(အငြိမ်းစားကျောင်းဆရာတစ်ဦး)
--------------------
ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီရဲ့ အမိန့်ဆိုပြီးတော့ တက္ကသိုလ်၊ ကောလိပ်တွေမှာ ကျောင်းသား ယူနီယံတွေ၊ ဆရာယူနီယံတွေ ထူထောင်ဖို့ လုပ်နေတယ် ဆိုတဲ့သတင်းတွေ ကြားရပြန်ပါပြီ။ ပညာရေးဝန်ကြီးက တစ်မျိုး၊ သမ္မတပညာရေး အကြံပေးကတစ်ဖုံ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် တက္ကသိုလ်တွေကို ဘာဖြစ်လို့ ဆွပေးနေသလဲ ဆိုတာကိုတော့ နားမလည်နိုင်လောက်အောင် ဖြစ်နေပါပြီ။
လမ်းစဉ် ပါတီခေတ်က တစ်ပါတီ အာဏာရှင်စနစ်ကို အထောက်အကူ ဖြစ်စေနိုင်တဲ့ လမ်းစဉ် လူငယ်အသင်း အဖွဲ့တွေကို တက္ကသိုလ် ကောလိပ်တွေမှာ တစ်စင်ထောင်ပြီး ဝင်လာခိုင်းတာ အမှတ်ရကြဦးမယ် ထင်ပါတယ်။ ပြောတော့ တက္ကသိုလ် ကောလိပ်တွေမှာ ကျောင်းသား အဖွဲ့အစည်းတွေ မထူထောင်ရဘူးတဲ့။ လမ်းစဉ်လူငယ် အဖွဲ့ကိုတော့ အရှက်နည်းစရာ ကောင်းလောက်အောင် သူတို့ဘာသာ ထူထောင်ခဲ့ ကြတာဟာ ကျောင်းသား အချင်းချင်းထဲမှာ သွေးကွဲစရာတွေ ဖြစ်ခဲ့ပြီးပြီဆိုတာ ဒေါ်ခင်စန်းရီတို့လောက် အဆင့်တွေက သိမှာပါ။ အဲဒီခေတ်က လမ်းစဉ် လူငယ်ဝင်တွေဆိုရင် အထူးအခွင့်အရေး ပေးတာမျိုးတွေက ကျောင်းသား အချင်းချင်း ရန်တိုက်သလို ဖြစ်ခဲ့တယ် ဆိုတာလေ။
ခုလည်းကြည့်ပါဦးဗျာ ‘သမဂ္ဂ’ ဆိုတဲ့ စကားလုံးကို ခေတ်အဆက်ဆက် တစ္ဆေအခြောက်ခံနေရတဲ့ အစိုးရက လမ်းကြောင်းပြောင်းပြီး ‘သမဂ္ဂ’ အစား ‘ယူနီယံ’ ဆိုပြီး ကျောင်းသား ဂိုဏ်းကွဲအောင်လာ လုပ်ပုံကတော့ ရည်ရွယ်ချက်ရှိရှိ တိုက်ကွက်လို့ ဆိုချင်ပါတယ်။
ဒီနေရာမှာ ဗီအိုအေ ဦးကျော်ဇံသာ၊ သမ္မတအကြံပေး ဒေါ်ရင်ရင်နွယ်၊ ယခင် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း၊ သတင်းစာဆရာကြီး တစ်ဦးဖြစ်တဲ့ ဦးသာဘန်းတို့ တွေ့ဆုံဆွေးနွေးပွဲက ဦးသာဘန်းရဲ့ ထောက်ကွက်ကလေးကို တင်ပြချင်ပါတယ်။ ဦးသာဘန်းက-
“ကျောင်းသားသမဂ္ဂဆိုတဲ့ စကားကို သူတို့က ကြောက်နေတယ်ဗျ။ ကျောင်းသားသမဂ္ဂဆိုတာ သမဂ္ဂဆိုတာ ဘုရားဟောစကား။ သူတို့က ကျောင်းသားသမဂ္ဂကို ဘာဖြစ်လို့ ကြောက်နေတာလဲ။ သတ်ခဲ့လို့ဗျ။ ကျောင်းသားတွေကို သတ်ခဲ့တော့ တစ္ဆေခြောက်နေတယ်။ အဲဒါကြောင့် သမဂ္ဂဆိုတာကို မပြောချင်ဘူး။ သမဂ္ဂလို့ပြောရင် ရှင်းနေတာပဲ” လို့ဆိုသွားတဲ့ စကားလေးက မှတ်သားဖွယ် ကောင်းလှပါတယ်။
