Friday, December 26, 2014

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဟန်ရွှေနှင့် တွေ့ဆုံခြင်း

 – တင်ဇာအောင်

“ကြံ့ခိုင်ရေးလိုတော့ မျှောလိုက်လို့ မရဘူးပေါ့။ တချို့ကိုယ်စားလှယ်ဆို ခလုတ်နှိပ်တာလောက်ပဲ အလုပ်ရှိတာပေါ့ . . .

ပါတီဝင်ပြီး စည်ပင်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မရတဲ့အခါ ပါတီပြန်ဝင် ဥပဒေဆိုတာ လက်တစ် လုံးခြားလုပ်တာ . . .”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်းရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)ရုံးချုပ် မြေနေရာရှိ ဆိုင်ခန်းများအား ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက် ဆုံးထား ပြန်လည် အပ်နှံရန် အကြောင်းကြားစာ ပေးပို့ထားကြောင်း ဒီဇင်ဘာ ၂၂ရက်နေ့တွင် ယင်းဆိုင်ခန်းများမှ ဆိုင်ပိုင်ရှင် များက မြန်မာသံတော်ဆင့်သို့ ဆက်သွယ်ပြောကြားသည်။

အဆိုပါ မြေနေရာအား မန်းမြန်မာဆောက်လုပ်ရေးမှ BOT စနစ်ဖြင့် ဆောက်လုပ်ရန်အတွက် စရန်ငွေ သိန်း ၉၀၀၀ ပေးပြီးဖြစ်ကြောင်း စက်တင်ဘာ လပိုင်း၌ ဆောက်လုပ်ရေး လုပ်ငန်းရှင် အသိုင်းအ၀ိုင်းမှ သတင်းများ ထွက်ပေါ်လျက် ရှိခြင်းနှင့် ပတ်သက်၍ တစညပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသိန်းထွန်းက ငြင်းဆိုလိုက်သည်။

တစည ပါတီရုံးချုပ် တည်ရှိရာ ယင်းမြေနေရာသည် ပြည်သူပိုင် မြေနေရာဖြစ် ခဲ့ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)လက်ထက် မဆလပါတီ၏ မော်တော်ယာဉ်ဝင်းအဖြစ် အသုံးပြုခဲ့သည်။ လက်ရှိ အချိန်တွင် တစညပါတီနှင့်အတူ ၉၀ ရွေးကောက်ပွဲဝင် ပါတီကြီးတစ်ခု ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည်လည်း ရုံးချုပ် တည်ရှိရာ မြေနေရာတွင် အဆောက်အအုံသစ် ဆောက်လုပ်ရန် ဆောင်ရွက်နေပြီး ယင်းမြေနေရာကို ပုဂ္ဂလိက ပိုင်ဆိုင်သူထံမှ ပေါက်ဈေးအောက် သက်သာသည့် နှုန်းထားဖြင့် ငှားရမ်းကာ ရုံးခန်းဖွင့်လှစ် နေရခြင်းဖြစ်သည်။ ပွင့်လင်းမြင်သာမှုရှိသော NLD ၏ ရုံးချုပ် အဆောက်အအုံ တည်ဆောက်ရန် အဆိုပြုရေး ဖိတ်ခေါ်ချက်ကို ယခုရက်ပိုင်းအတွင်း နိုင်ငံပိုင် သတင်းစာများတွင် တွေ့မြင် နိုင်ပါ သည်။ မြန်မာနိုင်ငံရှိ အင်အားကြီး ပါတီများအနက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာလည်း တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ယခင်ပါတီရုံးချုပ်ကို မကြာမီကပင် ပုဂ္ဂလိကသို့ အငြင်းပွားဖွယ်ရာ ဈေးနှုန်းဖြင့် ရောင်းချခဲ့ သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရုံးချုပ်ကို နေပြည်တော်တွင် ပြောင်းရွှေ့ အခြေစိုက် ထားသည်။

တစညပါတီရုံးချုပ် မြေနေရာအား အဆောက်အအုံ ဆောက်လုပ်ရန် တင်ဒါကျယ်ပြန့်စွာ မခေါ်ခြင်း၊ မန်းမြန်မာ ဆောက်လုပ်ရေးအား လုပ်ကိုင်ခွင့် ပေးထားခြင်းတို့ကြောင့် ပါတီဝင်များအကြား မပြေလည်မှု များ ဖြစ်ပေါ် ခဲ့ကြောင်း သတင်းများ ထွက်ပေါ်မှုနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာ့နိုင်ငံ့ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း မြန်မာသံတော်ဆင့်မှ ယင်းပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဟန်ရွှေ နှင့် သွားရောက်တွေ့ဆုံ မေးမြန်း ခဲ့ပါသည်။ ယင်းသို့ တွေ့ဆုံရာ၌ မန်းမြန်မာ အမှတ်တံဆိပ် ရေးသား ထားသော ပရိဘောဂ ပစ္စည်းများကို တွေ့ရပြီး ဖြေကြားသူက နိုင်ငံရေးနှင့် မပတ်သက်ဟုဆို ကာ ဖြေကြား ရန် ငြင်းဆန်ခြင်းသည် အနားသတ် မျဉ်းမသားတော့သော Political Economy ကို ရှေ့ဆောင် မောင်းနှင်စေ သည့် Globalization ခေတ်နှင့် အဟပ်မညီသည်မှာလည်း တစညပါတီ၏ ထူးခြားချက်ပင် ဖြစ်ပါသည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် တပ်မတော်အမွေဆက်ခံသော နိုင်ငံရေးပါတီများ၏ Political Will, Accountability တို့သည် နိုင်ငံသားများ၏ ဒီမိုကရေစီ ချင်ခြင်းတပ်မှုကို ၀န်ဆောင်မှု ပေးနိုင်မပေးနိုင်ကို လက်ရှိ စစ်အာဏာရှင် အမွေခံ အာဏာရပါတီ၏ နိုင်ငံရေး ရေချိန်နှင့် နှိုင်းယှဉ် အကဲခတ်နိုင်ရန် အထောက်အပံ့ ဖြစ်မည်ဟု ယူဆ ပါသည်။

မေး – ဦးတို့ ပါတီကနေ ငှားထားတဲ့ ဆိုင်ခန်းလေးတွေကို ၃ လပိုင်း လကုန် ပြောင်းရွှေ့ခိုင်းထားပြီး မန်းမြန်မာ ကုမ္ပဏီကနေ BOT (Build, Operate & Transfer) စနစ်နဲ့ ရသွားတယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လို ရသွားသလဲဆိုတာ ရှင်းပြပေးပါ။

