
နှစ်ပေါင်းလေးဆယ်ကြာ ခင်မင်ခဲ့ရသော အင်မတန်ချစ်စရာကောင်းသည့် မိန်းမငယ်လေးတစ်ဖြစ်လဲ သူငယ်ချင်းဖြစ်သူ စု (ဒေါ်အောင်ဆန်းစုကြည်)မှာ ယနေ့ ပြန်တွေ့ချိန်တွင်တော့ အင်မတန်စွမ်းအားကြီးသည့် အမျိုးသမီးကြီးတစ်ယောက် ဖြစ်နေပါပြီ။
၁၉၈၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသည့် သူငယ်ချင်းစုက ၂၀၁၀ တွင် တက်လာသည့် အစိုးရသစ်လက်ထက်၌ အချုပ်အနှောင်များမှ လွတ်မြောက်လာခဲ့ပြီဖြစ်သည်။
နေအိမ်အကျယ်ချုပ်က လွတ်ပြီးနောက် ဂျပန်နိုင်ငံသို့ ပြန်ရောက်လာမည့် သူငယ်ချင်းစု(ဒေါ်အောင်ဆန်းစုကြည်)ကို နိုရီကို မျှော်နေမိသည်။ မျှော်လင့်သည့်အတိုင်း စုတစ်ယောက် ကျိုတိုမြို့သို့ ဂျပန်အစိုးရ၏ ဖိတ်ကြားချက်ဖြင့် ရောက်ရှိလာသည်။ စုက ဂျပန်ကို ချယ်ရီတွေပွင့်သည့်အချိန်နှင့်ကိုက်၍ ပြန်လာချင်ခဲ့တာဖြစ်သည်။ သို့သော် စုလာသည့်အချိန်က ဧပြီလလယ်ဖြစ်၍ ဂျပန်တွင် ချယ်ရီပွင့်ချိန်ကုန်သွားခဲ့ပြီ။
ကံကောင်းသည်မှာ စုက နိုရီကို၏ တောအိမ်လေးကို လိုက်လည်ချင်သည်။ ကျိုတိုကနေ မိနစ်လေးဆယ်ရထားစီးပြီးမှ သွားရသည့်ရွာလေးတွင် နိုရီကို့အိမ်ရှိသည်။ ရွာလေးဖြစ်၍ တိုကျိုတို့ ကျိုတိုတို့လို မြို့ကြီးပြကြီးမဟုတ်သဖြင့် နိုရီကိုတို့ရွာက ဘိဝါရေကန်ကြီးဘေးတွင် အချိန်မဟုတ်သော်လည်း ချယ်ရီပွင့်နေသည်။ တစ်နည်းအားဖြင့် ချယ်ရီတွေက စုအလာကို စောင့်နေခဲ့တာပဲဖြစ်မည်။
ဖေဖေက ရုပ်ချောတယ်လို့ ပြောလေ့ရှိတဲ့ ကင်မ်
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ နိုရီကိုနှင့် ခင်ပွန်းဆာဒါယိုရှီအို့စုက ၂၀၁၃ ဧပြီလတွင် ကျိုတိုသို့ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်ကို စီစဉ်ပေးရသည်။
စုသည် ဂျပန်ကို ပထမဆုံးအကြိမ်အဖြစ် ၁၉၈၅-၈၆ တွင် ကျိုတိုတက္ကသိုလ်၏ အရှေ့တောင်အာရှ လေ့လာရေးဌာနသို့ ဧည့်သုတေသီအဖြစ် ရောက်လာခဲ့သည်။ တက္ကသိုလ်က ပေးထားသည့်အခန်းမှာ ကွန်ကရစ်အုတ်တိုက်ဖြစ်၍ စုက ထိုအိမ်မှာမနေချင်။ နိုရီကိုတို့ တောအိမ်ကလေးကိုပဲ လိုက်နေလေ့ရှိသည်။ အမှန်တော့ နိုရီကိုတို့အိမ်ကလေးတွင် ဘာမှမရှိ။ အိမ်ကကြည့်လျှင် မြင်ရသည့် ဘိဝါရေကန်ကြီးမြင်ကွင်းက အရမ်းလှ၍ စုက နိုရီကို အိမ်မှာပဲနေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်သည်။
