Sunday, December 21, 2014

ယာယီ လက်မှတ်ရှိသူ မဲပေး ခွင့်ရသင့်ကြောင်း သမ္မတ သ၀ဏ်လွှာပို့

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းမှာ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေကိုပါ ဆန္ဒမဲပေးခွင့်ပြုသင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူရဲ့ သဘောထား ကို ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းထံ သ၀ဏ်လွှာပေးပို့ ထားပါတယ်။

သမ္မတရဲ့ သဘောထားနဲ့ပတ်သက်ပြီး ဥပဒေကြမ်းပူးပေါင်းကော်မတီဝင်တွေက လာမယ့် လွှတ်တော် အစည်းအဝေးမှာ အစီရင်ခံစာပြန်တင်နိုင်ဖို့

ဆွေးနွေးနေတယ်လို့ ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန် က ပြောပါတယ်။

"ပြည်ထောင်စုလွှတ်တော်က ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ဥပဒေပြင်ဆင်ဖို့အတွက် ဆန္ဒခံယူပွဲကြီးလုပ်တဲ့အခါ အဆင့်သင့်ဖြစ်အောင်ဆိုပြီးတော့ ဥပဒေကြမ်းတစ်ခုခု ဆွဲပြီးတော့ ပြည်ထောင်စု လွှတ်တော်မှာအတည်ပြုလိုက်ပြီ၊ အတည်ပြုတဲ့အခါ ဆန္ဒမဲပေးပိုင်ခွင့် ရှိတဲ့ သူတွေက နိုင်ငံသားပါတယ်၊ ဧည့်နိုင်ငံသားပါတယ်၊ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူတွေက နိုင်ငံသားဟုတ်တယ်၊ မဟုတ်တယ် လို့ မသိတဲ့ သူတွေမပါဘူး၊ အဲ့ဒါပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာ၊ နိုင်ငံတော်သမ္မတ က ပြန်ပို့တဲ့အခါ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင် သူတွေ ထည့်သွင်းစဉ်းစားဖို့ဆိုပြီးတော့ မှတ်ချက်ပေးတာ၊ ဒီကိစ္စလဲ အန်ကယ်တို့ဆွေးနွေးပြီးပါပြီ၊ အဲ့ဒါတောင်မှ လွှတ်တော်တွင်းအဆင့်သင့်ဖြစ်ဖို့ အန်ကယ်တို့ပြင်ဆင်နေပါပြီ "

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်လုံးကျွတ်ဆန္ဒခံယူပြီး အတည်ပြုနိုင်ဖို့အတွက် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်း အဝေးတွေမှာ ဆွေးနွေးပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်က နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူတွေကိုသာ ဆန္ဒမဲပေးခွင့်ပြုဖို့နဲ့ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို ဆန္ဒမဲပေးခွင့်မပြုသင့်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးချက်ကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်ကလည်း သဘောတူခဲ့တဲ့ အတွက် ဥပဒေကြမ်းကို လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ဖို့ နိုင်ငံတော်သမ္မတထံ ပေးပို့ထားတာဖြစ်ပါတယ်။

Credit -  RFA Burmese

No comments:

Post a Comment