ဖြေ – အဲဒီကိစ္စဆိုရင်တော့ နိုင်ငံရေး အကြောင်းအရာအနေနဲ့ ပတ်သက်တဲ့ ကိစ္စမဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ ဒါနဲ့ ပတ်သက်ပြီးတော့ လုပ်ပိုင်ခွင့် ရှိပါတယ်။ နိုင်ငံရေး အကြောင်းအရာနဲ့ ပတ်သက်တဲ့ ကိစ္စမေး၊ ဒါ စီမံ ခန့်ခွဲရေးနဲ့ ပတ်သက်တဲ့ကိစ္စ ဖြစ်နေလို့ပါ။ နောက်တစ်ခုကလည်း ဒီဥစ္စာနဲ့ ပတ်သက်လို့ အန်ကယ်လ်တို့ ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို အန်ကယ်လ်တို့ ပါတီကို ဂျာနယ်တစ်ခုက ဘယ်လိုလုပ်ထားလဲ၊ ဘယ်လိုပေးထားလဲ၊ BOT ဘယ်လို ပေးတာလဲ၊ ငွေဘယ်လောက် ရသလဲ ဆိုတာတွေ မေးတယ်။ အန်ကယ်လ်တို့ကို ဘဏ္ဍာရေးအရ လုပ်တာကိုင်တာ မဟုတ်ဘူး ဆိုရင် အန်ကယ်လ်တို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ အဲဒီ ကော်မရှင်ကပဲ လာရောက် စစ်ဆေးပိုင်ခွင့် ရှိတယ်။ ဒါနဲ့ပတ်သက်လို့ အန်ကယ်လ် မဖြေနိုင်တာ ဆောရီးပါ။

မေး – ဦးတို့ တစညပါတီက Political Elitism (ရေပေါ်ဆီနိုင်ငံရေး)ကို အသုံးချပြီး ဒီမိုကရေစီ revolution (၁၉၈၈ အရေးတော်ပုံ)အပြီးမှာ လက်ယာအချောင် လမ်းစဉ်အပေါ်မှာပဲ အယောင်ပြ လျှောက်လှမ်း နေတယ် ဆိုတဲ့ ဝေဖန်မှုတွေကို ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

ဖြေ – ဒါနဲ့ ပတ်သက်လို့ အန်ကယ်လ်တို့ ပါတီအနေနဲ့က လမ်းစဉ်ပါတီရဲ့ အမွေပေါ့လေ။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီလို့ နာမည် ပြောင်းလိုက်ကတည်းက အန်ကယ်လ်တို့ဟာ လမ်းစဉ်ပါတီရဲ့ ကောင်းမွေဆိုးမွေကို ခံယူတဲ့ပါတီ ဖြစ်တယ်လို့ တရားဝင် အသိပေး ကြေညာ ထားခဲ့ပြီး ဖြစ်ပါတယ်။ ပုန်းလျှိုးကွယ်လျှိုး မဟုတ်ဘူး။ ဒါကြောင့်မို့လို့ လမ်းစဉ်ပါတီရဲ့ ကောင်းမွေတွေ ကိုလည်း အန်ကယ်လ်တို့ အမွေခံပါတယ်။ ထို့အတူပဲ လမ်းစဉ်ပါတီရဲ့ ဆိုးမွေတွေကိုလည်း အမွေခံတဲ့ ပါတီဖြစ် ပါတယ်။ အန်ကယ်လ်တို့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီလို့ နာမည်ပြောင်း လိုက်ပြီးကတည်းက reform ပါတီ တစ်နည်းအားဖြင့် ပြုပြင် ပြောင်းလဲတဲ့ ပါတီတစ်ရပ်အနေနဲ့ အန်ကယ်လ်တို့ ခံယူခဲ့ပါတယ်။ ဘာကြောင့် ပြုပြင်ပြောင်းလဲတဲ့ ပါတီလို့ ခံယူလဲဆိုတော့ လမ်းစဉ်ပါတီကာလမှာ ဒီမိုကရေစီ ဗဟိုဦးစီးစနစ်ကို ကျင့်သုံးတယ် နိုင်ငံရေးအရ။ စီးပွားရေးအရ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ကျင့်သုံးတယ်။ တစ်ပါတီစနစ်ကို ကျင့်သုံးတယ်။ ဒါကလည်းပဲ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကိုက တစ်ပါတီစနစ်ကို ကျင့်သုံးမယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက ဦးဆောင်မယ် ဆိုတဲ့ဟာ အတိအလင်း ထည့်ပြီး ရေးထားပါတယ်။ အခု ဟာက တစ်ပါတီစနစ် မဟုတ်တော့ဘူး။ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးမယ်ဆိုတော့ ဒါကို လက်ခံခဲ့တယ်။ ဒုတိယဗဟို ဦးစီးစနစ် ကျင့်သုံးတာ မဟုတ်တော့ဘဲနဲ့ ဒီမိုကရေစီစနစ် ဒီမိုကရေစီ Culture ကို လက်ခံပြီး ကျင့်သုံး ခဲ့တယ်ဆိုတဲ့ ပြောင်းလဲမှု။ ဒါ့အပြင် ဆိုရှယ်လစ် စီးပွားရေးစနစ်အစား ဆိုရှယ်လစ် စီးပွားရေးဆိုတာက (Command Economies ပေါ့။ ဗဟိုက ချုပ်ကိုင်တဲ့ စီမံကိန်းရေးဆွဲတဲ့ စီးပွားရေးစနစ်) အဲဒီအစားကို ဈေးကွက် စီးပွားရေး စနစ်ကို လက်ခံတဲ့ ပါတီ ဖြစ်တယ်ဆိုတာကို အဲဒီလို ပြုပြင်ပြောင်းလဲတဲ့ တစ်နည်းအားဖြင့် ပြောရရင် Mind-Set ပေါ့လေ။ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ပါတီမှာ ပြောင်းလဲပြီးတော့ ဖွဲ့စည်းလာတဲ့ အဖွဲ့အစည်းဖြစ် တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ကောင်းမွေဆိုးမွေကို အမွေခံတဲ့ပါတီ ဆိုသော်လည်းပဲ ကျင့်သုံးတဲ့ သီးခြားပါတီရဲ့ Doctrine လို့ခေါ်တဲ့ လမ်းညွှန် သဘောတရားနဲ့ Guided Philosophy ရှိတယ်။ လမ်းစဉ်နဲ့ပါတီနဲ့ မတူတာတွေ အများကြီး ရှိပါတယ်။ နောက်တစ်ခါ ကျင့်စဉ်၊ လမ်းစဉ် ပရိုဂရမ် သီးခြားရှိတယ်။ Method ကတော့ မဇ္ဈိမပဋိပဒါကျင့်စဉ်ပေါ့။ မဇ္ဈိမ ပဋိဒါ ကျင့်စဉ်ကတော့ လမ်းစဉ်ရဲ့ အမွေကို ဆက်ပြီးခံယူဖို့၊ လမ်းစဉ်ပါတီရဲ့ လှိုင်းပေါ်မှာ စီးပြီးတော့ ဖြစ်နေတယ် ဆိုတဲ့ဟာကို လက်မခံပါဘူး။ ဒီကနေ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ချမှတ်ထားတဲ့ ၀ါဒလမ်းစဉ် ကျင့်စဉ်နဲ့အညီ ကျင့်သုံးနေတဲ့ ပါတီဖြစ်ပါတယ်။ ဒါ့အပြင် အန်ကယ်လ်တို့ပါတီက ပါတီဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း ရှိပါတယ်။ လမ်းစဉ်ပါတီတုန်းက လမ်းစဉ်ပါတီရဲ့ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ရှိတယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ရှိရသလိုပဲ ပါတီမှာလည်းပဲ ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ရှိရပါတယ်။ အဲဒီဟာအတိုင်း ကျင့်သုံးနေတဲ့ ပါတီဖြစ်တယ် ဆိုတဲ့အကြောင်းကို ပြောလိုပါတယ်။

မေး – Winner takes alls (FPTP ဟုလည်း ခေါ်ဝေါ်သည်) ကြောင့် ရှုံးတယ်။ ၉၀ ရွေးကောက် ပွဲ နောက်ပိုင်း ပြည်ခိုင်ဖြိုးသာ မပေါ်ခဲ့ရင် PR နဲ့နိုင်ငံရေး ထိုင်ခုံနေရာ ယူဖို့ တစည ပြင်ဆင်ထားတယ်။ အခု ပြည်ခိုင်ဖြိုးကိုပဲ ဦးဆောင် နေရာထားတဲ့အချိန် ဦးတို့ အရင်အစီအမံကို ပြည်ခိုင်ဖြိုးက သုံးဖို့ တော်တော်ကြိုးစားခဲ့တာဟာ မူဝါဒရေးရာအမွေ လွှဲပြောင်းမှုဆိုရင် ငြင်းချင်ပါသလား။

ဖြေ – ပထမဆုံးပြောချင်တာကတော့ ပြည်ခိုင်ဖြိုးနဲ့ အန်ကယ်လ်တို့ ဘာမှမဆိုင်ဘူး။ ကိုယ့် Identical နဲ့ ကိုယ်ပဲ မတူပါဘူး။ တချို့နေရာတွေမှာ သူတို့ပါတီ ရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း မူဝါဒလမ်းစဉ် ကျင့်စဉ်တွေကို ဖတ်ကြည့်။ အန်ကယ်လ်တို့ပါတီရဲ့ ကျင့်စဉ်ဝါဒ လမ်းစဉ်ကို ဖတ်ကြည့်လိုက်ရင် ဒါသိသာတာပဲတဲ့။ ဒီလို ကြည့်လို့ရှိရင် ဒီမေးခွန်းက မေးစရာမလိုဘူး။ ၉၀ ရွေးကောက်ပွဲမှာ ရှုံးတာကလည်း ရွေးကောက်ပွဲ ရှုံးတာဟာ ရွေးကောက်ပွဲ စနစ်ကြောင့်လို့ မပြောခဲ့ဘူး။ သို့သော် ရတဲ့မဲနဲ့စာရင် ရတဲ့ ကိုယ်စားလှယ်ဟာ မမျှမတ ဖြစ်တယ်။ တကယ်လို့သာ PR (Proportional Representatives) စနစ်နဲ့ ကျင့်သုံးလို့ရှိရင် ဒီ့ထက် ကိုယ်စားလှယ် ပိုရနိုင်တာဆိုတဲ့ ဒီလိုပဲ ပြောခဲ့တယ်။ ရွေးကောက်ပွဲ စနစ်ကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရှုံးတယ်လို့ ပြောခဲ့တာ မဟုတ်ဘူး။ ကိုယ်စားလှယ် ပိုရနိုင်တယ်လို့ ပြောခဲ့တာ။ ဘာကြောင့်လဲ ဆိုတော့ FPTP နိုင်တဲ့သူ အကုန်ယူ ဆိုတဲ့စနစ် ရွေးကောက်ပွဲမှာ မဲပေးတာဟာ ၁၁ သန်းကျော် မဲပေးတယ်။ NLD က ၇ သန်းကျော် ရတယ်။ အန်ကယ်လ်တို့က ၃ သန်းကျော် ရတယ်။ ခိုင်လုံတဲ့မဲပေါ့။ ဒါပေမဲ့ ကိုယ်စားလှယ် ကျတော့ NLD က ၃၉၂ ယောက်ရတယ်။ အန်ကယ်လ်တို့က ၁၂ ယောက်ပဲ ရတယ်။ သန်းနဲ့ချီပြီး မဲရရဲ့သားနဲ့ ဘာဖြစ်လို့ ကိုယ်စားလှယ် ၁၀ ယောက်၊ ၁၂ ယောက်ပဲ ရရတာလဲပေါ့။ ပြန်ကြည့်တဲ့ အခါကျတော့ NLD က မဲ ၆၀ ရာခိုင်နှုန်းရတယ်။ အန်ကယ်လ်တို့ က ၃၀ ရာခိုင်နှုန်းပဲရတယ်။ ကိုယ်စားလှယ် အချိုးအစား ကြည့်တဲ့အခါကျတော့ NLD က ၈၀ ရာခိုင်နှုန်းရတယ်။ အန်ကယ်လ်တို့က ၂ ရာခိုင်နှုန်းပဲရတယ်။ အန်ကယ်လ်တို့ ရတဲ့မဲဟာ ၂၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းဆိုရင် အန်ကယ်လ်တို့ ၂၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း ရသင့်တယ်။ အဲဒါမှညီမျှတာ၊ ဘာကြောင့်မရလဲ။ NLD ပါတီသည် ၆၀ ရာခိုင်နှုန်း အနိုင်ရရဲ့သားနဲ့ ကိုယ်စားလှယ်က ဘာကြောင့် ၈၀ ရာခိုင်နှုန်း ဖြစ်နေသလဲ။ ၂၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းရရဲ့သားနဲ့ ဘာဖြစ်လို့ ၂ ရာခိုင်နှုန်းပဲ ကိုယ်စားလှယ်ရှိလဲ။ ရွေးကောက်ပွဲစနစ် ဆိုတာ သွားတွေ့တယ်။ ရွေးကောက်ပွဲ စနစ်ကြောင့် ဒီလို ဖြစ်တာပဲဆိုပြီး အဲဒီအချိန်ကနေစပြီး အန်ကယ်လ်တို့ ဒီ PR စနစ်ကို လေ့လာခဲ့တယ်။ IDEA လို့ခေါ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းပါပဲ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သူတို့ရေးတဲ့ စာအုပ်စာတမ်းတွေ ဖတ်တဲ့ အခါကျတော့ PR System ကတော့ ရတဲ့မဲအပေါ် မူတည်ပြီးတော့ ကိုယ်စားလှယ် အချိုးအစား ယူတာဖြစ်တဲ့ အတွက် ပိုပြီးတော့ တရားမျှတမှု ရှိတယ် ဖြစ်သင့်တယ်လို့ အန်ကယ်လ်တို့ ခံယူတယ်။ ဒါကြောင့်မို့ PR System ကျင့်သုံးလို့ ရှိရင် ပိုပြီးတော့ မျှတမှာပဲ ဆိုပြီး ဒီအယူအဆနဲ့ အဲဒီလို PR System နဲ့ ပတ်သက်လို့ ပြောခဲ့တာ ရှိတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ကြံ့ခိုင်ရေးနဲ့ အန်ကယ်လ်တို့ ဒီလိုပဲ၊ အဲဒီတုန်းက NLD က မ၀င်ဘူး၊ သပိတ်မှောက်တယ်။ အန်ကယ်လ်တို့နဲ့ ကြံ့ခိုင်ရေးနဲ့ ပြိုင်ရတဲ့အခါကျတော့ သူတို့က သူတို့လာတဲ့ မဲရာခိုင်နှုန်း နဲ့ အန်ကယ်လ်တို့ရတဲ့ မဲ ၅ သန်းကျော်ရတယ်။ ၂၀ ရာ ခိုင်နှုန်းကျော်ကျော်လောက် အန်ကယ်လ်တို့ ရတယ်။ ဒါပေမဲ့ ကိုယ်စားလှယ်ကျတော့ ၆၄ ယောက်ပဲ ရတယ်။ အားလုံး ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းပဲ ရတယ်။ သူတို့က nearly ၈၀ ရာခိုင်နှုန်းပဲ ရတယ်။ ကိုယ်စားလှယ်ပေါ့။ ဒီ FPTP ကြောင့်ပဲ။ တကယ်လို့သာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ် ဆိုလို့ရှိရင် PR စနစ်နဲ့ ရွေးကောက်ပွဲ လုပ်လို့ရအောင် ပြင်ဆင်ပြီးတော့ PR စနစ်လုပ်သင့်တယ်လို့ ဒီသဘောထားပါ။ ၉၀ ခုနှစ် ရွေးကောက်ပွဲ ရှုံးတာဟာ PR စနစ်နဲ့မဟုတ်လို့ ဆိုတာ မဟုတ်ဘူး။ လွှတ်တော် ကိုယ်စားလှယ်ရတဲ့ အချိုးအစားပေါ်မှာ ပြောတာ။

