နိုင်ရန် ပဓာနကျသည် . . . . .
နော်ဝေဝန်ကြီးချုပ်ဟောင်း ဂရိုဟာလမ်ဘရန့်တ်လန်းက မြန်မာနိုင်ငံ၏ လေးနှစ်ရှိပြီဖြစ်သော ပြုပြင်ပြောင်းလဲရေးများသည် ပြောစမှတ်ပြုကြောင်း၊ တစ်ချိန်တည်းတွင် တန်းတူညီမျှ မရှိခြင်းသည် ပိုဆိုးလာပြီး လူ့အဖွဲ့အစည်း၏ အောက်ခြေနင်းပြား ဆင်းရဲသားများသည် စီးပွားရေးတံခါးဖွင့်မှု၏ အကျိုးအမြတ်များကို ရယူခံစားရမှု မရှိသေးကြောင်း၊ လူ့အဖွဲ့အစည်းဝင် အားလုံး၏ အကျိုးအတွက် အပြုသဘောဆောင်သည့်၊ ဖော်ဆောင်ဆဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။ မြန်မာပြည်သူလူထု အများစုကြီးသည် နော်ဝေဝန်ကြီးချုပ်ဟောင်း ရည်ညွှန်းသည့် ပြောစမှတ်ပြုလောက်သော ပြုပြင်ပြောင်းလဲရေးကို နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ။
ပါကစ္စတန် တရားလွှတ်တော်ချုပ် ရှေ့နေနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ဟီနာဂျီလာနီက ပါတီ၊ အဖွဲ့အစည်းများ အားလုံးအကြား ပွင့်လင်းမြင်သာသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ၏ အရေးပါမှုကို ပါကစ္စတန်နိုင်ငံ၏ အတွေ့အကြုံအရ သိရှိကြောင်း၊ မြန်မာနိုင်ငံတွင် တပ်မတော်သည် နိုင်ငံတော် အချုပ်အခြာ အာဏာကို ထိန်းသိမ်းရန် နှစ်ပေါင်းများစွာ အဓိကနေရာကနေ ပါဝင်ခဲ့ကြောင်း၊ သို့သော် ပထမအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကြားသိခဲ့ရသရွေ့ ဗိုလ်ချုပ်ကြီးများသည် အရပ်သားအစိုးရအတွက် လမ်းဖွင့်ပေးပြီး တည်ငြိမ်သော၊ နိုင်ငံသားများ ပါဝင်နိုင်သော ဒီမိုကရေစီစနစ်ဆီကို ဦးတည်အရောက်လှမ်းဖို့ သိမြင်သဘောပေါက်သည်အထိ အမြော်အမြင်ကြီးကြကြောင်း ပြောကြားခဲ့သည်။
ပွင့်လင်းမြင်သာသော နိုင်ငံရေး ဆွေးနွေးပွဲများသည် ပြုပြင်ပြောင်းလဲရေး၏ အနှစ်သာရ စစ်စစ်ပင် ဖြစ်သည်။ တပ်မတော်ခေါင်းဆောင်များ အနေဖြင့် အရပ်ဘက် နိုင်ငံရေးခေါင်းဆောင်များနှင့် ပွင့်လင်းမြင်သာမှုရှိရှိ ထိတွေ့ဆက်ဆံ၊ အမြင်ဖလှယ်နိုင်ရေးကို မျက်မှောက်ပြုသင့်သည်။ ဗိုလ်ချုပ်ကြီးများကိုယ်တိုင် အရပ်သားအစိုးရ၏ အရေးပါမှုကို အမြော်အမြင်ရှိရှိ နားလည်သဘောပေါက် လာနိုင်မည်ဆိုလျှင် မြန်မာ့အပြောင်းအလဲတွင် စိတ်လှုပ်ရှားဖွယ် ခြေလှမ်းများကို မြင်တွေ့လာရမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်။
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ နီးလာသည်နှင့်အတူ အမျိုးသားရင်ကြားစေ့ရေးကို အလျင်အမြန် လုပ်ဆောင်သင့်ကြောင်း၊ တန်းတူညီမျှမှုရှိပြီး အတူတကွ ယှဉ်တွဲနေထိုင်နိုင်သော ဝန်းကျင်တစ်ခု ဖန်တီးရန် နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံး ဖော်ဆောင်သင့်ကြောင်း၊ ရွေးကောက်ပွဲမတိုင်မီ နောက်ထပ်တိုက်ပွဲများ ဖြစ်ပွားပါက မြန်မာနိုင်ငံကို များစွာထိခိုက်နိုင်ကြောင်း၊ တိုက်ပွဲများဖြစ်ပွားရာ ဒေသအတွင်းရှိ မြေမြှုပ်မိုင်းများကို အမြန်ဆုံးရှင်းလင်းရန် တိုက်တွန်းကြောင်းတို့ကို ကမ္ဘာ့ရပ်မိရပ်ဖများက အဆိုပြုခဲ့သည်။
