
၈.၁၂.၂၀၁၄ ရက်နေ့ ကိုကျော်မင်းဆွေရဲ့ မင်္ဂလာဆောင်မှာ ဆရာဦးစောမြင့်မောင်နဲ့ တွေ့ပါတယ်။ သူက ကျွန်တော့်ကို သူ့စာတမ်းနှစ်စောင်နဲ့ သူ့စာအုပ်တစ်အုပ် လက်ဆောင်ပေးပါတယ်။
ကျွန်တော် အလွန်ဖတ်ချင်နေတဲ့ စာတမ်းနဲ့ စာအုပ်တွေပါပဲ။
အိမ်ပြန်ရောက်တာနဲ့ “မြန်မာနိုင်ငံ ဗျူရိုကရေစီစနစ်” ဆိုတဲ့ စာတမ်းကို စဖတ်ကြည့်လိုက်တယ်။
သိပ်ကောင်းတယ်ခင်ဗျား။
တကယ်တော့ ဦးစောမြင့်မောင်ရဲ့စာတမ်းကို လွှတ်တော်မှာ သူ တင်ပြဖတ်ကြားတဲ့ အချိန်ကတည်းက ကျွန်တော်ကြားပြီးပါပြီ။ ရုပ်မြင်သံကြားမှတစ်ဆင့် မြင်ခွင့်ကြားခွင့် ရခဲ့တာပါ။
“ဒီနေ့ ဘာအရေးကြီးဆုံးလဲ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကိုတောင် ကျွန်တော်ရေးခဲ့ပြီးပါပြီ။
မှန်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံရဲ့ မြို့ပြအုပ်ချုပ်ရေးစနစ်က အလွန်အားနည်းနေပါတယ်။ လစ်ဘရယ် ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ တိုင်းပြည်အတွက် တကယ်အသုံးတည့်မယ့် အုပ်ချုပ်ရေးစနစ်က ချက်ချင်းပြုစု အသက်သွင်းကြရတော့မယ့် အချိန်ပါ။
ဒီနေ့ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေက “ခေါင်းသွားရာ အမြီးမပါဘဲ” ဖြစ်နေပါတယ်။ မြို့ပြအုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်တွေကြောင့် ခေါင်းကြီးပဲ ရှေ့ရောက်နေပြီး ခန္ဓာကိုယ်နဲ့ အမြီးပိုင်းက နောက်မှာ ကျန်နေပါတယ်။
သမ္မတကြီးရဲ့ မူဝါဒရေးရာက ကောင်းပေမယ့် ပြည်သူကို လက်တွေ့အကျိုး မပြုနိုင်ကြပါဘူး။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးလို့ အစိုးရသစ် တက်လာချိန်မှာလည်း ဒီနေ့ မြို့ပြအုပ်ချုပ်ရေးကို ထိရောက်တဲ့ ပြုပြင်မှုတွေ မလုပ်နိုင်ရင် ဒီနေ့အတိုင်း ဆက်ရှိနေပါလိမ့်မယ်။
ခေါင်းက ခေါင်း။
အမြီးကအမြီး။
ခေါင်းတခြား အမြီးတခြား။
ခေါင်းရွှေ့လို့ အမြီးရွေ့မှာ မဟုတ်ပါဘူး။
ဦးစောမြင့်မောင်က သူ့စာတမ်းမှာ ဖော်ပြထားပါတယ်။
“၂၀၁၁ ခုနှစ် အစိုးရသစ်လက်ထက် အပြောင်းအလဲများ ကြိုးပမ်းဆောင်ရွက်နေပေမယ့် နိုင်ငံရေးမျက်နှာစာ တစ်ခုတွင်သာ အခြေအနေ တိုးတက်မှု ရှိနေပြီး စီးပွားရေးနဲ့ အဖွဲ့အစည်း၊ နည်းနာဥပဒေစနစ် စသည့် Institution တို့နှင့် ဆိုင်သည့် မျက်နှာစာ အပြောင်းအလဲမှာ အားရစရာ မရှိပေ” တဲ့။ မှန်ပါတယ်။
