Monday, December 22, 2014

ဒီမိုကရေစီမှာ ဘာတွေလိုအပ်လဲ (ဆောင်းပါး)

(ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို)

တောင်အာဖရိကနိုင်ငံခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား၏ ရုပ်တုနှင့် ဓာတ်ပုံများ
 ဒီမိုကရေစီမှာ အေးအေးဆေးဆေးထိုင်ပြီး စကားပြောတဲ့နေရာ တစ်နေရာတော့ လိုတယ်။

ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီမှာ တစ်ယောက်တည်းရဲ့ အမြင်အတိုင်း ဆောင်ရွက်တာ မဟုတ်ဘူး။ အမိန့်ပေး စေခိုင်းတာတွေ မပါဘူး။ ဒီတော့ ထိုင်ပြီးဆွေးနွေးကြရမှာပေါ့။

လွန်ခဲ့တဲ့ လတွေကပဲ (xxx) ပွင့်ဆိုင် ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြတယ်။ ဘယ်လိုဆွေးနွေးပွဲတွေ လုပ်မလဲ။ ဘယ်နှစ်ယောက်နဲ့ လုပ်မှာလဲ။ အမျိုးမျိုး ဝေဖန်ပြောနေကြပေမယ့် သိပ္ပံနည်းကျကျ လေ့လာတဲ့အခါ အစွန်းနှစ်ဖက်ကနေ ကြည့်တယ်။ တစ်ပွင့်ဆိုရင်တော့ ဆွေးနွေးလို့ မရဘူး။ (တစ်ယောက်တည်း ဘယ်လိုဆွေးနွေးပွဲ လုပ်လို့ရမှာလဲ။ Seminar လို ဖြစ်မှာပဲပေါ့)

အပွင့်တစ်ရာ ဆိုရင်လည်း အဆင်မပြေဘူးပေါ့။ (ဒါဆိုရင် လွှတ်တော်အစည်းအဝေးလိုမျိုး ဖြစ်နေမှာပေါ့)

ဒီတော့ ထပ်ပြီး လျှော့ကြည့်တိုး ကြည့်ရအောင်။ အပွင့် (၅ဝ)။ များသေးတယ်ဆိုရင် ၂၅ ပွင့်ဆိုင် ဆိုရင်ကော။

ဒါမှမဟုတ် များသေးတယ်ဆိုရင် ၁ဝ ပွင့်ဆိုင် တစ်ဝက်လျော့ရင် ငါးပွင့်ဆိုင် ဆိုရင်ကော။

ယမန်နှစ်က ဒီအချိန်လောက်မှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်ဆွေးနွေပွဲလုပ်ဖို့ တောင်းဆိုဖူးတယ်။ ဒါလည်း ကောင်းတာပါပဲ။

ဒီမိုကရေစီဆိုတာ မတူတဲ့ အမြင်တွေကို ပြောကြဆိုကြ ဆွေးနွေးကြတာကိုး။ ပြည်သူရဲ့ အမြင့်ဆုံးရာထူးကို လက်ခံထားတဲ့ သမ္မတ၊ နိုင်ငံရဲ့ စစ်ရေးရာအတွက် တာဝန်ရှိသူ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ပြည်သူ့ခေါင်းဆောင်လို့ သတ်မှတ်ထားကြတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ လိုအပ်တာတွေကို ဆွေးနွေးညှိနှိုင်း အဖြေရှာတယ်ဆိုရင် ကောင်းတယ်။

ပြည်သူတစ်ယောက် အနေနဲ့ ပြောရရင်တော့ တိုင်းပြည်ကြီး ကောင်းစားဖို့အတွက် လိုအပ်တာတွေကို ပြုလုပ်ရင် အကောင်းဆုံးပါပဲ။ ဒီအတွက် ဆွေးနွေးမှုတွေပြုလုပ်ဖို့ လိုတာကို ဒီမိုကရေစီအကြောင်း လေ့လာသူများ သဘောပေါက်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တင်းမာမှုတွေကို လျှော့ချဖို့ သဘောထားအမြင်က အရေးကြီးတယ်။

မကြာသေးမီက ကွယ်လွန်သွားတဲ့ တောင်အာဖရိကနိုင်ငံခေါင်းဆောင် နယ်ဆင်မင်ဒဲလားဆိုရင် ပြည်သူတွေက သူ့ကို တောင်အာဖရိကရဲ့ ဖခင်ကြီးလို့ ခေါ်ကြတယ်။

