နိုင်ငံရေးသမားတွေ လှုံ့ဆော်တာကြောင့် တည်ဆဲဥပဒေတွေကို မသိနားမလည်ကြတဲ့ ပြည်သူတွေ ထောင်ထဲ ရောက်နေရတာလို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။ နိုင်ငံရေးသမားတွေ စည်းရုံးရေးလုပ်တာ သွေးထိုးလှုံ့ဆော်ရာ ရောက်သလား။
ပြည်သူတွေ ဆန္ဒပြလာအောင် နိုင်ငံရေးသမားတွေရဲ့ သွေးထိုး လှုံ့ဆော်တာကြောင့် တည်ဆဲဥပဒေတွေကို နားမလည်တဲ့ ဆန္ဒပြ ပြည်သူတွေ ထောင်ချခံနေရတယ်လို့ သူကဆိုပါတယ်။
“မိမိတို့ရဲ့ဆန္ဒတွေကို ထုတ်ဖော်တဲ့ နေရာမှာ ဥပဒေနဲ့အညီ ဖြစ်ဖို့လိုပါတယ်။ အများစုသော နိုင်ငံသားများဟာ ဒီကနေ့ တည်ဆဲဥပဒေများကို နားလည်မှု နည်းတယ်လို့ ယူဆရပါမယ်”လို့ ဦးရွှေမန်းက ပြောပါတယ်။
ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုရေစီနိုင်ငံတော် တည်ဆောက်ရာမှာ ပြည်သူတွေ အနေနဲ့ မိမိတို့ဆန္ဒကို ထုတ်ဖော်ခွင့် ရှိပေမယ့် တည်ဆဲဥပဒေကို သိရှိနားလည်သူတွေက ဥပဒေကို နားမလည်တဲ့ ပြည်သူတွေကို သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။
“ဒီလို နားမလည်တဲ့ ပြည်သူများကို တခြားနားလည်ပြီး သွေးထိုး လှုံ့ဆော်သူတွေကြောင့် ကျွန်တော်တို့ ပြည်သူတွေ နစ်နာပြီးတော့ အချုပ်ထဲရောက် တရားစွဲဆိုခံနေရတာလည်း အင်မတန်မှ ဝမ်းနည်းစရာ ကောင်းပါတယ်”လို့ ဦးရွှေမန်းက ထပ်မံပြောဆိုပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့က ပဲခူးမြို့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြုလုပ်တဲ့ တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲမှာ သူက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံရေး လိုအပ်ချက်အရ ပြည်သူတွေက ဆန္ဒပြပိုင်ခွင့်ရှိသလို နိုင်ငံရေးသမားတွေကလည်း စည်းရုံးခွင့်ရှိပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ဖို့ပဲ အရေးကြီးတယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က မှတ်ချက်ပြုပါတယ်။
“နိုင်ငံရေးသမား တက်ကြွလှုပ်ရှားသူဆိုတာ စည်းရုံးမှာပဲ ဟောပြောမှာပဲ။ ပြည်သူက ဒါကိုလက်ခံတာနဲ့ သွေးထိုး လှုံ့ဆော်တယ်လို့ ပြောလို့မရဘူး”လို့ သူကဆိုပါတယ်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလအထိ တစ်နိုင်ငံလုံးတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၃၀ ကျော်ဟာ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုနဲ့ တရားရင်ဆိုင်နေရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
Credit - The Voice
![]() |
No comments:
Post a Comment