ထိုအိမ်လေး၏ မီးဖိုချောင်တွင် များသောအားဖြင့် စုနှင့် နိုရီကိုတို့ ထမင်း၊ ဟင်း ချက်ကြလေ့ရှိသည်။ မီးဖိုချောင်မှာ သူတို့နှစ်ယောက် အများဆုံးပြောဖြစ်တာက မိမိခင်ပွန်းသည်အကြောင်းတွေဖြစ်သည်။ ထိုစဉ်က ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်သည့်မင်းသား ရော်ဂျာမိုး နာမည်ကြီးနေချိန်ဖြစ်သည်။ စုပြောစကားထဲတွင် ဦးမိုက်ကယ်အဲရစ်မှာ ဂျိမ်းစ်ဘွန်းမင်းသားလောက်လည်း မချောဘူးဟု ပြောတာမျိုးလည်း ရှိခဲ့သည်။ ထိုအခါ သားငယ်ကင်မ်အဲရစ်က ချက်ချင်းပင် ဖေဖေကရုပ်ချောပါတယ်ဟု ဒိုင်ခံပြန်ပြောလေ့ရှိသည်။

ကျိုတိုမှာ ဈေးဝယ်ထွက်တဲ့စု
၂၀၁၃ တွင် စု ကျိုတိုကို ပြန်ရောက်လာချိန်၌ အရင်လို စားသောက်ဆိုင်တွေမှာ သွားစားဖို့အခြေအနေမပေးတော့။ လူတိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို သိနေသည့်အတွက် လွတ်လွတ်လပ်လပ်နေလို့ရသည့် အနေထားတွင်မရှိ။ နောက်ဆုံး ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးက စုကို သူ့ထံတွင်လာနားဖို့၊ ဂျပန်ရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံဖို့ဖိတ်ခေါ်ခဲ့သဖြင့် အဆင်ပြေသွားရသည်။ ဘုန်းတော်ကြီးကျောင်းတွင် စားသောက်နားနေပြီးမှ ကျိုတိုမြို့ပြင်ဘက်က ဈေးကို ထွက်ဝယ်ကြရန် စီစဉ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ခန့်က ဂျပန်ဧကရာဇ်တစ်ပါးက ဈေးလုပ်ရန် သတ်မှတ်ခဲ့သည့် နာမည်ကျော် ကျိုတိုမြို့ဈေးလည်းဖြစ်သည်။ ထိုဈေးကို စု၏အနီးကပ်လက်ထောက် ဒေါက်တာတင်မာအောင်သွားချိန်တွင် ဂျပန်ရောက်မြန်မာမိသားစုနှင့် တွေ့ခဲ့ကြောင်းနှင့် အလွန်ပျော်ဖို့ကောင်းကြောင်း ပြန်ပြောပြသည်။ စုက ထိုဈေးကို လိုက်ပို့ဖို့ အို့စုတို့မောင်နှံကို ပူဆာပါတော့သည်။
ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို ဂျပန်ထောက်လှမ်းရေးနှင့် နိုင်ငံခြားရေးဌာနက စီစဉ်နေပြီး ငါးမိနစ်တစ်ခါလောက် လှည့်လည်စစ်ဆေးနေချိန်လည်းဖြစ်သည်။ ‘‘ခင်ဗျားသွားလို့မဖြစ်ဘူး။ သွားခွင့်မပြုနိုင်ဘူး’’ဟု ဆာဒါယိုရှီက ပြောချိန်တွင် စုကလည်း ချက်ချင်းပင် ‘‘ကျွန်မက ဘာကြောင့်သွားလို့မရရမှာလဲ’’ ဟုပြန်ပြောသည်။ နောက်ဆုံး အရမ်းသွားချင်နေသည့် စုကြောင့် နိုရီကို့ခင်ပွန်းမှာ ဂျပန်ထောက်လှမ်းရေးများကို ခွင့်တောင်းပေး၍ ဈေးတန်းကြီးတစ်ခုလုံးအတွင်းက မီတာတစ်ရာ့ငါးဆယ် အကွာအဝေးရှိသည့် တစ်ဘလောက်သာသာ ဈေးတန်းလေးကို စုလည်ပတ်ခွင့်ရသွားသည်။
စစချင်းတွေ့သည့် ဆိုင်လေးက ဟင်းသီးဟင်းရွက်နှင့် ပြုလုပ်ထားသည့် စားစရာမုန့်ဆိုင်ဖြစ်သည်။ ဒီမုန့်ဆိုရင်တော့ ဒေါ်တင်မာအောင် ကြိုက်မှာပဲဆိုပြီး စုက မုန့်သုံးလေးခုကို ၀ယ်လိုက်သည်။ ဆိုင်ကိုထုပ်ပိုးရန်မှာပြီးနောက် စုက အနားတွင်ရှိသော နိုရီကို့ခင်ပွန်း ဆာဒါယိုရှီကို ‘‘အို့စုစံ ရှင်ပေးလိုက်ပါ’’ ဟု ခပ်တည်တည်ပင်ပြောသည်။
နောက်တစ်ဆိုင်က ဂျပန်မုန့်အချိုတွေရောင်းသည့်ဆိုင် ဖြစ်သည်။ ထိုမုန့်မျိုးကို စုအရမ်းကြိုက်သည်။ မုန့်တွေ တစ်ခုပြီးတစ်ခု ရွေးချယ်နေချိန်တွင် ဈေးပတ်ဝန်းကျင်က လူအတော်များများက ဒါ...ဒေါ်အောင်ဆန်းစုကြည်ပဲလို့ သတိထားမိသွားပြီဖြစ်သည်။ စုက အချိုအဖြစ် စတော်ဘယ်ရီကို ဌာပနာထားသည့်မုန့်ကို အရမ်းကြိုက်သွားပြီး ဒါတော့ဝယ်မှဖြစ်မယ်ဆိုသည်။ ၀ယ်ပြီးချိန်တွင်လည်း ထုံးစံအတိုင်းပင် ‘‘အို့စုစံ ပေးလိုက်ပါ’’ဟု ပြောပြန်ပါသည်။
စဉ့်ထည်လေးတွေကို လက်ဆောင်ရလိုက်တဲ့စု
နောက်တစ်ဆိုင်က ဂျပန်တွင် အရမ်းနာမည်ကြီးသည့် တာကိုယာကီမုန့်ဆိုင်ဖြစ်သည်။ အထဲမှာ ရေဘ၀ဲကို ဌာပနာထားပြုလုပ်ရပြီး မြန်မာနိုင်ငံက မုန့်အုပ်ကလေး မုန့်နှင့်ဆင်တူသည်။ ထိုဆိုင်ကို စု မရောက်မီမှာပဲ ဂျပန်တွေ တစ်ယောက်ပြီးတစ်ယောက်ရောက်လာပြီး စုနှင့် ဓာတ်ပုံတွဲရိုက်ကြသည်။ အမှတ်တရ လက်မှတ်ထိုးခိုင်းကြသည်။ ထိုအပေါ်မှာလည်း