The Elders အဖွဲ့ သို့မဟုတ် ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့သည် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအတွက် စုပေါင်းအလုပ်လုပ်နေသော အစိုးရအကြီးအကဲဟောင်းများ၊ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ အပါအဝင် တစ်သီးပုဂ္ဂလ ကမ္ဘာ့ခေါင်းဆောင်ဟောင်းများနှင့် သော့ချက်ပုဂ္ဂိုလ်များ ပါဝင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည်။ နယ်လ်ဆင်မန်ဒဲလား ချမှတ်ထားသည့် ဦးတည်ချက်မှာ ကမ္ဘာ့ရပ်မိရပ်ဖများ အနေဖြင့် နှစ်တစ်ထောင်နီးပါး စုပေါင်းအတွေ့အကြုံများကိုသုံးလျက် ရာသီဥတု အပြောင်းအလဲ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ ဆင်းရဲမွဲတေမှု စသည့် ကမ္ဘာ့ကပ်ဘေး ပြဿနာကြီးများ အဖြေရှာရေးတွင် အလုပ်တူတွဲလုပ်ရန်၊ နိုင်ငံရေးအရ သီးခြား လွတ်လပ်မှုနှင့်အတူ ကမ္ဘာ့ပဋိပက္ခအချို့ ဖြေရှင်းရေးတို့ကို လက်တွဲဆောင်ရွက်ရန် ဖြစ်သည်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးသည် ၂ဝ၁၃ ခုနှစ် မေလအထိ ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိဂုဏ်ထူးဆောင် ရပ်မိရပ်ဖ အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။ လက်ရှိဥက္ကဋ္ဌမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဖြစ်ပြီး အဖွဲ့ဝင်တစ်ဆယ့်တစ်ဦး ပါဝင်သည်။ ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့ကို အင်္ဂလိပ်စီးပွားရေး လုပ်ငန်းရှင်နှင့် ဗာဂျင်းစီးပွားရေးလုပ်ငန်းစု တည်ထောင်သူ ရစ်ချက်ဘရွန်ဆန်၊ ဂီတပညာရှင်နှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ပီတာဂါဘရီရယ်၊ နယ်လ်ဆင်မန်ဒဲလားတို့က စတင်ထူထောင်ခဲ့ပြီး ၂ဝဝ၇ ခုနှစ်၊ ဇူလိုင် ၁၈ ရက်၊ နယ်လ်ဆင်မန်ဒဲလား၏ ၈၉ နှစ်ပြည့် မွေးနေ့တွင် တရားဝင်ဖွဲ့စည်းပြီးကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့၏ ဂုဏ်ထူးဆောင် အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သည်။ ၂ဝ၁၂ ခုနှစ် ဧပြီလကြားဖြတ် ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှေက် ခံခဲ့ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့၏ စည်းမျဉ်းစည်းကမ်းအရ ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့မှ နုတ်ထွက်ခဲ့သည်။
အချုပ်အားဖြင့်ဆိုသော် The Elders အဖွဲ့သို့မဟုတ် ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့သည် စစ်အစိုးရများလက်ထက် ရပ်မိရပ်ဖပုံစံ ဝင်မသွားရန် အရေးကြီးသည်။ စစ်အစိုးရများလက်ထက် ရပ်မိရပ်ဖများသည် ပြည်သူလူထုဘက်ရပ်ဖို့ ခက်ခဲပြီး စစ်အစိုးရဘက်ကသာ မျက်စိစုံမှိတ် ရပ်တည်ခဲ့ရသည့် သာဓကများကို ဆင်ခြင်လျက် The Elders အဖွဲ့ သို့မဟုတ် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ အနေဖြင့် မြန်မာပြည်သူလူထု အများစု၏ ဆန္ဒသဘောထားနှင့် တစ်ထပ်တည်း ရပ်တည်နိုင်အောင် ပြင်ဆင်ဆောင်ရွက်နိုင်ရန် ပဓာနကျသည်။ ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့သည် ပုတ်သင်ညိုနိုင်ငံရေးကို ကျောခိုင်းလျက် ချော့တိုင်းမပျော့၊ ပြောတိုင်းမယုံ၊ သမာသမတ်ကျကျ ဝေဖန်ထောက်ပြ တိုက်တွန်းနိုင်မှသာ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက် ထိထိရောက်ရောက် အကျိုးပြုနိုင်မည် ဖြစ်ပါကြောင်း မီးမောင်းထိုး ဆော်ဩလိုက်ရပါသည်။

No comments:
Post a Comment