Sunday, December 21, 2014

အကြောင်းကိုသိသောငါ (ဆောင်းပါး)

ဆောင်းပါး - ငြိမ်းချမ်းအေး

“ လောကမှာ လူ့မိုက်မဲမှုနဲ့ စကြ၀ဠာနှစ်ခု ဟာ အဆုံး၊ အစ မရှိဘူး။ ဒီထဲမှာ စကြ၀ဠာ အတွက်တော့ သူသိပ်မသေချာသေးဘူး၊ လူ သားမိုက်မဲမှုကတော့ အတိုင်းမသိပါပဲ ...” ဆိုတဲ့ သဘောမျိုး အိုင်းစတိုင်းဆိုခဲ့ဖူးတယ်လို့ ပြောလေ့ရှိ ကြတယ်။ ပုဂံခေတ် ရှေးဦးမြန်မာ စကားပြေမှာကတည်းက ပါဠိစကားလုံး “ အနန္တ” ကို “ အတိုင်းမသိ” လို့ ဘာသာပြန်ခဲ့တာ တွေ့ရ တော့ ဘာသာပြန်ယူပုံ အသုံးကို သိပ်သ ဘောကျမိတယ်။

အတိုင်းမသိရင် အကျဉ်း၊ အကျယ် မသိ တော့ဘူး၊ အထူအပါး နားမလည်တော့ဘူး၊ အကောင်း၊ အဆိုး မခွဲတတ်တော့ဘူး၊ အ မှား၊ အမှန် မကွဲတော့ဘူး၊ အမြော်အမြင်မရှိ တော့ဘူး စသည်.. စသည်.. ဘာဆိုဘာမှ မသိ၊ မရှိ၊ မိုက်မဲမှုက အဆုံး၊ အစ မရှိတော့ သလိုဖြစ်သွားတယ်။ လူသားရဲ့မိုက်မဲမှုက တကယ့် အနန္တ၊ တကယ့်အတိုင်းမသိပါပဲ။ ဗုဒ္ဓအဟော “ အန္ဓီဘူတော အယံ လောကော ဤလောကသည် အမိုက်အတိ၊ ကန်း၏” ဆို တဲ့အတိုင်းပါပဲ။

သတ္တဝါတွေထဲမှာ အသိဉာဏ်အရှိဆုံးခံ ယူတဲ့ လူသားရဲ့ လူ့သမိုင်းတလျှောက် မိမိ ရှင်သန်နေထိုင်ရာ ကမ္ဘာမြေကြီးနဲ့ယှဉ်တွဲရာ သတ္တ၊ ရုက္ခလောက အပေါ် ပြုမူ ကျင့်ကြံပုံကို ကြည့်ရင် လူသားရဲ့မိုက်မဲမှုအတိုင်းအတာကို သိနိုင်ပါတယ်။ မိမိကိုယ်ကျိုးအတ္တအလိုလော ဘ၊ ဥစ္စာဓနအတွက် သစ်ပင်တွေခုတ်ကြ၊ သား ကောင်တွေသတ်ကြ၊ တောင်တွေဖြို၊ တော တွေ တုံး၊ မြစ်ရေတွေခမ်းစေပြီ ကိုယ်နေထိုင် ရာ အိမ်ကမ္ဘာကို မိုက်လုံးကြီးစွာနဲ့ ဖျက်ဆီး နေကြတယ်။ ဒါ့အပြင် လူသားအချင်းချင်း အမျိုးဘာသာသာသနာ၊ မျိုးချစ်စိတ်၊ တိုင်း ပြည်ဂုဏ်၊ အာဏာ၊ စီးပွား အစရှိသလိုအ ကြောင်း အမျိုးမျိုးပြ ခေတ်အဆက်ဆက်ဖြစ် ပွားခဲ့တဲ့ စစ်ပွဲ၊ အကြမ်းဖက်မှု၊ ပဋိပက္ခ၊ အဓိ ကရုဏ်း၊ အမုန်း၊ ရန်ငြိုးတွေဟာလည်း လူ သားရဲ့မိုက်မဲမှု ပြယုဂ်တွေပါပဲ။
ဒီလိုကြီးကျယ်တဲ့ မိုက်မဲမှုတွေကို ထား လိုက်ပါဦး။ နေ့စဉ် သူသူ၊ ကိုယ်ကိုယ် အား လုံးနီးပါ ရံဖန်ရံခါကျူးလွန်တတ်တဲ့ အသိမဲ့မှု တွေကိုပဲကြည့်ပါ။ ၂၁ ရာစု ခေတ်လူသား နိစ္စဓူဝ မြင်တွေ့၊ ကြုံဆုံနေရတဲ့ အင်တာနက် ခေတ် လာသမျှသတင်းကိုတင်၊ တွေ့သမျှ သတင်းကိုယုံ၊ စဉ်းစားဆင်ခြင် ကိုယ်ပိုင်တွေး ခေါ်မှုဖြစ်စဉ်မဲ့နေတဲ့ အဖြစ်တွေကိုပဲကြည့်ရင် လူသားရဲ့မိုက်မဲမှုက အတိုင်းမသိ၊ အ တိုင်းမရှိကြောင်း သိနိုင်တယ်။

