မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေထဲမှာ အရေးပါတဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများကို ယနေ့အချိန်မှာ ဝေဖန်မှုတွေရှိနေပါတယ်။ အထူးသဖြင့် ဆင်းရဲမွဲတေမှုလျှော့ချရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများရဲ့ အကျိုးသက်ရောက်မှုကို အခြေခံလူတန်းစားအများစုအနေနဲ့ ခံစားရမှုနည်းပါးနေတယ်လို့ ဝေဖန်မှုတွေရှိနေတာ ဖြစ်ပါတယ်။
တိုးလာတဲ့ခိုးမှုများ
ဒီလိုပြုပြင်ပြောင်းလဲရေးတွေဟာ အောက်ခြေအခြေခံလူတန်းစားအများစုက မခံစားရဘူးဆိုတဲ့ ဝေဖန်မှုတွေအကြောင်း စဉ်းစားမိတော့ ပြီးခဲ့တဲ့ရက်ပိုင်းကဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကို သွားသတိရမိပါတယ်။ အဲဒီသတင်းကတော့ ပြည်တွင်းမှာ ခိုးမှုတွေ တစ်နှစ်ထက်တစ်နှစ် တိုးလာတယ်ဆိုတဲ့အကြောင်းကို ရေးထားတာပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အချက်အလက်တွေကို ကိုးကားပြီးရေးသားထားတဲ့ အဲဒီသတင်းမှာ ခိုးမှုတွေဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်မှာ ၄၃၈၅ မှု၊ ၃၂ဝ၁၃ ခုနှစ်မှာ ၄၆၇၁ မှုရှိခဲ့ပြီး ယခု ၂ဝ၁၄ ခုနှစ် မှာတော့ နှစ်မကုန်သေးတဲ့ နိုဝင်ဘာလကုန်အထိ ၄၇၅၂ မှုအထိ နှစ်စဉ်တိုးလာခဲ့တယ်လို့ သိခဲ့ရပါတယ်။ ဒီမှုခင်းဖြစ်စဉ်နှုန်းတွေကို လေ့လာကြည့်ရင် ခိုးမှုတွေဟာ နှစ်စဉ်ရာနဲ့ချီကာ တိုးလာတယ်ဆိုတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ ယခု ၂ဝ၁၄ ခုနှစ်ဆိုရင်လည်း နှစ်မကုန်သေးပေမယ့် ဖြစ်ပွားခဲ့တဲ့ခိုးမှုတွေဟာ အရင်နှစ်တွေကထက် ပိုပြီးဖြစ်ပွားခဲ့တာကြောင့် နှစ်ကုန်မှာ ဘယ်လောက်အထိ ဆက်ဖြစ်ပွားမယ်ဆိုတာ မသိနိုင်ပါဘူး။ အဲဒီသတင်းထဲမှာပဲ ခိုးမှုတွေနှစ်စဉ်တိုးနေတာနဲ့ ပတ်သက်ပြီး ရဲအရာရှိကြီးတစ်ဦးက ပြောထားတဲ့အထဲမှာတော့ ခိုးမှုလုပ်ခဲ့လို့ ထောင်ကျကြကြောင်း ထောင်ကျပြီးပြန်ထွက်လာတော့လည်း ဒီအလုပ်ပဲပြန်လုပ်ကြကြောင်း ထောင်ထဲကထွက်လာပြီဆိုရင် အကျင့်စာရိတ္တအပိုင်းတွေ ကောင်းလာရမှာဖြစ်ပေမယ့် ဒီအတိုင်းပဲပြန်ဖြစ်နေတယ်လို့ ပါရှိခဲ့ပါတယ်။ ဒီအတွက် မှုခင်းပြစ်ချက်ဟောင်းရှိတဲ့သူတွေကို စာရင်းမှတ်တမ်းများ ပြုလုပ်ပြီးတော့ အမြဲတမ်းစောင့်ကြည့်မှုတွေ ပြုလုပ်နေရတယ်လို့ ရဲအရာရှိကြီးရဲ့ပြောကြားချက်ကို ကိုးကားပြီး သတင်းမှာဖော်ပြထားခဲ့ပါတယ်။
ဆင်းရဲမွဲတေမှုကြောင့်လား
တကယ်တော့ ခိုးမှုတွေ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာတဲ့အခြေအနေကို ပြန်ကြည့်ရင် ပြုပြင်ပြောင်းလဲရေးတွေလုပ်နေခဲ့တဲ့ အချိန်ကာလတွေဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာပြုပြင်ပြောင်းလဲရေးဆိုတာနဲ့ ခိုးမှုတွေတိုးလာတာနဲ့ ဘယ်လိုသက်ဆိုင်နေသလဲလို့ မေးစရာရှိနိုင်ပါတယ်။ အများစုက ပြုပြင်ပြောင်းလဲရေးဆိုရင် နိုင်ငံရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုကိုသာ အရင်ဆုံးပြေးမြင်တတ်ကြပါတယ်။ တကယ်လည်း နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေက နိုင်ငံနဲ့နိုင်ငံသားတွေအတွက် မရှိမဖြစ်အရေးကြီးတဲ့ လုပ်ငန်းစဉ်များဖြစ်ပါတယ်။ နိုင်ငံရေးလိုပဲ ပြုပြင်ပြောင်းလဲဖို့ အရေးတကြီးလိုအပ်နေတာက ဆင်းရဲမွဲတေမှုလျှော့ချရေး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အစိုးရက ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းကော်မတီဖွဲ့ပြီး ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နေပေမယ့် အခြေခံအောက်ခြေလူတန်းစားအများစုဟာ ဆင်းရဲမွဲတေမှု သံသရာထဲမှာပဲရှိနေဆဲဆိုတာ လက်တွေ့အဖြစ်အပျက်တွေက သက်သေခံနေပါတယ်။ ယနေ့ ကျေးလက်ဒေသတွေမှာရှိတဲ့ အောက်ခြေလူတန်းစားအများစုဟာ တစ်ရက်ဝင်ငွေ ထောင်ဂဏန်းရရှိဖို့ ရုန်းကန်နေရချိန်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေက တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခြင်းက ၎င်းတို့အတွက် ထိုးနှက်ချက်တစ်ခုဖြစ်စေပါတယ်။ ဒါ့အပြင် လယ်ယာမြေလုပ်ငန်းများ အခက်အခဲများ ရင်ဆိုင်နေရခြင်းကြောင့် ကျေးလက်များတွင် အလုပ်အကိုင်အခွင့်အလမ်းပြဿနာများနဲ့ ရင်ဆိုင်နေကြရကာ အောက်ခြေ ဝင်ငွေနည်းလူအများစုအတွင်း ဆင်းရဲမွဲတေမှုများဖြစ်ပေါ်စေပြီး မှုခင်းများကျူးလွန်ခြင်းနဲ့ အခြားပြဿနာများကိုလည်း ရင်ဆိုင်ရဖို့ အခြေအနေများ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုကြောင့် ခိုးမှုတွေများလာတယ်လို့ တစ်ထစ်ချကောက်ချက်မချနိုင်ပေမယ့် လက်တွေ့မှာတော့ ဆင်းရဲမွဲတေမှုတွေနဲ့အတူ ခိုးမှုတွေကလည်း တိုးပွားနေတာ တွေ့နေရပါတယ်။
အဓိကရင်းမြစ်
ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံရဲ့ဆင်းရဲမွဲတေမှုနှုန်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရာခိုင်နှုန်း ၂ဝ မှ ၃ဝ အတွင်း မှာရှိနေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဟာ အရေးပါတဲ့နေရာက ပါဝင်နေပါတယ်။ ဒီလိုဆင်းရဲမွဲတေမှုများ ကြီးစိုးနေတာကြောင့် ခိုးမှုကဲ့သို့ မှုခင်းဖြစ်ရပ်တွေ ပေါများနေရသလားဆိုတာ ဆက်စပ်စဉ်းစားကြည့်ဖို့ ကောင်းပါတယ်။လက်ရှိမှာတော့ အခြေခံလူတန်းစားအများစုဟာ ဆင်းရဲမွဲတေမှုသံသရာထဲက မလွတ်မြောက်နိုင်ခြင်းနဲ့အတူ ပညာသင်ကြားနိုင်ဖို့ အခွင့်အရေးများ ရရှိနိုင်ဖို့ အခွင့်အလမ်းများ နည်းပါးနေခြင်းကြောင့် အမှန်နဲ့အမှားကို ခွဲခြားရာမှာ အားနည်းချက်တွေ ဖြစ်ပေါ်စေပါ တယ်။ စီးပွားရေးမကောင်းလို့ ငွေမရှိ၊ ငွေမရှိတော့ စာကောင်းကောင်းသင်ဖို့ ဦးစားမပေးနိုင်၊ ပညာကောင်းကောင်း မတတ်တော့ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေ မချနိုင်၊ အဲဒီအတွက် ဘယ်ဟာအမှန်၊ ဘယ်ဟာအမှားဆိုတာ မဝေခွဲနိုင်၊ အမှန်အမှားမဝေခွဲနိုင်တော့ ငွေအလွယ်ရတဲ့လမ်းကို