စုသည် အင်မတန်ပျော်ရွှင်မြူးထူးနေပုံပင်။ ထို့အပြင် တာကိုယာကီမုန့်ဆိုင်မှာ နှစ်ပေါင်းများစွာ မျိုးဆက်လိုက်ဖွင့်ကြသည့်ဆိုင်မျိုးဖြစ်ပြီး ဂျပန်တွင် စုနှင့်ကင်မ်တို့ နေထိုင်စဉ်ကတည်းက ရှိခဲ့သည်ဆိုင်လည်းဖြစ်သည်။ ထိုဆိုင်တွင် ကင်မ်က ကလေးဆိုးလေးသဖွယ် ဟိုဟာဒီဟာ လက်ညှိုးထိုး သွားရောက်ဂျီကျတတ်တဲ့ ဆိုင်လေးအဖြစ် သတိရ၍ မုန့်ဝယ်ဖို့ စုက ကြိုးစားတာလည်းဖြစ်သည်။
တာကိုယာကီကို ဘာလို့ဝယ်တာလဲလို့ နိုရီကို့အမေးကို စုက‘‘ရောင်းတဲ့ဆိုင်ပိုင်ရှင်က ရုပ်ချောလို့ သဘောကျလို့ ၀ယ်လိုက်တာ’’ဟု ဖြေသည်။
တာကိုယာကီဝယ်ပြီးချိန်တွင် ဘေးကပ်လျက်က စဥ့်ထည်လေးတွေ သီးသန့်ရောင်းသည့်ဆိုင်ကို စုက ၀င်သည်။ ထိုဆိုင်တွင် စဥ့်အိုးကဲ့သို့ စဥ့်နှင့်လုပ်သည့် ပစ္စည်းလေးတွေ အများကြီးထဲက တူတစ်စုံတင်နိုင်သည့် စဥ့်ထည်လေးကို စုက ကြိုက်သွားသည်။ စုဝယ်သမျှ ရှင်းရသည့် နိုရီကို့ခင်ပွန်းက ဈေးနှုန်းကိုကြည့်လိုက်သည့်အခါ ဒေါ်လာ ၄၀ ဖြစ်နေသည်။ စုကို လိုချင်လို့မရဘူး၊ ငါမ၀ယ်နိုင်ဘူး၊ ဈေးကြီးတယ်လို့ ဆာဒါယိုရှီကပြောချိန်တွင် စုကလည်း အားကျမခံချက်ချင်းပင် ‘‘မဖြစ်ဘူး၊ ဒါအရမ်းလိုချင်တယ်’’ ဟုဆိုသည်။ ထိုစဉ်မှာပင် အင်မတန်အံ့သြစရာကောင်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။
ဆိုင်ရှင်က စဥ့်ထည်လေးကို ထုပ်ပိုး၍ ဒါ ကျွန်တော့်ရဲ့ လက်ဆောင်ပါဟုဆိုကာ စုကို ပေးလိုက်ခြင်းပင်ဖြစ်သည်။
ဂျပန်လူထုကြားထဲက ကဗျာဆန်တဲ့ တွမ်ဘွိုင်းလေး စုရဲ့ပုံရိပ်
စဥ့်ထည်ဆိုင်မှာ စုကို ဂျပန်ရဲတွေ သွားခွင့်ပြုထားသည့်နေရာ ကုန်သွားပြီဖြစ်၍ ဆက်သွားလို့မရတော့။ ထိုနေရာမှာ ဂျပန်ရဲအရာရှိတွေရော ဂျပန်ရောက် မြန်မာများအပါအ၀င် ဂျပန်လူထုအများကြီး ရှိနေသည်။ လူထုကြားမှ စုပုံက အင်မတန်ပျော်ရွှင်ကျေနပ်နေပုံပင်။ နိုရီကို့ခင်ပွန်းကို စုက ပြန်ဆက်ဆံတဲ့ပုံစံက စုထံတွင်မြင်ရခဲသည့် အင်မတန်ကလေးဆန်၍ ချစ်စရာကောင်းသော၊ Tomboy လေး တစ်ယောက်အလား နိုရီကိုထင်မိသည်။ တကယ်တမ်းတော့ စုဟာ မြန်မာပြည်မှာဆို အားလုံးက အသိအမှတ်ပြုခံရသည့် နိုင်ငံရေးသမားတစ်ယောက်ကဲ့သို့ နေရတာမဟုတ်လား။ စုသည် တစ်ခါတစ်ရံတင်းမာသည်။ တစ်ခါတစ်ရံ မာကျောသည်။ သို့သော် ယခုလို ကလေးဆန်ပြီး ချစ်စရာကောင်းအောင် ပျော်မြူးနေသော၊ လူသားတစ်ယောက်ကဲ့သို့ ပျော်ပျော်ရွှင်ရွှင်နေရသော အခိုက်အတန့်လေးက စုပုံစံကို ပြောင်းလဲသွားစေသည်။
စုမှာ တကယ်တမ်း ဂျပန်အစိုးရက နေဖို့စီစဉ်ထားသည့် ဂျပန်ပုံစံရှေးရိုးရာအင်းတွင် မနေခဲ့။ တောပိုင်းက နိုရီကို့အိမ်လေးကို လိုက်နေခဲ့သည်။ နိုရီကိုအိမ်လေးက သေးလည်းသေးပြီး ကောင်းလည်းမကောင်းတော့။ ကြမ်းတွေကလည်း စောင်းနေသေးသည်။ သို့သော် စုက နိုရီကို့အိမ်လေးတွင် တစ်ညအိပ်ခဲ့သည်။ နောက်နေ့မနက် ကျိုတိုသို့ ကားမောင်းပြန်ချိန်တွင် အတိတ်ကို ခေတ္တရောက်သွားသလိုပင်။ စုနှင့်နိုရီကိုတို့နှစ်ယောက် သားကြီးအလက်ဇန္ဒားကို အနှီးလဲပေးစဉ်က ချော့သိပ်ခဲ့သည့် သီချင်းလေးကို သတိရ၍ ရွာကနေ ကျိုတိုအပြန်တစ်လမ်းလုံး ထိုသီချင်းလေးကို အတူ ညည်းဆိုခဲ့ကြသည်။
![]() |
အောက်စ်ဖို့ဒ်တွင်နေထိုင်စဉ်က မိသားစုအမှတ်တရ/ဓာတ်ပုံ−ဆာဒါယိုရှီအို့စု |
စုကို နိုရီကိုသိခဲ့တာ အနှစ်လေးဆယ်ရှိပါပြီ။ သို့သော် စုဟာ ဘယ်တော့မှ သူ့မျက်စိရှေ့တွင် မပြောင်းလဲခဲ့။ သူ့အတွက် စုဟာစုပဲဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်အော်ကြ၊ ရယ်ကြသည်။ စု နေအိမ်အကျယ်ချုပ်ကလွတ်ပြီး ပထမဆုံး သူတို့ပြန်ဆုံစဉ် စုက ‘‘ဟယ် နိုရီကို ရှင်ဝလာလိုက်တာနော်’’ဟုပြောတော့ နိုရီကိုလည်း ချက်ချင်းပင် ‘‘ကျွန်မဘာသာဝတာ ရှင့်အလုပ်မဟုတ်ပါဘူး။ ကျွန်မက တကယ်တော့ ရှင့်အကြောင်း စာအုပ်ရေးနေရတော့ တကယ်တမ်း ကျွန်မ၀တာ ရှင့်ကြောင့်’’ဟု တုံ့ပြန်ခဲ့သည်။ တကယ်တော့ စုဟာ ငယ်ငယ်တည်းက ဖခင်မရှိခဲ့တဲ့အတွက် သူ့ထက် အသက်အရွယ်ကြီးသူများ၏ ချစ်ခင်မှုကို အရမ်းတန်ဖိုးထားသည်။ နိုရီကို့ကိုသာ အော်ဟစ်ပြောဆိုတတ်သော်လည်း ခင်ပွန်းဆာဒါယိုရှီအပေါ်မှာတော့ စုဟာ ကလေးတစ်ယောက်လိုပင် ဘာမှမသိသည့်ပုံစံလေးနှင့် ဆက်ဆံတတ်သည်။