ကျွန်တော့်အမြင်မှာလည်း သူမြင်နေတဲ့ အတိုင်းပါပဲ။
ဒီနေ့ သမ္မတဦးသိန်းစိန်ရဲ့ အစိုးရလက်ထက်မှာ နိုင်ငံရေး မျက်နှာစာဘက်မှာ ထူးခြားတဲ့ အပြောင်းအလဲတွေ လုပ်နိုင်ခဲ့တာကို ဘယ်လိုမှ ငြင်းလို့မရပါဘူး။
နိုင်ငံရေးပါတီ အသစ်တွေ အများကြီး ပေါ်လာတယ်။
လူမှုရေး အဖွဲ့အစည်းသစ်တွေ အများကြီး ပေါ်လာတယ်။
လွတ်လပ်မှုလည်း အရင်ခေတ်တွေနဲ့စာရင် အများကြီး ပိုရပါတယ်။
မှန်ပါတယ်။
ပြန်တွေးကြည့်ပါ။
၁၉၆၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ၄၈ နှစ်။ အဲ နှစ် ၅၀ လို့ပဲ ဆိုပါတော့။ လွတ်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်လောက် အတွင်းမှာ ဒီနေ့ ရရှိနေတဲ့ လွတ်လပ်ခွင့်မျိုး ကျွန်တော်တို့ ဘယ်တုန်းကမှ မရရှိခဲ့ဖူးပါဘူး။
တခြားမကြည့်ပါနဲ့။
ကျွန်တော်တို့ စာပေလောကမှာပဲကြည့်။
ကျွန်တော် ၁၉၆၄ ခုနှစ်ကစပြီး စာပေလောကထဲကို ဝင်ခဲ့ပါတယ်။ စာရေးဆရာဘဝကို ရောက်နေတာ နှစ်ပေါင်း ငါးဆယ်ကျော် ရှိပါပြီ။ ဒီနေ့ ကျွန်တော်ရေးချင်တဲ့စာကို အပြည့်အဝရေးခွင့် ရှိနေပါတယ်။ ယခင်က အပိတ်ခံထားရတဲ့ စာအုပ်တွေ ဒီနေ့ ထုတ်ဝေခဲ့ပြီးပါပြီ။ ဘယ်သူမှမဖြတ်။ မဖမ်း၊ တရားမစွဲ။ ထောင်မချပါဘူး။ ဒီနေ့ရရှိနေတဲ့ စာပေလွတ်လပ်ခွင့်မျိုး ကျွန်တော့်ဘဝမှာ ဘယ်တုန်းကမှ မရရှိခဲ့ဖူးပါဘူး။
ဒါကြောင့် ဒီနေ့ဒီအချိန်ဟာ ကျွန်တော့်ဘဝ အတွက်တော့ လွတ်လပ်ခွင့် အရှိဆုံး အချိန်အခါပါ။
Thank you Mr. President။
သမ္မတကြီးကို ကျွန်တော်ကျေးဇူးတင်ပါတယ်။
အဲ ဒါပေမဲ့ ကျန်တဲ့ မျက်နှာစာတွေမှာတော့ ဘာမှ အဆင်မပြေသေးပါဘူး။
မအောင်မြင်သေးပါဘူး။
ပထမဆုံး စီးပွားရေး မျက်နှာစာ။
ဒီမျက်နှာစာက ချက်ချင်းအဆင်ပြေတော့မလို ရှိခဲ့ပေမယ့် လက်တွေ့မှာ အဆင်မပြေပါဘူး။
ပြဿနာက နိုင်ငံရေးမျက်နှာစာက ပြဿနာတွေရဲ့ ဂယက်ကြောင့်ပါပဲ။
စီးပွားရေးမျက်နှာစာ အောင်မြင်ဖို့ဆိုတာ တိုင်းပြည်မှာ ငြိမ်ဝပ်ပိပြားရေးရှိမှ၊ ဥပဒေစိုးမိုးမှုရှိမှ ဖြစ်နိုင်ပါလိမ့်မယ်။
စီးပွားရေးပြဿနာ အားလုံးကို ဥပဒေက ထိန်းထားပါတယ်။
ဥပမာ-တိုင်းပြည်အတွင်းကို ကြီးမားတဲ့ ငွေလုံးငွေရင်းရှိတဲ့ အရင်းအနှီးတွေ သွင်းလာခဲ့ဖို့ဆိုတာ ဥပဒေအရ ဒီငွေရင်းငွေနှီးကို အကာအကွယ် ပေးထားတဲ့ ဥပဒေတွေရှိမှ ဖြစ်နိုင်ပါမယ်။
