Sunday, December 21, 2014

ယက္ကန်းစင်တောင်တွင် စမ်းသပ်ကျောက် တူးခွင့်ရရှိသည့် ကုမ္ပဏီများ ဖယ်ရှားပေးရန် ဒေသခံ ၃၅၀ ကျော် ဆန္ဒပြ

မန္တလေး၊ ဒီဇင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ယက္ကန်းစင်တောင် အနီးရှိ စကျင်ကျောက် တောင်များတွင် စမ်းသပ်တူးဖော်ခွင့် လိုင်စင်သာ ကျထားသည့် ကုမ္ပဏီများသည် ကျောက်များကို စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ တူးယူနေမှုကြောင့် အပြီးဖယ်ရှားပေးရန် ဒေသခံ ရွာသား ၃၅၀ ကျော်က ယက္ကန်းစင်တောင် အနီးတွင် ဒီဇင်ဘာ၂၀ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြမှုကို ဦးဆောင်သူ ဦးဝင်းထွေးက ပြောကြားသည်။

လက်ရှိတွင် စက်ယန္တရားများဖြင့် တူးဖော်နေသော ခိုင်မာတိုး ကုမ္ပဏီနှင့် ဦးတော်တော်နှင့်သားများ ကုမ္ပဏီတို့ အမြန်ဆုံး ဖယ်ရှားပေးရေးနှင့် ရာဇမင်းမင်း၊ ဂျယ်ရိ၊ ခိုင်မင်းပိုင်နှင့် မြန်မာစကျင် ကုမ္ပဏီတို့ကို တူးဖော်ခွင့်လိုင်စင် ချမပေးရေးတို့အတွက် ဆန္ဒပြရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“စက်ယန္တရားတွေနဲ့ အလွန်အကျွံ တူးယူနေလို့ တူးဖော်ခွင့်လိုင်စင် ပြပါလို့ ကုမ္ပဏီဘက်ကို သွားပြီးပြခိုင်းတော့လည်း မပြနိုင်ဘူး၊ စမ်းသပ်လိုင်စင်သာ ရသေးတယ်။ အလွန်အကျွံ တူးယူနေတာ ဒေသခံတွေ အတွက်လည်း အများကြီး ထိခိုက်တယ်” ဟု ၎င်းကဆိုသည်။

ခိုင်မာတိုး ကုမ္ပဏီသည် ၂၀၁၄ ခုနှစ် သြဂုတ်လခန့်မှ စတင်ပြီး ယက္ကန်းစင်တောင် ဧရိယာတွင် နိုင်ငံတော်က တရားဝင် လုပ်ကွက်ရရှိထားသည့် ပုံစံဖြင့် အဆောက်အအုံများ အခိုင်အမာ ဆောက်လုပ်ခြင်း၊ ခြံစည်းရိုးများ ကာရံခြင်းနှင့် တူးဖော်ရေး နေရာများတွင် မသက်ဆိုင်သူများ မဝင်ရဟု စာများ ကန့်သတ်လိုက်ပြီး စက်ယန္တရားဖြင့် တူးယူမှုကြောင့် ဆန္ဒပြရခြင်း ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီရှေ့ ဆန္ဒပြသူများက တညီတညွှတ်တည်း ဆိုသည်။

“ကျွန်တော်တို့ အနေနဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က သမ္မတရုံးနဲ့ သတ္တုတွင်း ဝန်ကြီးဌာနကို တစ်ကြိမ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တစ်ကြိမ် တိုင်ကြားတယ်၊ မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ဘာမှ အရေးယူမှု မလုပ်ပေးခဲ့ဘူး။ ပိုင်ရှင်ရဲ့ ညီဖြစ်သူလို့ ပြောတဲ့ ဦးအောင်ချမ်းသာကလည်း ဝန်ကြီးချုပ် ဦးရဲမြင့်က လုပ်ခိုင်းလို့ လုပ်တာပါ၊ နိုင်ငံတော်အတွက် လုပ်တာပါလို့ ပြောတယ်” ဟု ရွှေဂုံတိုင်ကျေးရွာမှ ဆန္ဒပြမှုကို ဦးဆောင်သူ ဦးကိုကြီးက ပြောကြားသည်။

