ပြည်သူလူထုကြီးလည်း သိကြသားပဲခင်ဗျာ။
စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးဟာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအ၀င် ကြုံတွေ့နေရ တဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မှ ဖြစ်ပေမယ်ခင်ဗျ။ ဒီအတွက်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၄ ပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆိုလာခဲ့တယ် မဟုတ်လားခင်ဗျာ။
ပြီးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး မရပ်နားခင်မှာတော့ ၆ ပွင့်ဆိုင် တွေ့ဆုံရေးဆိုတာ ပေါ်ပေါက် လာခဲ့တယ်ခင်ဗျ။ ဒီကြားထဲမှာ ၁၄ ပွင့်ဆိုင်ဆိုပြီး လုပ်လိုက်ကြသေးခင်ဗျ။
( ထို ၁၄ ပွင့်ဆိုင် တွေ့ဆုံရေးဟာ “လိမ်ဖည်လေ ..တီးပါ့မောင်ရယ်၊ လိမ်ဖည်လေ ..တီးပါ့မောင်ရယ်” ဆိုတဲ့ အိုးစည်ဝိုင်းသီချင်းကို သတိရစေတယ်ခင်ဗျ၊ ဟဲ ..ဟဲ )
၆ ပွင့်ဆိုင် တွေ့ဆုံရေးဟာ ၄ ပွင့်ဆိုင်နဲ့ သဘော သိပ်မကွာလှသမို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်လည်း လက်သင့်ခံသလို ထောက်ခံမှုလည်း များတယ် မဟုတ်လားခင်ဗျာ။
သို့သော်လည်း အစိုးရနဲ့ စစ်တပ်ဘက်ကတော့ မရေမရာ ဝေ့လည်ကြောင်ပတ်ပဲ ခင်ဗျ။
ဒီအချိန်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကရင် တိုင်းရင်းသားရေးရာ ၀န်ကြီး တင်သွင်းလာတဲ့ ၁၂ ပွင့်ဆိုင် တွေ့ဆုံရေး တိုက်တွန်းကြောင်း အဆိုကို အတည်ပြုလိုက်သတဲ့ ခင်ဗျ။
(သတင်းဖော်ပြမှု အချို့မှာတော့ ထိုအဆိုကို လွှတ်တော်တင်တဲ့နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နဲ့ အစိုးရရုံး အတွင်းကို မုန်လာချဉ်ဖတ် ရောင်းသူတစ်ဦး နောက်ပေါက်ကနေ ၀င်ရောက်လာခဲ့သတဲ့ ခင်ဗျ။ ဒါက စကားမစပ်ပြောတာပါ ခင်ဗျာ၊ဟဲ ..ဟဲ)
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှာလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ချင်းတိုင်းရေးသားရေးရာ ၀န်ကြီးက ၁၂ ပွင့်ဆိုင်ကို ထောက်ခံတဲ့ အလားတူ အဆိုမျိုး တင်သွင်းခဲ့ပြန်တယ်ခင်ဗျာ။
( မုန်လာချဉ်ဖတ်က စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း ရောင်းတယ် ထင်ပါရဲ့ခင်ဗျ။ စကားမစပ်ပြောတာပါ ခင်ဗျ၊ ဟဲ ..ဟဲ)
ဒီနေရာမှာ စစ်အရေခွံချွတ် အုပ်စုဝင်မဟုတ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းရဲ့ ပြောကြားချက်ကို အနည်းငယ် ထုတ်နုတ် တင်ပြပါရစေခင်ဗျ။