သူ တောင်အာဖရိကနိုင်ငံမှာ သမ္မတလုပ်သွားတာ သက်တမ်းတစ်ခု ငါးနှစ်ပါပဲ။ နောက်ထပ် သူ့ကို ကမ်းလှမ်းပေမယ့် သူလက်မခံခဲ့ပါဘူး။ သူ့ကို တောင်အာဖရိက ပြည်သူတွေက ချစ်ခင်ကြတယ်။ ဘာကြောင့် သူ့ကို ချစ်ကြတာလဲ၊ သူလုပ်တာ အမြဲရော မှန်ခဲ့ရဲ့လား။ ကျွန်တော်တို့ ပြန်ကြည့်တော့ သူဟာ တောင်အာဖရိက လူမည်းပါ။ လူမည်းအများစုဟာ ပညာမတတ်ကြဘူး။ မင်ဒဲလားက ပညာတတ်တယ်။ ဝိဇ္ဖာဘွဲ့ရတဲ့အထိ ပညာသင်ခဲ့သူပါ။

သူဟာ တောင်အာဖရိက လူမည်းတွေဘက်က ရပ်ခဲ့သူဖြစ်တယ်။ နှစ်ပေါင်းရာနဲ့ ချီနေပါပြီ။ အဲဒီက လူမည်းအများစုဟာ ဆင်းရဲနေပြီး လူဖြူလူနည်းစုဟာ ချမ်းသာနေတယ်။ လူဖြူ ၁၅ ရာခိုင်နှုန်းဟာ မြေရာခိုင်နှုန်း ၈ဝ ကိုပိုင်ထားတယ်။ လူမည်းအများစုဟာ အိမ်ခြေမဲ့ ရာခြေမဲ့သူတွေပါပဲ။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စပေမယ့် ကမ္ဘာအနှံ့မှာ ဖြစ်နေတဲ့ ကိစ္စပါ။ အမေရိကန် ပြည်ထောင်စုမှာ ချမ်းသာသူတွေဟာ ရက်အင်ဒီယန်းလို့ခေါ်တဲ့ Native American တွေ မဟုတ်ပါဘူး။

မလေးရှားမှာ ချမ်းသာသူတွေဟာလည်း တိုင်းရင်းသားမလေးတွေ မဟုတ်ဘူး။ ပြည်ပက ဝင်ရောက်အခြေချနေထိုင်တဲ့ တရုတ်တွေပါပဲ။ တောင်အာဖရိကမှာ လူမည်းအများစု ဆင်းရဲတာ ဘာမှမထူးဆန်းဘူး။

ဒီအချိန်မှာ Apartheid ဆိုတဲ့ လူဖြူ လူမည်းခွဲခြားတဲ့ ဥပဒေ ရှိနေတယ်။ ပထမ သူဟာ အာဖရိက အမျိုးသားကွန်ဂရက်ပါတီ (ANC- African National Congress) မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ဒီဥပဒေကို တိုက်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ အဆင်မပြေဘူး။ ဒါနဲ့ပဲ သူဟာ စစ်သင်တန်းတွေတက်ပြီး လူဖြူတွေကို လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ စီစဉ်တယ်။ အာဖရိက လူမည်းတွေကလည်း ထောက်ခံတယ်။ ဒါပေမဲ့ ဒါဟာ အဖြေမဟုတ်ဘူး။ သူအဖမ်းခံရတယ်။ အစိုးရကို ပုန်ကန်သူဖြစ်လို့ တစ်သက်တစ်ကျွန်း ၂၅ နှစ် ထောင်ကျခဲ့တယ်။ ထောင်ထဲမှာ အလင်းရောင်ရှိပေမယ့် အပြင်ကို မမြင်ရဘူး။

ဒီအခါသူက အတွေးအခေါ်တစ်ခုကို ရရှိခဲ့တယ်။

    သူ တောင်အာဖရိကနိုင်ငံမှာ သမ္မတလုပ်သွားတာ သက်တမ်းတစ်ခု ငါးနှစ်ပါပဲ။ နောက်ထပ် သူ့ကို ကမ်းလှမ်းပေမယ့် သူလက်မခံခဲ့ပါဘူး။ သူ့ကို တောင်အာဖရိက ပြည်သူတွေက ချစ်ခင်ကြတယ်။ ဘာကြောင့် သူ့ကို ချစ်ကြတာလဲ၊ သူလုပ်တာ အမြဲရော မှန်ခဲ့ရဲ့လား။ ကျွန်တော်တို့ ပြန်ကြည့်တော့ သူဟာ တောင်အာဖရိက လူမည်းပါ။ လူမည်းအများစုဟာ ပညာမတတ်ကြဘူး။ မင်ဒဲလားက ပညာတတ်တယ်။ ဝိဇ္ဖာဘွဲ့ရတဲ့အထိ ပညာသင်ခဲ့သူပါ . . . . .