လိုက်ကြရင်း အဆိုးသံသရာလည်နေကြတဲ့သူတွေ အများကြီးရှိနေပါတယ်။ ဒီလိုနဲ့ပဲ သူခိုးလေးကနေ သူခိုးကြီးဖြစ်၊ ခိုးလို့မိရင် ထောင်ထဲဝင်၊ ထောင်ကထွက်လာတော့လည်း အရင်အတိုင်း ခိုးတဲ့အလုပ်ပဲ ပြန်လုပ်ဆိုတော့ ခိုးမှုတွေတိုးလာတာ မဆန်းလှပါဘူး။ ဒါပေမဲ့လည်း ခိုးမှုတွေလျော့သွားအောင်ဆိုပြီး ခိုးတဲ့သူတွေ လိုက်ဖမ်းနေရုံနဲ့မပြီးပါဘူး။ ဘာကြောင့်ခိုးမှုတွေ တိုးလာရသလဲဆိုတဲ့ရင်းမြစ်ကို ရှာဖွေဖို့လိုပါတယ်။ သူတို့ဘာကြောင့် ခိုးရသလဲ၊ ထောင်ကထွက်လာရင်လည်း ဘာကြောင့် ပြန်ခိုးနေရသလဲဆိုတာ ဆန်းစစ်ကြည့်ဖို့ကောင်းပါတယ်။
ခိုးတဲ့သူတွေကို ထောင်ထဲထည့်ထားလိုက် ထောင်ကပြန်ထွက်လာရင် စောင့်ကြည့်ထားလိုက် ထပ်ခိုးရင် ထောင်ထဲထပ်ထည့်လိုက်နဲ့ သူခိုးသံသရာက ဘယ်တော့မှဆုံးမှာ မဟုတ်ပါဘူး။ အဓိကအရင်းအမြစ်ကို မသိရဘဲနဲ့ ပြဿနာကိုဖြေရှင်းဖို့ဆိုတာ မလွယ်လှပါဘူး။
လက်သည်ကိုသိမှသာ ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ရှာဖွေကြံဆနိုင်မှာ ဖြစ်ပါတယ်။ဥပမာအားဖြင့် ဆင်းရဲမွဲတေမှုတွေက လူဘယ်နှယောက်ကို သူခိုးအဖြစ်သို့ တွန်းပို့စေခဲ့သလဲဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ တစ်လောက အွန်လိုင်းမှာတွေ့လိုက်ရတဲ့ ဆေးရုံတင်ထားရတဲ့ကလေးအတွက် ဆေးကုစရာပိုက်ဆံမရှိလို့ လုယက်မှုကျူးလွန်ခဲ့တဲ့ ကလေးအဖေတစ်ဦးရဲ့ဖြစ်ရပ်လို လူတွေကိုမှုခင်းတွေ ကျူးလွန်ဖြစ်သွားစေတဲ့ နောက်ခံအကြောင်းအရင်းတွေကို မဖြေရှင်းနိုင်သရွေ့ မှုခင်းဖြစ်စဉ်တွေ လျော့ကျဖို့အခက်အခဲတွေ တွေ့နေရဦးမှာ ဖြစ်ပါတယ်။
တကယ်တော့ ပြည်တွင်းမှာ နှစ်စဉ်ဖြစ်ပွားနေတဲ့ မှုခင်းတွေမှာ ခိုးမှုတွေအပါအဝင် မှုခင်းဖြစ်စဉ်တွေဟာ နှစ်စဉ်တိုးပြီးဖြစ်ပွားနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့စာရင်းဇယားတွေအရ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်အတွင်းကဆိုရင် နိုင်ငံတစ်ဝန်းအမှုပေါင်း၂၄၂ဝ၁ မှု ဖြစ်ပွားခဲ့ပြီး ၂ဝ၁၃ ခု နှစ်အတွင်းမှာ ၂၆၇ဝ၈ ကျော်ဖြစ်ပွားခဲ့ပြီး ယခုနှစ်မှာလည်း နိုဝင်ဘာလကုန်အထိ ၂၆၄၁၇ မှုအထိ ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုမှုခင်းတွေ တိုးတက်ဖြစ်ပွားနေတာတွေကို ဖမ်းဆီးအရေးယူမှုတွေကို ပြုလုပ်နေသလို မှုခင်းများမဖြစ်ပေါ်လာနိုင်အောင် ကြိုတင်တားဆီးကာကွယ်ခြင်းကလည်း အရေးပါလှပါတယ်။ ဒီအတွက် ဆင်းရဲမွဲတဲမှုလျှော့ချရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်လာနိုင်ခြင်းဖြင့် မှုခင်းဖြစ်စဉ်များဖြစ်ပေါ်လာနိုင်မှုရဲ့ အရင်းအမြစ်များကို ရှာဖွေဖော်ထုတ်ဖြေရှင်းနိုင်မှာဖြစ်ပြီး တိုးလာနေတဲ့ခိုးမှုကဲ့သို့ မှုခင်းဖြစ်စဉ်များကိုလည်း လျှော့ချနိုင်ဖို့ နည်းလမ်းများရှာဖွေဖို့ လိုအပ်ပါကြောင်း ရေးသားတင် ပြလိုက်ရပါတယ်။
Credit - Eleven Media Group

No comments:
Post a Comment