ဘဏ်စနစ်က အာမခံအပြည့် ရှိတဲ့ ဥပဒေအရ လုံခြုံတဲ့ ဘဏ်စနစ် ဖြစ်ရပါမယ်။
အဲ... တစ်နည်းအားဖြင့်တော့ ဥပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံဖြစ်လာမှပေါ့ ခင်ဗျား။
ဒါပေမဲ့။
ဥပဒေစိုးမိုးမှု ရှိဖို့က ငြိမ်းချမ်းမှုရှိမှ ဖြစ်ပါလိမ့်မယ်။
ငြိမ်းချမ်းမှုရှိဖို့က နိုင်ငံရေး ပြဿနာတွေကို ရှင်းနိုင်မှ... အဲ... တိုင်းပြည်ရဲ့ နိုင်ငံရေးမျက်နှာစာ တည်ငြိမ်လာမှ တည်ဆောက်လို့ ရနိုင်ပါလိမ့်မယ်။
နောက်ဆုံးတော့ နိုင်ငံရေး မျက်နှာစာကိုပဲ အားလုံး ပြန်လှည့်လာတာပါပဲ။
နိုင်ငံရေးမျက်နှာစာကို တည်ငြိမ်မှုရှိအောင် ဘယ်လိုပြုလုပ်ကြမှာလဲ။
မြန်မာနိုင်ငံမှာ ပထမဆုံး စဉ်းစားကြ ... အဲ ... လက်တွေ့ပြုလုပ်ခဲ့ကြပြီး ဖြစ်တဲ့ နည်းလမ်းကတော့ စစ်တပ်အာဏာကို ချသုံးပြီး တိုင်းပြည်ရဲ့ နိုင်ငံရေးမျက်နှာစာကို စစ်အင်အားဖြင့် ထိန်းကျောင်းဖို့ နည်းလမ်းပေါ့ခင်ဗျား။
ဒီနည်းလမ်းကို သုံးခဲ့ပြီးပါပြီ။
၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း တက်လာတယ်။
၁၉၈၈ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးစောမောင် တက်လာတယ်။
နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
မအောင်မြင်ကြပါဘူး။
တကယ်တော့လည်း ဒီဗိုလ်ချုပ်ကြီးတွေကိုလည်း အပြစ်တင်လို့ မရဘူးခင်ဗျား။
ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့အချိန်မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကိုလိုနီနိုင်ငံတွေ လွတ်လပ်ကုန်တယ်။
လွတ်လပ်တဲ့ နိုင်ငံသစ်တွေ ဖြစ်လာတယ်။
လွတ်လပ်စနိုင်ငံတွေ ဆိုတော့ ပြည်တွင်းမှာ အသံတွေကလည်း အမျိုးမျိုးပေါ့ခင်ဗျား။
ငြင်းကြ၊ ခုံကြ၊ ရန်ဖြစ်ကြ၊ ကွန်မြူနစ် ဖြစ်ချင်ကြ၊ ဆိုရှယ်လစ် ဖြစ်ချင်ကြ၊ အရင်းရှင် ဖြစ်ချင်ကြ။ နောက် ထောင်ကြွလာခဲ့တဲ့ အမျိုးသားစိတ်ပေါ့ ခင်ဗျား။
ပြည်တွင်းမှာ နိုင်ငံရေးအုပ်စု၊ မျိုးနွယ်စု၊ ဘာသာရေးအုပ်စု... အဲ... အစုအမျိုးမျိုး ပေါ်လာပြီး။ ခေါင်းထောင်လာပြီး ဒီမိုကရေစီစနစ်ကို လက်တွေ့မကျင့်သုံးနိုင်ဘူးလို့ ထင်ခဲ့ကြတဲ့အတွက် စစ်အစိုးရတွေ တည်ထောင်ဖို့ စိတ်ကူးသစ်တွေ ပေါ်လာတယ်။