ယက္ကန်းစင်တောင် အနီးတစ်ဝိုက်ရှိ စဥ့်ကူးမြို့နယ် ရွှေဂုံတိုင်၊ ညောင်ပင်ရွာ၊ ရွှေဒုံး၊ ငှက်စာနှင့် ကျောက်ပတ္တမြား ကျေးရွာများသည် အဆိုပါ တောင်ပေါ်တွင် စားကျက်မြေ အဖြစ် နွားကျောင်းခြင်း၊ စိုက်ပျိုးရေးများ လုပ်ကိုင်ခြင်းများ၊ ဧရာဝတီမြစ်ရေ တက်လာသည့် အချိန်တွင် တောင်ပေါ်တွင် ယာယီလာရောက် နေထိုင်ခြင်းများ ပြုလုပ်လျက်ရှိပြီး ယခုကဲ့သို့ ကျောက်တူးဖော်မှုများ ပြုလုပ်လာခြင်းကြောင့် အခက်အခဲများစွာ ဖြစ်ရကြောင်း ရွှေဂုံတိုင်ကျေးရွာ ဒေသခံ ဦးမောင်မြင့်က ပြောကြားသည်။

“စမ်းသပ်ခွင့် လိုင်စင်သာရှိတယ် ဆိုတာတော့ ဟုတ်ပါတယ်” ဟု မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က ပြောကြားသည်။

ကျောက်ထုတ်လုပ်ခွင့် လိုင်စင်ရရှိထားသော ကုမ္ပဏီသည် လုပ်ငန်းလိုင်စင် အနေဖြင့် ဒေသခံများအတွက် ပွင့်လင်းမြင်သာမှု ရှိခြင်း၊ စမ်းသပ်လိုင်စင် ဆိုသည်မှာ စမ်းသပ်လိုသည့် နေရာတွင် တူဖြင့် ခေါက်ပြီး တောင်အမျိုးအစားခွဲ စမ်းသပ်ခြင်း၊ စက်ယန္တရားများ သုံးခွင့်မရှိခြင်း၊ သတ္တုဥပဒေအရ ဒေသခံများ၏ ဒေသခံများ၏ သဘောတူညီမှု ၈၀ ရာခိုင်နှုန်း ရှိခြင်းဟူသည့် အချက်များရှိသာ ကုမ္ပဏီကို တူးဖော်ခွင့်လိုင်စင် ချမှတ်ပေးရကြောင်း EITI မန္တလေးတိုင်းဒေသကြီးမှ တာဝန်ရှိသူ ဦးရဲသိန်းဦးက ပြောကြားသည်။

“စဥ့်ကူးမြို့နယ်က ဖြစ်စဉ်လိုမျိုး ဖြစ်နိုင်တယ် ကုမ္ပဏီက မြေစာတွေကို လျှိုတွေမှာ ပိတ်ထားတယ်၊ အဲဒီလျှိုရဲ့ အောက်မှာရှိတဲ့ ဆောက်လုပ်နေတဲ့ ဆေးရုံတွေ၊ လူနေအိမ်တွေ ရှိတယ်၊ မတော်လို့ ရေမျက်ကျေးရွာလိုမျိုး ပွင့်ကျရင် လူတွေပါ ဒုက္ခရောက်နိုင်တယ်” ဟု EITI မှ ဦးရဲသိန်းဦးက ပြောကြားသည်။

တိုင်းကြားမှုများကြောင့် သတ္တုတွင်း ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်စစ်ဆေးမည့် သတင်းကြောင့် စက်ယန္တရားများကို ဒီဇင်ဘာလ ၁၈ ရက်နေ့က စကျင်ကျောက် စက်ရုံဘက်သို့ ပြောင်းရွှေ့ထားသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ ဆန္ဒပြမှုသည် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ခွင့်ပြုမိန့်တောင်းခံခြင်း မရှိသဖြင့် သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီနှင့် ညှိနှိုင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း မတ္တရာမြို့နယ်၊ မြို့နယ်မှူး ရဲမှူးညီညီက ပြောကြားသည်။

Credit - The Voice Weekly

 
 

No comments:

Post a Comment