မေး – ဟုတ်ကဲ့ပါဦး။ ပြည်သူလူထုကို ဒီမိုကရေစီ ၀န်ဆောင်မှု ပြောင်းပေးဖို့ ဆိုရှယ်လစ် ပါတီဟောင်းအတွက် အခက်ခဲဆုံးကိစ္စက ဘာလဲဆိုတာ သိချင်ပါတယ်။ ဒီ Change အတွက် လူငယ်ကေဒါ ဘယ်နှဦး Further Study လွှတ်ပြီးပါပြီလဲ။

ဖြေ – လမ်းစဉ်ပါတီမှာလည်းပဲ ဆိုရှယ်လစ် ဒီမိုကရေစီ ဒီခံယူချက်နဲ့သွားတာ။ ဒီမိုကရေစီကလည်း အမျိုးမျိုး ရှိတယ်။ သို့သော် Fundamental ကတော့ ရှိတယ်။ ဒီမိုကရေစီရဲ့အခြေခံပေါ့။ Element of Democracy လို့ခေါ်တဲ့ ဒီမိုကရေစီ အခြေခံ လွတ်လပ်မှုရှိရမယ်။ တရားမျှတမှု ရှိရမယ်။ လွတ်လပ်မှု ဆိုတဲ့နေရာမှာ Freedom of Experation ရေးတာ၊ သားတာ၊ ပြောတာ၊ ဆိုတာ လွတ်လပ်မှု ရှိရမယ်။ သို့ သော် တာဝန်ရှိ တာက ဒီမိုကရေစီ ဆိုတဲ့ နေရာမှာလည်းပဲ အခု အမေရိကားတို့၊ ဥရောပတို့မှာ ကျင့်သုံးနေတဲ့ လစ်ဘရယ် ဒီမိုကရေစီ ဆိုတာမျိုးလား။ အန်ကယ်လ်တို့ တိုင်းပြည်မှာ ဒီကနေ့ လစ်ဘရယ် ဒီမိုကရေစီဆိုတာ မကျင့်သုံး နိုင်သေးဘူး။ disable ဒီမိုကရေစီတို့ပေါ့၊ ရှေ့က နာမ၀ိသေသန ခံပြီးတော့ သုံးနေတာတွေ ရှိပါတယ်။ ဒီမိုကရေစီ ဆိုတာလည်း တဖြည်းဖြည်း ပျိုးထောင်ယူရတာ ချက်ချင်းဖြစ်စေသတည်း လုပ်လို့မရဘူး။ ယဉ်ကျေးမှု တစ်ခု Culture တစ်ခုကို ပျိုးထောင်ပြီး လုပ်ရတာ။ ဟိုတစ်ချိန်တုန်းကလည်း အမေရိကားမှာ ကျွန်စနစ် ကျင့်သုံးနေတဲ့အချိန် ဒီနေ့ထိ လစ်ဘရယ် ဒီမိုကရေစီလိုဟာမျိုး ရောက်လာအောင် နှစ်ပေါင်း ၂၀၀ ကျော်လောက် ပျိုးထောင်ရတဲ့ သဘောရှိတယ်။ ဒီမိုကရေစီရဲ့ အခြေခံ မိမိရဲ့ ကိုယ်စားလှယ်တွေကို ကြိုက် သလို ရွေးချယ်ခွင့်ရှိတယ်။ အချုပ်အခြာ အာဏာဟာ ပြည်သူတွေက ဆင်းသက်တယ် ဆိုတာ ဒီဟာတွေဖြစ်ဖို့ ဟာ အများကြီး သူတို့လေ့ကျင့် ပျိုးထောင်ခဲ့ရတယ်။ အမေရိကန် နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့ ဖြစ်လာတဲ့အထိ အမျိုးသမီးတွေဟာ မဲပေးခွင့် မရှိသေးပါဘူး။ အမျိုးသမီးတွေ မဲပေးခွင့်ရှိတာဟာ နှစ်ပေါင်း ဘယ်လောက်မှ မရှိသေးပါဘူး။ Gender Equality လို့ခေါ်တဲ့ ကျားမတန်းတူညီမျှရှိရေး ဆိုတဲ့ဟာကို ပြန်လုပ် ရတဲ့ အနေအထားရှိတယ်။ ဆိုရှယ်လစ်စနစ်မှာ သူ့ ဒီမိုကရေစီနဲ့သူ ရှိတယ်ဆိုပေမယ့်လို့ တချို့ကျတော့ အကြိုက်ချင်း မတူဘူး။ တရုတ်ပြည်မှာ ဆိုရှယ်လစ်စနစ် ကျင့်သုံးတယ်။ ကွန်မြူနစ်စနစ် ကျင့်သုံးတယ်။ အနောက်နိုင်ငံတွေကတော့ Human Right, Individual Right တစ်ဦးချင်း အခွင့်အရေး မရှိဘူး၊ ဘာဘူးနဲ့။ ဒါပေမဲ့ သူ့အရပ်နဲ့သူ့ဇာတ် ဖွံ့ဖြိုးတိုးတက်နေတဲ့ အခြေအနေရှိတယ်။ မနှစ်က ပီကင်း ရောက်ခဲ့တယ်။ စီးပွားရေးအရ အများကြီး တိုးတက်နေတယ်။ ဒါဆိုရှယ်လစ်စနစ် သူ့ဒီမိုကရေစီနဲ့သူပဲ။ သူ့အရသာနဲ့သူပဲ။ ဆိုရှယ်လစ်စနစ်ကနေ ဒီမိုကရေစီကို ပြောင်းလဲတဲ့အခါမှာ အစွန်းတွေရှိပါတယ်။ ဒီမိုကရေစီဆိုတာ လွတ်လပ် တယ်။ လွတ်လပ်မှု လွန်ကဲရာကနေ မင်းမဲ့စရိုက်ကို ဖြစ်စေတယ်။ အဲဒီလို မင်းမဲ့စရိုက် ဖြစ်မှာစိုးလို့ ဗဟိုဦးစီး စနစ် ရောက်လာရင်လည်း ဒါအစွန်းတစ်ခုပဲ။ အစွန်းတရားတွေ ရှောင်တဲ့လမ်းစဉ်ကို မှန်မှန်သွားနိုင်ဖို့ပဲ လိုပါတယ်။ အန်ကယ်လ်တို့ ပါတီက နှစ်ပေါင်း ၂၆ နှစ် ပြည့်ပြီပေါ့လေ။ ဘာပဲပြောပြော ဟိုတုန်းက လမ်းစဉ် ပါတီရဲ့ ပါတီဝင်တွေကို အခြေခံပြီး ဒီပါတီဖွဲ့ခဲ့ရတယ်။ လူသစ်တွေ စည်းရုံးပြီး လုပ်ခဲ့တာ အခုဆိုပါတီဝင် အင်အား ၄ သိန်း ၅ သောင်း ၇ ထောင်ကျော် ရှိလာပြီ။ ဒီပါတီဝင်တွေကို လည်းပဲ လမ်းညွှန် သဘောတရားဝါဒ ကျင့်စဉ် ဒါတွေကို ပြောင်းပြီးတော့ အသိဉာဏ် ဖြစ်အောင် လုပ်နေပါတယ်။ အန်ကယ်လ်တို့ ဌာနချုပ်မှာ ကော်မတီကြီး ၇ ရပ် ရှိပါတယ်။ စည်းရုံးရေး ကော်မတီကြီး၊ နိုင်ငံရေး ကော်မတီကြီး၊ စီမံခန့်ခွဲရေး ကော်မတီ ကြီး၊ လယ်သမား၊ အလုပ်သမား ကော်မတီကြီး၊ လူငယ်ကော်မတီကြီး၊ အမျိုးသမီး ကော်မတီကြီး အဲဒီယန္တရားနဲ့ သွား အန်ကယ်လ်တို့မှာ ရွေးကောက်ပွဲ ကြေညာစာတမ်း ဆိုတာရှိတယ်။ မန်နီဖက်စတိုက ရွေးကောက်ပွဲ ၀င်တဲ့အခါ ပြည်သူကိုချပြတော့ ကျွန်တော်တို့ရဲ့လမ်းစဉ်၊ မူဝါဒဟာ ဒါတွေပါပဲ။ လမ်းစဉ်ဆိုတာ အကြောင်း အရာတစ်ခုရဲ့ သဘောထားတွေကို ပြောတာ။ စီးပွားရေးဈေးကွက် စီးပွားရေး လုပ်နည်းကိုင်နည်း ကွာခြားတာ ရှိတယ်။ မူကတော့ ဒါတွေပါပဲ။ ဒါတွေကို ပါတီဝင်တွေထဲ ဖြန့်တယ်၊ ဆွေးနွေးပွဲတွေ လုပ်တယ်။