စစ်အာဏာရှင်စနစ်က ခေတ်စားလာခဲ့တယ်။
တောင်အမေရိက နိုင်ငံတွေဆိုရင် တစ်တိုက်လုံးနီးပါးပါပဲ။ စစ်တပ်တွေက အာဏာသိမ်းတယ်။ စစ်အာဏာရှင်နိုင်ငံတွေ ပေါ်လာတယ်။ ဘရာဇီးလို အလွန်ကြီးတဲ့ တိုင်းပြည်တွေတောင် စစ်အာဏာရှင် နိုင်ငံတွေ ဖြစ်ကုန်တယ်။ ရက်စက်ပြီး တိုင်းပြည်ကို အုပ်ချုပ်ရင် တည်ငြိမ်မှု ရရှိလိမ့်မယ်လို့ ထင်ပြီး ရက်စက်မှုတွေ အမျိုးမျိုး ပြုလုပ်ခဲ့တယ်။ မြန်မာစစ်အာဏာရှင်တွေ အဘခေါ်ရမယ့် အဆင့်အထိ ရက်စက်ခဲ့တယ်။
ဒါပေမဲ့ စစ်အာဏာရှင်စနစ်က တိုင်းပြည်ကို တကယ် ပြန်လည်တည်ဆောက်မှုတွေကို မပြုလုပ်ပေးနိုင်တဲ့အတွက် ဒီနေ့ တောင်အမေရိက နိုင်ငံတွေ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်ကုန်ပါပြီ။
ကျွန်တော် တင်ပြချင်တာက စစ်တပ်က အာဏာသိမ်းပြီး စစ်အာဏာရှင် နိုင်ငံတွေအဖြစ် တည်ထောင်ခဲ့တဲ့ အမှားက ကျွန်တော်တို့ နိုင်ငံတစ်ခုတည်းရဲ့ အမှားမဟုတ်ပါဘူ။ နိုင်ငံအများမှာ ဖြစ်ခဲ့ဖူးတဲ့ အမှားပါ။ စစ်အာဏာရှင်စနစ်ကတော့ သက်ဆိုးရှည်လေ ပြည်သူတွေ ဒုက္ခရောက်လေပါပဲ။
အဲဒီနေ့ ဦးသိန်းစိန်ဆိုတဲ့ သမ္မတကြီး ပေါ်လာပြီး ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်နေတဲ့ဆီမှာ နိုင်ငံရေးမျက်နှာစာမှာ ဘာကြောင့် ပြဿနာတွေ ဒီလောက်များနေတာလဲ။
အဖြေက ရှင်းပါတယ်။
သူ့ရှေ့က စစ်ခေါင်းဆောင်တွေ ချန်ခဲ့တဲ့ အမွေဆိုးတွေကို သူ့ရင်မှာ ပွေ့ပိုက်ထားရတဲ့ အတွက်ပါပဲ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်မှာ မအောင်မြင်ခဲ့ရတဲ့ အဓိက ပြဿနာက ဘာလဲ။ ဗိုလ်ချုပ်နေဝင်းခေတ်ရဲ့ အမွေဆိုးတွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရင်ထဲမှာ ပွေ့ပိုက်ထားခဲ့ရတဲ့ အတွက်ပါပဲ။
ကြည့်။
ဦးနေဝင်းခေတ်က အောင်မြင်မှု မရခဲ့တာ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးလို့ ဖြစ်ခဲ့တာလို့ ထင်မှတ်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို ဖွင့်ချလိုက်ရင် ချက်ချင်း နိုင်ငံကြီး တိုးတက်သွားလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ ထင်ခဲ့ကြသလို လက်တွေ့မှာ မဖြစ်လာပါဘူး။
ဦးသန်းရွှေက ဆိုရှယ်လစ်စနစ်ကို ဖျက်လိုက်တယ်။ လွတ်လပ်တဲ့ စီးပွားရေးစနစ်နဲ့ အစားထိုးဖို့ ကြိုးစားတယ်။