““၁၂ ပွင့်ဆိုင် ဆွေးနွေးရေးကို တင်ပြလာတဲ့ ဒီအဆိုဟာ ပြည်ထောင်စု အစိုးရကသော်လည်းကောင်း၊ သို့မဟုတ် ပြည်ထောင်စု အစိုးရနဲ့ နီးစပ် ပတ်သက်သော နိုင်ငံရေး အခွင့်ထူးခံ လူနည်းစုတစ်စု၊ သို့မဟုတ် အဆိုပါ နိုင်ငံရေး အခွင့်ထူးခံ လူနည်းစုက ဖန်တီးထားသော အဖွဲ့အစည်းတွေကများ ဒီအဆိုကို တင်သွင်း လာခြင်းများ ဖြစ်မလာနိုင်ဘူးလားလို့ စဉ်းစားစရာ ပေါ်လာပါတယ်”” လို့ ဒေါ်ညိုညိုသင်းက ပြောတယ်ခင်ဗျ။
ဒီတော့ ၁၂ ပွင့်ဆိုင်အရေးဟာ အဘယ်ကြောင့်သော မိုးလုံးမှိုင်းဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်ခင်ဗျာ။ တိုင်းဒေသကြီး လွှတ်တော်များနဲ့ အစိုးရအဖွဲ့တွေဆိုတာလည်း စစ်ယူနီဖောင်းချွတ် အုပ်စုဝင်တွေသာ ကြီးစိုး လေ တာ မဟုတ်လားခင်ဗျာ။
ရှေ့မှာ တင်ပြခဲ့သလိုပဲ စစ်အာဏာရှင်ခေတ်မှာ စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ဖျက်ဆန့်ကျင် တော် လှန်မှု ပြုသူတွေကို “အဖျက်အမှောင့်”သမား၊ တိုင်းပြည်ရဲ့ “သူပုန်သူကန်၊ သောင်းကျန်းသူ”များ အဖြစ် သုံးနှုန်းခဲ့ကြတယ်ခင်ဗျ။
ယခုကာလဟာ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေး ခေတ်လို့ ထိုစစ်အရေခွံချွတ် အုပ်စုများပဲ အသံကောင်း ဟစ်နေကြတာ ဖြစ်တယ်ခင်ဗျ။
ဒီတော့ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ယခုကဲ့သို့ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ် ဖြစ်ပေါ် ရေးကို တွန်းလှန် တိုက်ဖျက်ဆန့်ကျင်သမှု ပြုနေသူတွေဟာ “အဖျက်အမှောင့်” သမားများ၊ တိုင်းပြည်ရဲ့ “သူပုန်သူကန်၊ သောင်းကျန်းသူများ””သာ ဖြစ်တယ်ခင်ဗျ။
ပြည်သူလူထုကြီး ခင်ဗျာ။
ရန်ကုန်တိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးက စစ်အရေခွံချွတ် ပါတီအုပ်စု အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော် အမတ်တွေကို “အဖျက်အမှောင့်”သမားများ၊ တိုင်းပြည်ရဲ့ “သူပုန်သူကန်၊ သောင်းကျန်းသူများ”လို့ သုံးနှုန်း လိုက်ခြင်းအပေါ် သဘောတူကြမယ် ထင်ပါတယ်ခင်ဗျ။
ယခင်စစ်အာဏာရှင်အစိုးရ မကြာခဏ ၀ါဒဖြန့်လေ့ ရှိတာကတော့ “အဖျက်အမှောင့်” သမားတွေကို ကာကွယ် တားဆီးဖို့အတွက် ပြည်သူတစ်ရပ်လုံးက အမျိုးသားရေး တာဝန်အဖြစ် ပါဝင်ဆောင်ရွက်ရမယ်တဲ့ ခင်ဗျ။
( ပြည်သူလူထုကြီး ခင်ဗျာ။ အမျိုးသားရေးတာဝန်အဖြစ် ကာကွယ်တားဆီးရင်လည်း သိပ်တော့ လက်လွန် ခြေလွန် မလုပ်လိုက်ကြပါနဲ့ ခင်ဗျ။၂၀၁၅ မှာ မဲမပေးတာမျိုး ဖြစ်ဖြစ်လောက်ပဲ သက်သက်ညှာညှာလေး စဉ်းစားပြီး လုပ်ကြပါ ခင်ဗျာ၊ ဟဲ ..ဟဲ ..ဟဲ )
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment