Sunday, December 21, 2014

ငရဲသို့ လှုပ်ခတ်သွားသောနေ့

(၁)
ထိုနေ့၏ ငရဲပြည်များဆိုင်ရာ ကွပ်ကဲမှုဌာနချုပ် (ဗဟို) အထူးအရေးပေါ် အစည်းအဝေးကား ထူးခြားစွာ တိတ်ဆိတ်နေ၏။
ငရဲသနင်း ယမမင်းကြီး အပါအဝင် ငရဲပြည်ရှစ်ထပ်မှ ကိုယ်စားလှယ်တော်ကြီးများ အားလုံး မျက်နှာငယ်လေးများဖြင့် ထိုင်နေကြသည်။

မည်သည့်အတွက်ကြောင့် ကြမ်းတမ်းခက်ထန်လှပါသည် ဆိုသည့် ငရဲပြည် ဂုရုကြီးများ စိုးထိတ်နေကြသနည်း။
အကြောင်းအရာကတော့ မကြာမီ သူတို့၏ ငရဲပြည်သို့ ရောက်လာမည့် ပုဂ္ဂိုလ်တစ်ဦးကြောင့်ပင်…။

“ဟူး…သူ တကယ် ရောက်လာတော့မှာပါလား”
စားပွဲထိပ်ဆုံးမှ ယမမင်းကြီးက လေသံတိုးတိုးဖြင့် ညည်းညူသည်။

“လူပြည်မှာတော့ တော်တော် သတင်းပြန့်နေသဗျ။ ဒီတစ်ခါတော့ သေချာလောက်တယ်”
ယမမင်းကြီး၏ ဘယ်ဘက်အခြမ်းတွင် ထိုင်နေသော ရောရုဝငရဲ တာဝန်ခံက ယမမင်းကြီးကို ခပ်တိုးတိုး တင်ပြသည်။

“အင်း အခုလောက်ဆို လူ့ပြည်က လူတွေကတော့ တော်တော်ပျော်နေကြမယ် ထင်တယ်။ ကျုပ်တို့မှာသာဗျာ”

ငရဲပြည် တာဝန်ရှိသူများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သက်ပြင်းကိုယ်စီ ချလိုက်သံများသာ အခန်းထဲတွင် ကြားလိုက်ရသည်။

အမြဲတမ်း ခက်ထန်ကြမ်းတမ်းလှပါသည် ဟူသော မျက်နှာကြောပိုင်ရှင် ငရဲသနင်း ယမမင်းကြီးပင်လျှင် ဒီကနေ့တော့ မျက်နှာလေးအိုအိုနှင့် သူ့ရှေ့တွင် ချထားသော ဖိုင်တွဲများကို အကြောင်းမဲ့ လှန်လောနေ၏။

“ဟင်း တကယ်လို့ သူရောက်လာခဲ့ရင်.. ဘယ်သူ့အထပ်မှာ ထားမလဲ။ ဘယ်သူတာဝန်ယူမလဲ ကိုယ့်လူတို့”
မျှော်လင့်ချက် ကင်းမဲ့နေသည့် အသံဖြင့် မေးခွန်းကို စတင်လိုက်သည်။

အဖြေကား ထွက်မလာ။

ငရဲမင်းကြီးက သူ့လူတွေကို စိတ်ပျက်စွာကြည့်ပြီး ခပ်တင်းတင်း ပြောလိုက်သည်။
“ဒီလိုမျိုး တိတ်ဆိတ်နေလို့တော့ မဖြစ်ဘူးဗျ။ မောင်ရင်တို့ လက်မခံရင်လည်း ကျုပ်က တစ်ယောက်ယောက် အထပ်ကိုတော့ ဗီတိုအာဏာသုံးပြီး အတင်းပို့ရမှာပဲ”

“ဟာ”
“ဟင်”
“ဒါဆို ကျုပ် ငရဲတာဝန်ခံအဖြစ်က နုတ်ထွက်တယ်ဗျာ”
“ကျုပ်ရောပဲ.. ကျုပ်တို့ရောပဲ”

ကြောက်လန့်တကြား ငြင်းဆန်သံများနှင့်အတူ အစည်းအဝေးခန်းမ တစ်ခုလုံး ဆူညံသွားသည်။

သူအုပ်ချုပ်လာသည့် သက်တမ်းတစ်လျှောက် သူ့လက်အောက်မှ အရာရှိများ အခုလို တာဝန်ကို အကြောက်အကန် ငြင်းဆန်ကြသည်ကို မတွေ့ဖူးခဲ့။ အခုတော့ ဒီလူတစ်ယောက် ငရဲပြည်ကို ရောက်တော့မည် ဆိုခါမှ အလုပ်ပါ ထွက်ကြမည်တဲ့။

နောက်ဆုံးတော့ မကြာမီ ရောက်လာမည့် ပုဂ္ဂိုလ်ကိစ္စသည် ယမမင်းကြီး ခေါင်းပေါ်သို့ ရောက်လာတော့သည်။ အဘယ်ငရဲမှ လက်မခံနိုင်ကြသော အနှီပုဂ္ဂိုလ်ကြီးအား ယမမင်းကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်သော အထူးတိုက်တွင်သာ ထားတော့မည်ဟု ဆုံးဖြတ်လိုက်လေ၏။

အဝီစိငရဲ အထူးတိုက်။
ကမ္ဘာ့လူဆိုးကြီးများကိုသာ သီးသန့်ထားသည့် ငရဲတိုက်။

ထိုအထူးတိုက်တွင် ထားမည် ဆိုပြန်တော့လည်း မည်သည့်အခန်းတွင် ထားရမည် ဆိုသည်က ပြဿနာတစ်ခု ဖြစ်လာသည်။

အထူးတိုက်ထဲ ကြိုတင်ရောက်နှင့်နေသော အနှီပုဂ္ဂိုလ်ကြီး၏ ဆရာရင်းဖြစ်သူ နန်းကျအာဏာရှင်ကြီး၏ အခန်းထဲတွင်ထားရန် ရောရုဝငရဲ ညွှန်မှူးကြီးက တင်ပြသည်။
ဆရာတပည့်နှစ်ယောက် တစ်ခန်းတည်းထားလျှင် အဆင်ပြေနိုင်သည်ဟု ထောက်ခံကြလေ၏။

သို့သော် ယင်းအဆိုကို ယမမင်းကြီးက လက်မခံ။
လူ့ဘဝတုန်းက တပည့်ကျော်ကြီးသည် ဆရာဖြစ်သူ အာဏာရှင်ဟောင်းကြီး၏ သမက်နှင့်မြေးများကို အင်းစိန် ကျောင်းတော်ကြီးထဲ ထည့်ခဲ့သည် မဟုတ်ပါလား။

ဒီလိုဆိုတော့ ဆရာတပည့် နှစ်ယောက် ရန်စတွေဖော်ပြီး အခန်းထဲ နောင်ဂျိန်ပလေးနေလျှင် ငရဲထိန်းတို့ စိတ်ညစ်ရမည်။

ဒုတိယကမ္ဘာစစ် အုပ်စုဖြစ်သည့် ဟစ်တလာ၊ မူဆိုလီနီတို့၏ စီနီယာ အုပ်စုထဲသို့ ထည့်ရန်အဆိုလည်း ပယ်ချခံရပြန်သည်။ ဟစ်တလာတို့ နာဇီအုပ်စုတွင် မုန်တိုင်းတပ်ဖွဲ့ ဆိုတာ ရှိသည်။
နောက်လာမည့် ပုဂ္ဂိုလ်ကြီးတွင်လည်း သူ့နောက်လိုက် စွမ်းအားရှင်ဆိုသည့် အုပ်စုက ရှိပြန်သည်။
ထိုအုပ်စုနှစ်စု ပူးပေါင်းပြီး ငရဲပြည်တွင် ရှိရှိသမျှကို ဝါးရင်းတုတ်စာ ကြွေးလျှင် မခက်လော။

နောက်အဆို တစ်ခုကတော့ အိုစမာ၊ ဆက်ဒမ်၊ ကဒါဖီ အာရပ်အုပ်စုကို ထားသောအခန်းတွင် ထားရန်တဲ့။
ဒါကိုတော့ စားဖိုဆောင် တာဝန်ခံက ကန့်ကွက်သည်။
အမဲမစား၊ ဝက်မစား အုပ်စုနှင့် ရောထားလျှင် အစားအသောက် စီမံရ ခက်ခဲပါသည်တဲ့။