စုနဲ့ ဒီမိုကရေစီခရီးကြမ်း
စုသည် မြန်မာပြည်ဖွားဖြစ်ပြီး အင်္ဂလန်မှာ ကြီးပြင်းခဲ့သည်။ စုနားလည်သည့် လူသားဆန်မှုနှင့် ဒီမိုကရေစီစနစ်မှာ မြန်မာ့နည်းမြန်မာ့ဟန် ဖြစ်ချင်မှဖြစ်မည်။ ဒါကြောင့် စုဟာ မြန်မာနိုင်ငံတွင် လူသားဆန်မှုနှင့် ဒီမိုကရေစနစ်အတွက် ကြိုးစားနေရသည်။ လူတစ်ယောက်ရှင်သန်ဖို့ ရေ၊ မီး၊ စားဝတ်နေရေးကိစ္စကို မပြုပြင်နိုင်ပါက နိုင်ငံတိုးတက်ဖို့ သိပ်ခက်သည်။ မြန်မာအစိုးရက ဒါကို လုပ်ပေးဖို့လိုနေပါပြီ။ မဟုတ်ပါက မြန်မာပြည်သူများဘ၀မှာ တန်ဖိုးရှိရှိ ကုန်ဆုံးရတာမျိုးမဟုတ်ပဲ ဖြစ်လိမ့်မည်။ ဒီအတွက် စုဟာ ကြိုးစားနေသော်လည်း အင်မတန်ခက်ခဲမည်ဟု နိုရီကိုမြင်သည်။
မြန်မာအမျိုးသမီးသမ္မတနဲ့ ထိုက်တန်တဲ့နိုင်ငံ
အရှေ့တောင်အာရှ၊ ဂျပန်အပါအ၀င် တစ်ကမ္ဘာလုံးတွင် ရိုးရာဝတ်စုံကိုဝတ်သည့် အလေ့ မရှိသလောက်ရှားသွားချိန်၌ မြန်မာအမျိုးသမီးများက မိမိရိုးရာဝတ်စုံကို ခုံခုံမင်မင်ဝတ်ဆဲဆိုတာ နိုရီကို သတိထားမိသည်။ ဒီလိုဝတ်ပြခြင်းအားဖြင့် မြန်မာအမျိုးသမီးများသည် မိမိ၏စရိုက်လက္ခဏာကို ထိန်းသိမ်းဖို့ ကြိုးစားနေသည်ဟု နိုရီကိုထင်မြင်သည်။ နိုရီကိုတို့ ဂျပန်မှာတောင် ကီမိုနိုကိုခုံခုံမင်မင်ဝတ်တဲ့ အလေ့က မရှိသလောက်ရှားသွားပြီမဟုတ်ပါလား။ တခြား အရှေ့တောင်အာရှနိုင်ငံတွေမှာ အမျိုးသမီးသမ္မတတွေ ရှိခဲ့သော်လည်း မြန်မာမှာတော့ မရှိသေးသည့်အတွက် ဒီအခွင့်အရေးက အမျိုးသမီးတွေအလှည့်ကို ရောက်တော့မယ်ဟု နိုရီကိုမြင်သည်။ ဂျပန်မှာ ဘ၀က အင်မတန် သက်သောင့်သက်သာဖြစ်ပြီး ဂျပန်အမျိုးသမီးများသည် နိုင်ငံရေးကို ဘာသိဘာသာဖြင့်နေကြ၍ လူ့အဖွဲ့အစည်းတစ်ခုကို ဦးဆောင်တည်ဆောက်မည်ဆိုသည့်စိတ် မရှိသလောက်ဖြစ်နေသည်။ မြန်မာအမျိုးသမီးတွေကတော့ ထိုသို့မဟုတ်ပါ။ ထို့ကြောင့် မြန်မာလွှတ်တော်ထဲတွင် စစ်သားတွေထိုင်နေမည့်အစား အမျိုးသမီးတွေ အများကြီး တွေ့ရမည်ဆိုပါက နိဗ္ဗာန်ဘုံဟုပင် ဆိုချင်ပါတော့သည်။
Credit - 7DAY DAILY
No comments:
Post a Comment