“တို့အာဖရိကမှာ လူဖြူတွေလည်း နေတယ်။ လူမည်းတွေလည်း နေတယ်။ လူဖြူက ချမ်းသာတယ်။ လူမည်းက ဆင်းရဲတယ်။ လူမည်းက အများစုဖြစ်တယ်။ လူဖြူက နည်းနည်းလေး။ မတူတာတွေပါပဲ။
ဒါပေမဲ့ တူတာရှိတယ်။ သူအဖြေမှန်ကို တွေ့သွားတယ်။ အဲဒါက လူမည်းတွေက လူဖြူတွေကို ကြောက်တယ်။ လူဖြူတွေကလည်း လူမည်းတွေကို ကြောက်တယ်။ ကြောက်နေကြတာ တူညီတဲ့ အချက်ပါပဲ။

လူမည်းတွေက လူဖြူကို မယုံဘူး။ လူဖြူကလည်း လူမည်းကို မယုံဘူး။ မယုံတာချင်းတူတယ်။ ရလဒ်က ဘာလဲ။ တိုက်ရင်းခိုက်ရင်း ဆင်းရဲနေတယ်။ ဘယ်သူမှလည်း အလျှော့မပေးဘူး။
  
“တို့က ပိုက်ဆံရှိတယ်၊ ပိုင်ဆိုင်မှုတွေနဲ့ ချမ်းသာတယ်” (လူဖြူ တွေက ပြောတယ်။)

“ဒါက တို့လူမည်းတွေရဲ့ မြေ၊ မင်းတို့ မတရားလုပ်တယ်” (လူမည်းတွေက ပြောတယ်။) အဖြေမရှိဘူး။

ကံအားလျော်စွာ သူထောင်ကနေ ထွက်လာတော့ သမ္မတက ပညာရေးဝန်ကြီးဟောင်း F. W. de Klerk ဖြစ်နေတယ်။ (အင်မတန်တင်းမာတဲ့ သမ္မတကွယ်လွန်ချိန် ဖြစ်နေတယ်)

သူတို့ ဆွေးနွေးကြတယ်။ ဆင်းရဲပြီး ဒုက္ခပင်လယ်ဝေနေတဲ့ အာဖရိက နိုင်ငံပါ။ စစ်ပွဲတွေဖြစ်နေတယ်။ လူဖြူတွေက လူမည်းတွေကို သတ်တယ်။ လူမည်းတွေကလည်း လူဖြူ တွေကို သတ်တယ်။ ဒါဟာ အဖြေမှမဟုတ်တာဘဲ။

သူဟာ အစိုးရနဲ့ ဆွေးနွေးတယ်။ (ဘယ်နှစ်ပွင့်ဆိုင်လည်းတော့ မသိပါဘူး) F. W. de Klerk က သူ့ကို သဘောကျတယ်။

ဒီနေရာမှာ ဦးပုညရေးတဲ့ ရေသည်ပြဇာတ်ကို သတိရတယ်။ ဘုရင်ဖြစ်သူဟာ အင်မတန်ဆင်းရဲတဲ့ ရေသည်ယောက်ျားကို ချစ်ခင်တယ်။ နေပူထဲမှာ မသွားနဲ့ဆိုပြီး တိုင်းပြည်တစ်ဝက်ပေးဖို့ ကမ်းလှမ်းတယ်။ တကယ်လည်း တိုင်းပြည်တစ်ဝက်သာ မကဘူး နောက်ပိုင်းတစ်ပြည်လုံးကိုပါ ပေးခဲ့တယ် မဟုတ်ပါလား။

de Klerk ကလည်း ဒီလိုပါပဲ။ မင်ဒဲလားကို ဒုတိယသမ္မတအဖြစ် ခန့်တယ်။ နောက်တော့ မင်ဒဲလားဟာ တောင်အာဖရိကနိုင်ငံရဲ့ သမ္မတ ဖြစ်လာတယ်။ သူတို့နှစ်ယောက်သား ဆွေးနွေးကြပြီး သဘောတူညီချက် ရသွားတယ်။ (ဒီနေရာမှာ အာဖရိကအမျိုးသား ကွန်ဂရက်ပါတီဝင်တွေ ကန့်ကွက်ကြပါသေးတယ်၊ ဘုန်းတော်ကြီး ဒေါ့စမွန်တူးတူးက ကြားဝင်ဖျန်ဖြေပေးပြီး အဆင်ပြေခဲ့ပါတယ်)

de Klerk နဲ့ မင်ဒဲလား နှစ်ယောက်စလုံးဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပူးတွဲရရှိခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒါဟာ သမိုင်းဖြစ်လို့ပါပဲ၊ တောင်အဖရိက နိုင်ငံကြီးဟာ အရှိန်အဟုန်မြင့်မားစွာနဲ့ တိုးတက်လာတယ်။ ယနေ့ဆို တောင်အာဖရိကနိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံ မဟုတ်တော့ဘူး။ ကမ္ဘာ့ထိပ်တန်း နိုင်ငံစာရင်းထဲ ဝင်စပြုနေပြီ၊ သူ့မှာ ဘဘာဝသယံဇာတတွေ ရှိတယ်။ လူသယံဇာတနဲ့ ပေါင်းလိုက်ရင် ဘယ်မှာ မတိုးတက်ဘဲရှိမှာလဲ။