မေး – တစည ပါတီက တိုင်းရင်းသားအကျိုး ဆောင်ရွက်မယ်လို့ ကြွေးကြော် သံရှိတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တိုင်းရင်းသားတွေကြား နယ်ခြားစောင့်တပ် အငြင်းပွားမှုမှာ ဘယ်ဘက်ကို ရပ်တည်ပေးမလဲ။

ဖြေ – အန်ကယ်လ်တို့မှာ တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ မူရှိထားတယ်။ ၈၈ ခုနှစ် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီဖွဲ့တယ်။ အဲဒီမှာ ၂၃၅ ပါတီရှိတယ်။ အဲဒီပါတီ အများစုနာမည် ဒီမိုကရေစီ နာမည်မပါတာ မရှိသလောက်ပဲ။ အန်ကယ်လ်တို့ပါတီကို ဘာလို့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီပေးပြီး ဘာလို့ ဒီမိုကရေစီ မပါတာလဲ မေးတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးက ဒီမိုကရေစီထက် ပိုအရေးကြီးတယ် ထင်လို့ ဒီခံယူချက်နဲ့ ဒီနာမည်ကို ပေးတဲ့သဘောပဲ။ အန်ကယ်လ်တို့မှာ တိုင်းရင်းသားရေးနဲ့ ပတ်သက်တဲ့ သဘောထားတွေ ရှိတယ်။ ၁၉၉၃ ခုနှစ်မှာ အမျိုးသားညီလာခံ စလုပ်တယ်။ အန်ကယ်လ်တို့က ၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ၁၂ ယောက်ပဲရတယ်။ NLD က ၃၉၂ ယောက်ရတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဖို့ အမျိုးသား ညီလာခံ ခေါ်ပြီးတဲ့အခါကျတော့ ရတဲ့ ကိုယ်စားလှယ် အချိုးအစားနဲ့ အန်ကယ်လ်တို့က တက်ရတယ်။ NLD ၈၀ ကျော်၊ ၉၀ လောက် တက်ရတယ်။ အန်ကယ်လ်တို့က ၃ ယောက်ပဲ တက်ရတယ်။ ပါတီတစ်ခုကို ၅ ယောက် ကိုယ်စားလှယ်နဲ့ပေါ့။ အဲဒီတုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးက အသင်းအနေနဲ့ အများကြီး ပါနေတယ်။ ဒီကြားထဲက တဗြုန်းဗြုန်းနဲ့ NLD က သပိတ်မှောက်ပြီး ထွက်သွားပြန်ရော။ ပါတီဆိုလို့ အန်ကယ်လ် တို့ပဲ ကျန်တယ်။ Majority (အများစု)တော့ Majority ပဲ။ ဗိုလ်ကျစိုးမိုးတဲ့ Majority ဖြစ်တယ်။ အခု ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တိုင်းရင်းသားနဲ့ ပတ်သက်လို့ အဓိကအားဖြင့် နောက်မှာပါတဲ့ ဇယားအရ သူတို့ ဥပဒေပြုတဲ့ အာဏာ၊ အုပ်ချုပ်မှုအာဏာ ပေးတယ်။ ဒီဇယားကို ကြည့်ရင် ဗဟိုက ချုပ်ကိုင်ထားတာ တော်တော်များတဲ့ သဘောရှိတယ်။ တိုင်းရင်းသားတွေ လုပ်ကိုင်ခွင့် ပေးတာ နည်းနေတယ်။ ဒါကြောင့်မို့လို့ ပြင်ဖို့ဆိုတဲ့အခါမှာ ဒီဟာကို အဓိက စပြောလာတာ ဖြစ်တယ်။ အန်ကယ်လ်တို့မှာ တိုင်းရင်းသားနဲ့ ပတ်သက် လို့ အဓိကမူ ၄ ချက်ရှိတယ်။ ၁။ တန်းတူညီတူရှိရေး ၂။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရေး ၃။ တိုင်းရင်းသား လူမျိုးတစ်မျိုး အနေနဲ့ ရှင်သန်ရပ်တည်ပိုင်ခွင့်ရှိရေး ၄။ တိုင်းရင်းသား လူမျိုးတွေ အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုရှိရေး ဒီအခြေခံ ၄ ချက်ရှိတယ်။ သူတို့ကို ပေးထားတဲ့ အုပ်ချုပ်မှု စီးပွားရေးအာဏာသည် နည်းနေတယ်။ ဒါတွေကို ပြင်ပေးပါ။ ဒီကနေ့ တိုင်းရင်းသားတွေဘက်က ပစ်မယ်ခတ်မယ်ဆိုရင်တော့ အန်ကယ်လ်တို့ ကန့်ကွက်မှာ။