ယူနီယံ (Union) ဆိုတာ ‘သမဂ္ဂ’ နဲ့ ဘာများ ကွာခြားသွားလို့လဲ။ ကဲဗျာ ဒါဆိုရင် သမ္မတကို သမ္မတလို့ ခင်ဗျားတို့ မခေါ်ဘဲ ‘ပရဲဆီးဒင့်’ လို့ ပြောင်းခေါ်ကြမှာလား။ ပြောတော့လည်း မြန်မာမှုကို မြတ်နိုးတယ်ဆိုပြီး မြန်မာလို နေရာတကာလိုက် ပြောင်းချင်နေတဲ့ အစိုးရက ရှေ့နောက် မညီတဲ့ ကလေးကလား စကားတွေကို သုံးပြီး ယူနီယံနဲ့ သမဂ္ဂကို နှစ်လုံးတည်းနဲ့ ကျပ်သွားအောင် လိုက်လုပ်နေတာကတော့ စေတနာလို့ မယူဆနိုင်ပါဘူး။
သမဂ္ဂဆိုတဲ့ စကားလုံးဟာ တက္ကသိုလ်မှာ တည်ခဲ့တာ အလကားတည်ခဲ့တာ မဟုတ်ဘူး။ သွေးတွေနဲ့ မော်ကွန်း ထိုးခဲ့ရတာ။ တစ်နည်းပြောရရင် သွေးနဲ့ရေးခဲ့တဲ့ စာလုံးတွေ။ သေနတ်တွေ၊ ကျည်ဆန်တွေ၊ နံပါတ်တုတ်တွေကြောင့် ထွက်ကျလာခဲ့ရတဲ့ ကျောင်းသားတွေရဲ့ သွေးနဲ့ရေးခဲ့ရတဲ့ စာလုံးတွေဆိုတာ အိပ်ချင်ယောင် ဆောင်နေတဲ့ ဝန်ကြီးတွေ အကြံပေးတွေ သိထားစေချင်ပါတယ်။
ကျွန်တော် ဒီနေရာမှာ ဂျာမန်ကဗျာ ဆရာကြီး ‘ဗားတော့ဗရက်’ ရဲ့ ကဗျာတစ်ပုဒ်ထဲက စာပိုဒ်တစ်ပိုဒ်ကို ကောက်နုတ် တင်ပြလိုပါတယ်။
“အကုန်ရရင်ရ မရရင် တစ်ခုမှ မလိုချင်ဘူး
အကုန်လွတ်ရင်လွတ် မလွတ်ရင်
တစ်ယောက်မှ မလွတ်ချင်ဘူး။
ဟေ့ စိတ်ဓာတ် ချွတ်ချုံကျအောင်
အဖိနှိပ်ခံရသလားဟေ့
သည်းမခံနိုင်လောက်အောင် အစော်ကားခံရပြီဆိုရင်
ခံရတာတွေ တစ်ကွက်ချင်း ပြန်တွေးပြီး
မခံချင်စိတ်မွေးစမ်း” တဲ့
ကဲ.. ဘယ်လောက် တန်ဖိုးရှိလိုက်တဲ့ စကားတွေလဲ။ ကျောင်းသားနဲ့ ဆရာတွေကို ကျွန်တော်ပြောချင်တာက တောင်းဆိုနေတာ ‘သမဂ္ဂ’ ဆိုတာကို မေ့မထားကြပါနဲ့။ ခုပေးနေတာ သမဂ္ဂဆိုတဲ့ စကားကို တစ္ဆေလိုကြောက်ပြီး ‘ယူနီယံ’ နဲ့ အစားထိုးဖို့ ကြိုးစားနေကြပြီ။ ဒီလုပ်ရပ်ဟာ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂ ဆိုတာတွေကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းနေတယ်ဆိုတာ သတိရှိကြပါ။ အကုန်ရရင်ရ၊ မရရင် တစ်ခုမှ မယူစေချင်ဘူး။
Credit - The Voice Weekly
No comments:
Post a Comment