နောက်ဆုံး ပြောချင်တာက ပဋိပက္ခတွေအကြား ဆွေးနွေးပွဲနဲ့ ပတ်သက်နေတာပါ။ ဒီလိုဆွေးနွေးပွဲတွေကို ပြုလုပ်နေတဲ့အခါ တစ်ခါတစ်ရံမှာတော့ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတာမျိုး ဖြစ်တတ်တယ်။ ဒီလို အခြေအနေမှာ Leading Through Conflict ဆိုတဲ့ စာအုပ်ရေးတဲ့ Mark Gerzon က မေးဖူးတယ်။

“ခင်ဗျားတို့ ဘာကြောင့် ဒီလို ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေရတာလဲ၊ အတိုဆုံးစကားနဲ့ ဖြေပါ” တဲ့။ (ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလိုပါပဲ၊ ဒါဟာ တစ်ကမ္ဘာလုံးမှာ ဖြစ်နေကျပါပဲ) အဖြေက ဆက်သွယ်ရေး (Communication) ပါပဲတဲ့။ တစ်ယောက်စကား တစ်ယောက် နားမလည်လို့ ပါပဲတဲ့။

ရည်မှန်းချက်ပန်းတိုင်တွေ အတူတူပဲ မဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက် နားမလည်နိုင်တာက Communication ပုံစံ မှားနေလို့ပဲတဲ့။

ဒါဟာ အင်မတန်မှန်တဲ့ စကားပါပဲ။ ဒါပေမဲ့ ဒီဆက်သွယ်ရေး (Communication) ကြောင့် ပိုဆိုးသွားတာတွေလည်း ရှိတယ်။ အဆင်မပြေတာတွေလည်း ရှိတယ်။

ဒါကြောင့်လည်း လူအတော်များများဟာ အစည်းအဝေး မတက်လိုကြဘူး။ ဆိုရှယ်လစ် နိုင်ငံတွေမှာတော့ အစည်းအဝေးဆိုတာ အထက်က ချမှတ်ပေးတာတွေကို လုပ်ရပြီး ဒီမိုကရေစီ နိုင်ငံတွေမှာတော့ အစည်းအဝေးဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကျယ်ကျယ်လောင်လောင် ငြင်းခုံကြတာပဲလို့ ဆိုတယ်။

အစည်းအဝေးဟာ အချိန်ကုန်တာပဲ၊ အဲဒီမှာ စကားတွေ လာပြောတာ၊ အလုပ်မဖြစ်ပါဘူးလို့ လူတွေ ဘာကြောင့်ပြောတာလဲ။

ဒါဆိုရင် ကိုယ့်နံဘေးနားမှာ ဘာတွေရှိလဲ ကြည့်လိုက်ပါ။ တီဗွီ၊ ရေဒီယို၊ ရုပ်ရှင်၊ အောက်စက်၊ DVD စက်၊ ကွန်ပျူတာ၊ လက်ပ်တော့၊ တက်ဘလက်ကျောက်သင်ပုန်း။ ဆက်သွယ်ရေး ကိရိယာတွေ အများကြီးပါပဲ။

လူ့သမိုင်းမှာ သတင်းအချက်အလက် အများဆုံး ထုတ်ပေးနေတာကို ကြားနေကြရမှာပါ။ ကမ္ဘာမှာ ခုအချိန်လောက်ထိ ဘယ်တုန်းကမှ ဒီလောက်များတဲ့ သတင်းအချက်အလက်တွေကို ထုတ်ပေးနိုင်ခဲ့တာ မဟုတ်ပါဘူး။ ဘေးမှာ ချထားတဲ့ သတင်းစာတွေ ဂျာနယ်တွေလည်း ရှိသေးတယ်။

ဒီတော့ ဘာလို့ အဖြေရှာလို့ မရဘဲ ရှိမှာလဲ။ (xxx) ပွင့်ဆိုင် ဆွေးနွေးပွဲတွေ လုပ်ကြပါ။ ဒါပေမဲ့ လေးပွင့်ဆိုင် ဒါမှမဟုတ် အများဆုံး ခြောက်ပွင့်ဆိုင်ပေါ့လေ။ ဒါဟာ Optimum နံပါတ်ပါပဲ။ ဘယ်လိုဖြစ်ဖြစ် ဆွေးနွေးပွဲတွေ လုပ်ကြပါ။

Credit  -   Eleven Media Group


No comments:

Post a Comment