မေး – ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဖို့ ဘာတွေပြင်ဆင်နေလဲ။ ၉၀ နဲ့ယှဉ်ရင် မဲဆန္ဒနယ် ဘယ်လောက်ထိ လျော့သွားမလဲ။

ဖြေ – ၉၀ ရွေးကောက်ပွဲ တုန်းကလည်း အန်ကယ်လ်တို့ တော်တော်ကို အခြေအနေဆိုးတဲ့ အခြေအနေပါ။ ၈၈ က လမ်းစဉ်ပါတီကို ဖြုတ်ချ တဲ့နှစ် ပြည်သူတစ်ရပ်လုံး အုန်းအုန်းကျွက်ကျွက် ဖြစ်ပြီးတော့ တပ်မတော် အာဏာ သိမ်းတဲ့နှစ် ဖြစ်တာပေါ့။ ၂ နှစ်ပဲ ရှိသေးတယ်။ ၉၀ ရွေးကောက်ပွဲ လုပ်တဲ့အခါကျတော့ အန်ကယ်လ်တို့ ဒီလောက် ရမယ် မထင်ဘူး။ ၃ သန်းကျော်ရတဲ့ အခြေအနေဆိုတော့ တော်တော်လေး အားကောင်းပါတယ်။ အဲတုန်းက NLD နဲ့ အန်ကယ်လ်တို့ပဲ ရှိတယ်။ ကျန်တာက ပါတီအသေးလေးတွေ။ အခုကျတဲ့ အခါကျတော့ အဲဒီအချိန်ထက် အများကြီး ပြောင်းလဲသွားပြီ။ ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ NLD ရှိတယ်။ အန်ကယ်လ်တို့ရှိတယ်။ ဒါအပြင် တိုင်းရင်းသားတွေ ရှိတယ်။ ချင်းအမျိုးသားတွေချည်းပဲ ပါတီက ၉ ခုလောက် ရှိတယ်။ ရှမ်းကလည်း ဒီလိုပဲ။ မွန်၊ ကရင် ဒီဟာတွေကလည်း ရှိတဲ့အခါကျတော့ တော်တော်လေး မျှရမယ့် သဘောရှိတယ်။ PR System ကျင့်သုံးပြီးတော့ ရတဲ့မဲအပေါ် ကိုယ်စားလှယ် ပါဝင်လာရင် ဒါဟာ အများစု ရပြီးတော့ လွှတ်တော်မှာ လုပ်ချင်တာ လုပ်တဲ့ဟာ ကင်းပျောက်သွားမယ်။ မဲဆွယ်စည်းရုံးမှုကတော့ ပုံမှန်မဲဆွယ် စည်းရုံးမှုကတော့ ရှိတယ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း ၀င်ပြိုင်ခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ၀င်ပြိုင်ခဲ့တယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ၀င်ပြိုင်ခဲ့တယ်။ ဒီအတွေ့အကြုံအရဆိုရင် တချို့နေရာတွေမှာ ဖွဲ့စည်းထားမှုကို လျှော့လိုက်ရတာ ရှိတယ်။ အရင်က မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့နေရာမှာ အားလုံးနီးပါး ဖွဲ့စည်းထားနိုင်တဲ့ ၉၀ ခုနှစ်တုန်းက အခုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေ ပေးလိုက်တဲ့ အခါကျတော့ အဲဒီတော့ အန်ကယ်လ်တို့က မရဘူး။ ဘာကြောင့်မရလဲ ဆိုတော့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲထားတယ်။ အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ထားတယ် ဆိုပေမယ့် လက်နက်စွန့်ထားတာ မရှိသေးဘူး။ ကရင်ပြည်နယ် လည်း ဒီအတိုင်းပဲ။ ၂၀၁၀ အတွေ့အကြုံအရ အန်ကယ်လ်တို့ အများကြီးခံရတယ်။ လူမျိုးရေးအရကိုက စကားပြောလာနိုင်တယ်။ ၃၀ လောက် မဖွဲ့နိုင်ဘူး။ ၀င်တဲ့အခါ မြို့နယ်အလိုက် စိစစ်ပြီးတော့ ၀င်ရမယ့် သဘော ရှိတယ်။

မေး – လွှတ်တော်ထဲ ရောက်နေတဲ့ တခြားကိုယ်စားလှယ်တွေရဲ့ အားနည်းချက် အားသာချက်တွေ ကို စောင့်ကြည့် လေ့လာ အကဲခတ်တာမျိုးရှိလား။ ရှိရင် အဲဒါတွေကို မဲဆွယ်စည်းရုံးရေး ကာလမှာ ဘယ်လို အသုံးချမလဲ။

