Written by: စိုးမင်းထိုက်
လာမည့်ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းများ၏ အခြေခံလစာအား ကျပ်တစ်သိန်းခွဲနှင့် အမြင့်ဆုံးဖြစ်သည့် ညွှန်ကြားရေးမှူးချုပ် လစာအား ကျပ် ၁၂ သိန်းအထိ တိုးမြှင့်သတ်မှတ်နိုင်ရန် ဆွေးနွေးနေကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက “ဝန်ထမ်းလစာတွေတိုးဖို့ ညှိနှိုင်းနေပါပြီ။ အကြမ်းဖျင်းအားဖြင့်တော့ အခြေခံလစာကိုကျပ် ၁၅ဝဝဝဝ ကနေစပါမယ်။ အမြင့်ဆုံးကကျပ် ၁၂ဝဝဝဝဝ အထိ သတ်မှတ်ဖို့ လောလောဆယ် ဆွေးနွေးထားပါတယ်။ အဲဒီအတိုင်းပဲ အဆိုပြုသွားဖို့ရှိပါတယ်” ဟု ပြောကြားသည်။
လက်ရှိတွင် အစိုးရဝန်ကြီးဌာနအချို့တွင် ရာထူးအဆင့် ၁၂ ဆင့် အထိရှိကြောင်း၊ အချို့ဝန်ကြီးဌာနများတွင် ၁၃ ဆင့်အထိ ရှိသည်များလည်း ရှိကြောင်း၊ အကြမ်းဖျင်းအား ဖြင့် ကျပ် ၁၂ သိန်းအထိ အမြင့်ဆုံး သတ်မှတ်ရန် လျာထားကြောင်း သိရသည်။
“ဘာလို့လဲဆိုတော့ ဌာနခွဲစာရေးလို့ခေါ်တဲ့ (ဘီစီ) ပေါ့။ ဘီစီနဲ့ ဒုဦးစီးနဲ့က တချို့ဌာနတွေမှာ မတူပါဘူး။ ကွဲပြားနေတာတွေ ရှိနေတယ်။ တချို့ဌာနကျတော့လည်း ဒုလက်ထောက်ညွှန်ကြားရေးမှူး ဆိုပြီးတော့ ဦးစီးအရာရှိနဲ့ လက်ထောက်ညွှန်ကြားရေးမှူး ကြားထဲမှာ ထားတာရှိတယ်။ ဒါကြောင့် အနိမ့်ဆုံး ဝန်ထမ်းလစာဖြစ်တဲ့ ရုံးအကူပေါ့။ ရုံးအကူဟာ ကျပ်တစ်သိန်းခွဲ၊ အမြင့်ဆုံးဖြစ်တဲ့ ဦးဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်ပေါ့။ သူတို့ကို ကျပ် ၁၂ သိန်း။ အဲဒီတော့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံးကွာခြားမှုက ရှစ်ဆလောက်ရှိမယ်။ တပ်မတော်သားတွေကိုလည်း အဲဒီလို သတ်မှတ်ဖို့ လုပ်ထားပါတယ်။ အရပ်ဘက်အတိုင်းပဲ ဖြစ်ဖို့ပေါ့။ အနိမ့်ဆုံးနဲ့ အမြင့်ဆုံးကြားမှာ ရှစ်ဆပဲကွာဖို့ပေါ့။ အဲဒီလိုတွက်ချက်သွားဖို့ ဆွေးနွေးနေပါတယ်” ဟု အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။
ဝန်ထမ်းများ၏ လစာအား အောက်ခြေဝန်ထမ်းအဆင့် ကျပ်တစ်သိန်းခွဲ၊ ဦးစီးမှူး (သို့မဟုတ်) ရုံးအုပ်အဆင့် ကျပ်သုံးသိန်း၊ အရာရှိအဆင့် ကျပ်လေးသိန်း၊ ညွှန်ကြားရေးမှူး အဆင့် ကျပ်ခုနစ်သိန်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး အဆင့် ကျပ် ၁၂ သိန်းအထိ လျာထားကြောင်း၊ ယင်းသို့ လျာထားချက်အတိုင်း ဝင်အောင်ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။
ဒီဇင်ဘာ ၁၈ ရက်တွင် ပြည်ထောင်စု လွှတ်တော်နာယက ဦးဆောင်၍ ဝန်ကြီးဌာနများ၊ လွှတ်တော်ကော်မတီဥက္ကဋ္ဌများသည် လာမည့်ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ကိစ္စများ၊ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း၊ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် နေ့စားဝန်ထမ်းသည် တစ်နေ့ ကျပ် ၃ဝဝဝ (စနေ၊ တနင်္ဂနွေ မပါ)၊ ရုံး အကူအဆင့်သည် တစ်လကျပ် ၇၅ဝဝဝ နှင့် စရိတ်ချီးမြှင့်ငွေ ကျပ် ၃ဝဝဝဝ ရရှိလျက်ရှိကြောင်း၊ ညွှန်ကြားရေးမှူးချုပ်၏ အခြေခံလစာမှာ ကျပ် ၁၈ဝဝဝဝ ဖြစ်ကြောင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၏ အခြေခံလစာမှာ ကျပ် ၁၅ဝဝဝဝ ဖြစ်ကြောင်း သိရသည်။
Credit - Eleven Media Group
No comments:
Post a Comment