အထူးတိုက် ဆိုသည်က သမိုင်းတွင်မည့် ရာဇဝင် လူမိုက်ကြီးများကိုသာ ထားသည့်နေရာ။
အခန်းကလည်း နည်းသည်။

နောက်ဆုံးတော့ အသစ်လာမည့် ပုဂ္ဂိုလ်ကြီးနှင့် အတူထားရန် တစ်ခန်းသာ ကျန်တော့သည်။
ထိုအခန်းကား သမိုင်းတရားခံ ပုဂ္ဂိုလ်ကြီး ဦးဂဠုန်၏ အခန်းသာ ဖြစ်သည်။

သူတို့နှစ်ယောက်တစ်ခန်းတည်းနေမည့် အရေးကိုလည်း ငရဲတာဝန်ခံ အားလုံး စိုးရိမ်ကြသည်။
“ဟိုကလည်း အာဏာအတွက်ဆို ဘယ်သူ့သတ်ရသတ်ရ။ နောက်လူကလည်း အာဏာအတွက်ဆို ဘုန်းကြီးသော ဘာသောတောင် သိတာမဟုတ်ဘူး။ တော်ကြာ ဒင်းတို့ နှစ်ယောက်ပေါင်း ကျုပ်ကို လုပ်ကြံပြီး အာဏာသိမ်းနေမှဖြင့်ဗျာ။ မလုပ်နဲ့ မလုပ်နဲ့”

ယမမင်းက ယခုလို အကြောင်းပြချက်ပေးပြီး ပြတ်ပြတ်သားသား ပယ်ချသည်။

“ဒါဆို သူ့ကိုဘယ်မှာ ထားကြမလဲ”

ယမမင်းကြီးနှင့် ငရဲတာဝန်ခံ ရှစ်ဦးလုံး ကြံရာမရတော့။
ငရဲပြည်မှာပင် ထားစရာမရှိသည့်လူ…ဟူး…။

“မင်းကြီး..မင်းကြီး ဒီမှာ ဒီမှာ လူ့ပြည်က ဂျာနယ်ရောက်ပြီဗျ။ မဟုတ်သေးဘူးတဲ့၊ မသေသေးဘူးတဲ့”

ငရဲရုံး လုလင်တစ်ယောက်က ဂျာနယ်တစ်စောင်ကို ကိုင်ကာ အစည်းအဝေးခန်းထဲ ပြေးဝင်လာသည်။
အားလုံး “ဟာ” ခနဲ ဖြစ်သွားကြ၏။

ယမမင်းကြီးက ထိုင်ခုံမှထကာ ဂျာနယ်ကို အလုအယက် ယူလိုက်သည်။

ဖတ်သည်။

“ဟုတ်တယ်ဗျို့ ကောလာဟလတဲ့၊ မသေသေဘူးတဲ့ဗျ။ ဟေး…ကျုပ်တို့ဆီ မလာသေးဘူးတဲ့။ သတင်းမှား တဲ့ဟ”
ယမမင်းကြီးက ဂျာနယ်ကြီးကို ဆုပ်ကိုင်ပြီး ဝမ်းသာအားရ ခုန်ပေါက်ပြီး အော်သည်။

ငရဲတာဝန်ခံ အပေါင်း၏ ဟေးခနဲ ပြိုင်တူအော်လိုက်ကြသံကြောင့် အထူးတိုက်တစ်ခုလုံး တုန်ခါသွားတော့မတတ်။

တချို့ကား လက်ခမောင်း ထခတ်ကြသည်။
တချို့လည်း ကျွမ်းထိုးကြသည်။
တချို့က ကွေးနေအောင် ကကြသည်။
တချို့လည်း လှိုက်မောသော သက်ပြင်းများချကာ ရယ်မောကြသည်။

သူတို့ ကြုံနေရသည့် နေရာပြဿနာ အကျပ်အတည်းကြီးကား အတည်ဖြစ်မသွားသည့် အနှီသတင်းကြောင့် လွတ်မြောက်ခဲ့ရပြီ မဟုတ်လား။

ငရဲသားတို့ ပျော်ကြလေပြီ။
လူတို့ဌာနီ မြန်မာပြည်တွင်တော့…။

(ဗြိတိသျှကိုကိုမောင်)

Credit - The Voice Weekly

 
 

No comments:

Post a Comment