ဖြေ – အန်ကယ်လ်တို့ ကိုယ်စားလှယ် ပြည်ထောင်စုလွှတ်တော်မှာ ၁၇ ယောက်ရှိတယ်။ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ ၄၇ ယောက် ရှိတယ်။ ကိုယ့်လွှတ်တော် ကိုယ်စားလှယ်တွေကို စောင့်ကြည့်ရတာ ရှိသလို တခြား ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်မှုတွေကိုရောပဲ စောင့်ကြည့်ရတဲ့ သဘောရှိတယ်။ အန်ကယ်လ်တို့မှာ လွှတ်တော် အထောက်ကူပြုအဖွဲ့ ဖွဲ့စည်းထားတာ ရှိတယ်။ လွှတ်တော်ကလည်းပဲ စလုပ်တာ Research (သုတေသန) လုပ်ဖို့ အင်စတီကျူးရှင်းကလည်း ဘာမှမရှိသေးဘူး။ အများကြီး ပြည့်စုံအောင် လုပ်ရမယ်။ ၂၀၂၀ လောက် ဆိုရင် တော်တော့်ကို အရှိန်ရတဲ့ လွှတ်တော် သဘောမျိုး ဖြစ်လာပါလိမ့်မယ်။ ဆိုရှယ်လစ် လမ်းစဉ်ပါတီတုန်းက လွှတ်တော် တစ်ခုတည်းပဲ။ အဲဒီတည်းကနေ လွှတ်တော် မရှိတော့ဘဲနဲ့ အခုမှကြိုးစားပြီး လုပ်တယ်ဆိုပေမယ့် အားရ ကျေနပ်ဖွယ်တော့ မရှိပါဘူး။ အန်ကယ်လ်တို့က လူနည်းစု ဖြစ်တဲ့အတွက် ပိုကြိုးစားရတဲ့ သဘောရှိပါတယ်။ မေးခွန်းတစ်ခု အငြင်းပွားရင် မဲခွဲဆုံးဖြတ်ရင် အန်ကယ်လ်တို့ ရှုံးမယ် ဆိုတာ အသိသားပဲ။ ကြံ့ခိုင်ရေးက အများစုဖြစ်နေတာ။ ဒါပေမဲ့လည်းပဲ ရှုံးမယ်မှန်း သိပေမယ့် ပြည်သူ့ဘက်က ရပ်တည်တဲ့အတွက် အန်ကယ်လ်တို့ပါတီက ကြိုးစားပြီး လုပ်နေတဲ့အတွက် တစ်ပန်းသာပါတယ်။ တခြားလူနည်းစု ပါတီတွေလည်း ဒီအတိုင်းပဲပေါ့။ ကြံ့ခိုင်ရေးလိုတော့ မျှောလိုက်လို့ မရဘူးပေါ့။ တချို့ လွှတ်တော် ကိုယ်စားလှယ်ဆို ခလုတ်နှိပ်တာလောက်ပဲ အလုပ်ရှိတာပေါ့။ မဲဆွယ်စည်းရုံးရေးက ပါတီစုံစနစ်မှာ အဓိကထားရမယ်။ ဖဆပလ လက်ထက်မှာလည်း မဲဆွယ်စည်းရုံးမှုက ပြဿနာ တက်ထားတယ်။ တစ်ယောက် နဲ့ တစ်ယောက် အပုပ်ချ။ အဲဒီကနေ သတ်ကြ၊ ဖြတ်ကြတွေ ဖြစ်ခဲ့ဖူးတယ်။ အန်ကယ်လ်တို့က တခြားပါတီကို အပုပ်ချပြီး ပြောဆို စည်းရုံးဖို့ မဟုတ်ဘဲနဲ့ ကိုယ့်မူဝါဒအယူ အဆကို ပြည်သူကိုချပြတဲ့ မဲဆွယ်စည်းရုံးမှုသာ ဆိုရင် ပိုပြီးတော့ ပြိုင်ဆိုင်မှုဖြစ်မယ်။ ပါတီမှာလည်း ကျင့်ဝတ်ရှိသင့်တယ်။ စာနယ်ဇင်းမှာလည်း ကျင့်ဝတ် ရှိသလိုပေါ့။ အန်ကယ်လ်တို့ ပါတီအနေနဲ့က တခြားပါတီတွေကို ပြိုင်ဘက်လိုပဲ သဘောထားတယ်။ ရန်ဘက်လို သဘောမထားဘူး။ နိုင်ငံရေးပါတီတွေဟာ ရန်ဘက်မဟုတ်ဘူး၊ ပြိုင်ဘက်တွေဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ မဲဆွယ် စည်းရုံးသွားမှာပါ။

မေး – ဦးတို့ တစညပါတီက မဆလ ပါတီကနေ အသွင်ပြောင်းလာတဲ့ ပါတီဖြစ်လို့ မဆလပါတီရဲ့ အရင်ဥက္ကဋ္ဌ ဟောင်း ဦးနေ၀င်းရဲ့ မြေးတွေပေါ့နော်။ သူတို့ကလည်း နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါလာတော့ ဦးနေ၀င်း မြေးတွေက လက်ရှိအချိန် ပါတီမှာ ပါဝင်ပတ်သက် အားပေးထောက်ပံ့ တာတွေ ရှိပါသလား။

ဖြေ – အန်ကယ်လ်တို့နဲ့ လူမှုရေးအရတော့ ရှိပါတယ်။ နိုင်ငံရေးပါတီအနေနဲ့ ပါဝင်ပတ်သက်တာ မရှိပါဘူး။ လူမှုရေး အရတော့ ဆက်ဆံတာ ရှိပါတယ်။

မေး – ဦးတို့ ပါတီထဲကကော စည်ပင်ရွေးကောက်ပွဲ ၀င်ပြိုင်တာတွေ ရှိသလား။

ဖြေ – ၀ိနည်းလွတ် လုပ်တယ်ဆိုတာ ကောင်းသလား။ ဒါလည်း လိမ်နည်းတစ်ခုပဲ။ မုသာဝါဒပဲ။ ပါတီဝင်ပြီးတဲ့ အခါ စည်ပင်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မရတဲ့အခါ ပါတီပြန်ဝင် ဥပဒေဆိုတာ လက်တစ်လုံးခြား လုပ်တယ်ဆိုတာ ဒါပဲ၊ လုပ်သင့်သလား စဉ်းစားကြည့်ပါ။ အဲလိုထဲမှာ အန်ကယ်လ်တို့ ပါတီမပါဘူး။ ဖဆပလ လက်ထက်မှာ မြူနီစပါယ် လူကြီးရွေးပွဲတွေ လုပ်တယ်။ အဲဒီမှာ ပြည်သူက ရွေးချယ်တဲ့ လူကပဲ လုပ်ငန်း အဆုံးအဖြတ် ပေးတာ။ လက်တွေ့အကောင်အထည်ဖော်တာ Staff တွေက အကောင်အထည်ဖော်တာ။ တကယ် လုပ်နိုင်တဲ့ သူကိုရှာပြီးတော့ ပါတီက တင်ပေးရတာ။ ပါတီက ထွက်ပြီးတော့ လုပ်တာမျိုး မဟုတ်ဘူး။ ကိုယ့်ပါတီ အကျိုးပြုတာ မပြုတာထက် ပြည်သူကို အကျိုးပြုတဲ့ ဦးတည်ချက်ပဲ။ လူ ၆၀၀ ရှိရင် ၃၀၀ ပဲ မဲပေးလို့ရရင် ကျန်တဲ့သူတွေကရော ဘာလို့ မဲပေးလို့မရတာလဲ။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အထောက်အကူပြု အဖွဲ့တွေ ၀င်ပါပြီးတော့ လုပ်နေတာတွေလည်း ရှုပ်ရှုပ်ထွေးထွေးပဲ။ စည်ပင်ရွေးကောက်ပွဲက တရားမမျှတဘူးလို့ ပြောနေတာတွေ ရှိပါတယ်။ ကိုယ့်ပါတီက လူတွေရရင် လေလံတွေရမယ်။ ဟိုဟာတွေ ရမယ်ဆိုပြီး လုပ်နေ ရင်တော့ ဒီပါတီက သိပ်အသုံးမကျသေးဘူးပဲ။