အောင်မြင်သလား။
မအောင်မြင်ပါဘူး။
ခေတ်သစ်သူဌေးကြီးတွေ ပေါ်လာတယ်။
စစ်ဗိုလ်သူဌေးကြီးတွေ ပေါ်လာတယ်။
နိုင်ငံတစ်ခုလုံးရဲ့ စီးပွားရေး၊ လယ်မြေတွေ အကုန်လုံး လူတစ်စု လက်ထဲကို ရောက်သွားပြီး သမိုင်းရဲ့ ခေတ်ဟောင်းမှာ ထားပစ်ခဲ့တာ ကြာခဲ့ပြီးဖြစ်တဲ့ ကံကျွေးချစနစ် (Fudalism) မျိုး မြန်မာနိုင်ငံမှာ ပြန်ပေါ်လာပါတယ်။
လယ်သမားတွေက မိမိလယ်မြေ မိမိထွန်ယက်ပြီး စစ်တပ်နဲ့ သူဌေးကြီးတွေကို သီးစားခပေးရတဲ့ခေတ် ရောက်သွားပါတယ်။
အားလုံးသိကြပါတယ်။
ယနေ့ ဦးသိန်းစိန် သမ္မတ ဖြစ်လာတယ်။
ဦးသိန်းစိန်ဟာ တော်လှန်ရေးတစ်ခုကို ဆင်နွှဲပြီး သမ္မတဖြစ်အောင် လုပ်ခဲ့သူ မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့မျက်စိမှာ အသင့်တော်ဆုံး ဖြစ်သူလို့ မှတ်ယူပြီး သူ့ရဲ့ အမွေခံအဖြစ် ထားရှိခဲ့တဲ့သူပါ။ ဒီနေ့ ဦးသိန်းစိန် တာဝန်ယူ ထမ်းဆောင်နေရတာတွေက အလွန်သိမ်မွေ့ပြီး အလွန်ခက်ခဲပါတယ်။ လုပ်ချင်တာ မလုပ်နိုင်ပါဘူး။ သိမ်မွေ့တယ်လို့ ပြောရတာက ခေတ်ဟောင်းက ချန်ထားခဲ့တဲ့ ပြဿနာ အားလုံးကို သူငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကြိုးစားနေရတဲ့ အတွက်ပါပဲ။
ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ။
မှန်ပါတယ်။
ကျွန်တော်သိနေပါတယ်။
ခံစားလို့ ရနေပါတယ်။
သူဟာ ခေတ်ဟောင်းနဲ့ ခေတ်သစ်ကို သဟဇာတဖြစ်အောင် လုပ်နေရတဲ့သူပါ။
ဒီနေ့ ပြဿနာအားလုံးကို ဦးသိန်းစိန် ကိုင်တွယ်တဲ့အခါမှာ ဆင်ခြင်ရတာ၊ စဉ်းစားရတာတွေ သိပ်များလွန်းပါတယ်။ ဒီနေ့ နိုင်ငံရေး၊ စီးပွားရေး မျက်နှာတွေရဲ့ အပြောင်းအလဲက နှေးကွေးနေတာ။ အားရစရာ မရှိတာ ဘာမှမဆန်းပါဘူး။ ကျွန်တော်ထင်ပါတယ်။
ဦးသိန်းစိန်ရဲ့ နေရာမှာ အခြားဘယ်သူဖြစ်ဖြစ် တာဝန်ယူခဲ့ရင်လည်း ဒီအတိုင်း ဖြစ်နေပါလိမ့်မယ်။ ပိုထူးခြားစရာ မရှိပါဘူး။ သူက သွေးအေးတဲ့လူ ဖြစ်နေလို့ ကျွန်တော်တို့ ကံကောင်းတာ။ ကျွန်တော်က စစ်ဗိုလ်ဘဝက လာတဲ့ စာရေးဆရာပါ။ စစ်ဗိုလ်လူထွက်တွေ အကြောင်းကို သိပါတယ်။ ရမ်းတတ်တဲ့ ပညာမဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့ရင် ပိုဆိုးကုန်မယ်ခင်ဗျား။
ဦးလှဝင်း (လေသူရဲတစ်ဦး)
၁၄.၁၂.၂၀၁၄
Credit - The Voice
No comments:
Post a Comment