မေး – တစညဟာ မိဘပါတီ (စစ်အာဏာရှင်ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ )ကြောင့် နိုင်ငံရေး ချွတ်ခြုံကျခဲ့တယ်။ ၉၀မှာလည်း လူထုအပယ်ခံဆိုတာ ငြင်း မရတော့ပေ မယ့် နောင်နှ စ် ၂၀ ကျော် ဒီမူဝါဒ ထီးရိပ်အောက် ဆက်ခိုလှုံနေသူတွေရဲ့ အနာဂတ် မျှော်မှန်းချက်နဲ့ ယုံကြည်ချက် ကို ပြောပြပါ။

ဖြေ – နိုင်ငံရေးပါတီရဲ့ ရပ်တည်မှုက ရွေးကောက်ပွဲနဲ့ပဲ တိုင်းတာလို့မရဘူး။ နိုင်ငံရေးပါတီရဲ့ ဦးတည်ချက် ရည်မှန်းချက် ဆိုတာက ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်။ တချို့က နိုင်ငံရေး ပါတီကို ရွေးကောက်ပွဲနဲ့ နှိုင်းတယ်။ ရွေးကောက်ပွဲမှာ ရသည်ဖြစ်စေ မရသည်ဖြစ်စေ နိုင်ငံရေးပါတီတွေဟာ ကိုယ့်မူဝါဒ အယူအဆကို ပြည်သူတွေကြားထဲ ရောက်နေအောင် လုပ်နေရမှာပဲ။ နိုင်ငံရေးပါတီရဲ့ ဦးတည် ချက်ပဲ။ သမီးပြောတဲ့ နိုင်ငံရေး ချွတ်ခြုံကျတယ် ဆိုတာဟာ အန်ကယ်လ်တို့ ပါတီဟာ ဒီကနေ့ နိုင်ငံရေးပါတီမှာ သက်တမ်းအရှည်ဆုံး ပါတီတစ်ခုပဲ။ ၃၀၅ မြို့နယ် ဖွဲ့ထားနိုင်တယ်။ ၂၆ နှစ်မှာ အန်ကယ်လ်တို့က ၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပါတီဖွဲ့တယ်။ NLD က ၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ ဖွဲ့တယ်။ ဒါကြောင့် သက်တမ်းအရှည်ဆုံး ပါတီလို့ ပြောတာ။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ၂၀၁၀ မှာ ဖွဲ့တာ။ ဟိုတုန်းက အသင်း လိုလို ဘာလိုလိုနဲ့ လုပ်နေတာ။ အဲလောက်ထိ သက်တမ်းရှည်ပြီး နေလာနိုင်တာ ပါတီရဲ့ ထူးခြားတဲ့ အင်္ဂါရပ် တစ်ခုပါပဲ။ နိုင်ငံရေးပါတီက နိုင်ငံရေး ချွတ်ခြုံကျသလား မကျသလားဆိုတာ ဒါကိုကြည့်ရမယ်။ ပြည်သူက အလိုမကျလို့ အမျက်မပြေရင် အမျက်ပြေတဲ့အထိ စောင့်ရမှာပဲ။ နိုင်ငံရေးပါတီတစ်ခု ထူထောင်ပြီဆို ရင် စောင့်နိုင်တဲ့၊ တောင့်နိုင်တဲ့ အရည်အချင်းလည်း ရှိရမယ်။ ရေပေါ်ဆီ နိုင်ငံရေးပါတီမျိုး အန်ကယ်လ်တို့ ပါတီ မဟုတ်ဘူး။ လမ်းစဉ်ပါတီရဲ့ ကောင်းတဲ့ အတွေ့အကြုံကို ယူတာပေါ့။

အမည် – ဦးဟန်ရွှေ

မွေးသက္ကရာဇ် – ၁၉၄၁ ခုနှစ်၊

ဇာတိ – ပဲခူး၊

ပညာအရည်အချင်း – ၁၉၆၂ ခုနှစ် ရန်ကုန်တက္ကသိုလ်တွင် ၀ိဇ္ဇာဘွဲ့ရ။

လမ်းစဉ်ပါတီ ကာလ၌ မြို့နယ်အတွင်းရေးမှူး၊ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့၊ ပါတီဌာနချုပ် ညီလာခံ၌ ရွေးခံရပြီး ဗဟိုကော်မတီဝင်ဖြစ်။ ဗဟိုကော်မတီဝင်ကနေ ဗဟိုကော်မတီအတွင်းရေးမှူး၊ ၈၈ ခုနှစ်တွင် မဆလ ပါတီမှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အမည်ပြောင်းလဲခဲ့ပြီး တစညပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီ စည်းရုံးရေး ကော်မတီကြီး တာဝန်ခံအဖြစ် တာဝန်ယူ ဆောင်ရွက်။

တစညပါတီသည် ပြည်နယ်နှင့်တိုင်း ၁၄ ခုတွင် ကော်မတီများ ရှိပြီး ရပ်ကျေး၌ ကျေးရွာအုပ်စု တစ်သောင်း ကျော် ဖွဲ့စည်းထားနိုင်။ ပါတီညီလာခံ ကျင်းပရာ၌ မြို့နယ်ဥက္ကဋ္ဌ (သို့မဟုတ်) အတွင်းရေးမှူး တစ်ယောက် တက်ရပြီး ညီလာခံမှ ချမှတ်သည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဗဟိုကော်မတီ ၂၀၀ ဖွဲ့။ ဗဟိုကော်မတီ ၂၀၀ ဖွဲ့ပြီးမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီ။ ဗဟို အလုပ်အမှုဆောင် ကော်မတီမှာ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူးရှိပြီး ဒုဥက္ကဋ္ဌ မရှိ။ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ၂၅ ဦးရှိပြီး ၎င်းအောက်တွင် စည်းရုံးရေး ကော်မတီကြီး၊ လူငယ် ကော်မတီကြီး၊ အမျိုးသမီးကော်မတီကြီး ၇ ခုထားရှိ။ ယင်းကော်မတီကြီး ၇ ခု အောက်၌ ပြည်နယ်/တိုင်း၊ မြို့နယ်၊ ရပ်ကျေး အဆင့်ဆင့်ရှိပြီး လိုအပ်သည့် နေရာမှသာ ခရိုင်ဖွဲ့စည်းသည်။ ပါတီညီလာခံကို ၅ နှစ် ၁ ခါ သို့မဟုတ် ၄ နှစ် ၁ ခါ ကျင်းပ။

 မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

 

 
 

No comments:

Post a Comment