ဒီသဘောဟာ ကျောင်းစာသင်ခန်း အတန်းပညာနဲ့မဆိုင်ပါ။ အတန်းစာက မဟာပညာကျော်၊ ပါရဂူဖြစ် ကောင်းဖြစ်မယ်၊ ဒေါက်တာဖြစ်ကောင်းဖြစ် မယ်၊ ကိုယ်ပိုင်ဆင်ခြင်ထုတ်နိုင်မှုစွမ်း မရှိ တာကတော့ မရှိတာပါပဲ။
ပါဠိကပဲလာတဲ့ “ ပညာ” ကို အနက်ဖွင့်ရင် အကြောင်း-အကျိုး၊ အမှား-အမှန်၊ အဆိုး-အကောင်းကို ခွဲခြမ်းစိတ်ဖြာနားလည်ခြင်းလို့ ရမယ်ထင်တယ်။ ခွဲခြမ်းစိတ်ဖြာဆင်ခြင်မှု ဉာဏ် စိတ်အသိ ‘Analytical Mind’ ဖြစ် စဉ်ကလာတဲ့ နားလည်မှု “ Analytical Understanding” ကသာ အတွေးအခေါ်၊ အမြော် အမြင် ဆင်ခြေတုံတရားရှိတဲ့ ပညာဉာဏ် အမြင် “ Wisdom” ကိုရနိုင်တယ်။ တွေးခေါ် ဆင်ခြင်ဉာဏ်ထုတ်မှုဖြစ်စဉ်မပါတဲ့ လေ့လာမှု အသိဗဟုသုတ “ Knowledge” တခုတည်း ကနေ အမှား၊ အမှန်၊ အဆိုး၊ အကောင်း၊ အကျိုး၊ အကြောင်း ခွဲခြားသိမြင်နားလည်နိုင် တဲ့ ဉာဏ်အမြော်အမြင် “ Wisdom” ကို မရ ပါဘူး။

ဒါပေမဲ့ခက်တာက လူ့သဘာဝမှာ ကိုယ် ပိုင်စဉ်းစားတွေးခေါ်လိုမှုက အင်မတန်နည်း လှတယ်။ ဒါကြောင့်လည်း ဗြိတိသျှတွေး ခေါ်ပညာရှင် ဘာထရန်ရပ်ဆဲလ် (၁၈၇၂-၁၉၇၀)က “ တွေးမလား၊ သေမလားဆိုရင် မတွေးဘဲ အသေခံကြမယ့်လူ အများစုပါ” ဆို တဲ့ သဘောမျိုးဆိုခဲ့ဟန်တူတယ်။
ဒီလိုသဘောမျိုးကြောင့် ဗဟုသုတရှာ မှီးလို၊ ဒါမှမဟုတ် ဗဟုသုတရှိလှပါရဲ့ဆိုသူ အတန်းပညာတတ်များ ကိုယ်တိုင်ကျိုးကြောင်း ဆင်ခြင်မှုမဲ့ကာ အပြောင်အပြက်သတင်းမှန်း မသိ၊ လံကြုတ် သတင်းမှန်းမသိ၊ နောက်ခံ အကြောင်းအရာ၊ ရည်ရွယ်ချက်တခုခုကြောင့် တင်တဲ့သတင်းမှန်းမသိ အစရှိတဲ့ အင်တာ နက်က သတင်းမျိုးစုံကို အခု လူမှုကွန်ရက် အွန်လိုင်းခေတ်ကြီးမှာ မြင်သမျှ၊ တွေ့သမျှ ယုံနေ၊ ကိုယ့်စာမျက်နှာများမှာ အားတက် သရော ဖြန့်နေကြတာပဲပေါ့။ အင်္ဂလိပ်လို လေးများရေးထားရင် ပညာတတ်ဆိုသူများ ပိုလို့တောင် ယုံယုံကြည်ကြည် တင်ကြပါသေး တယ်။ ခေတ်ဆိုးစနစ်ဆိုးမှာ အများစုရခဲ့တဲ့ အတန်းပညာဆိုတာကလည်း ကိုယ်ပိုင်စဉ်း စားတွေးခေါ်နိုင်စွမ်းကို လုံးဝမျက်ကွယ်ပြု ထားတဲ့ နို့ပိန်ပျဉ်းကျ ပညာရေးဖြစ်တာကြောင့် လည်း ပါတာပေါ့လေ။

ဒါနဲ့ပဲ ဩစတြေးလျဝန်ကြီးချုပ် အဆက် ဆက်လည်း မွတ်ဆလင်တွေကို တိုင်းပြည်က နှင်ထုတ်ခဲ့ကြ၊ ဂျက်ကီချန်းလည်း အွန်လိုင်း မှာ ခဏခဏသေရ၊ ဒီဇင်ဘာမှာ ကမ္ဘာကြီး ဟာ ၆ ရက်တိုင်တိုင် အလင်းရောင်မရှိဆို လည်း ယုံကြဖြစ်ရတာပါ့။ လူကြိုက်များအောင် ဒါမှမဟုတ် အမုန်းပွားအောင် သတင်းလိမ် တင်တဲ့ နိုင်ငံတကာက အပြောင်အပြက်လိမ် ဆင်သတင်း “ Hoax News/Spoof News” တွေ၊ ဧပြီအရူးလုပ်တဲ့သတင်းတွေကို အင်္ဂ လိပ်စာတတ်ဆိုသူများ မစူးစမ်းမဆင်ခြင် ယုံ ချင်ကြတယ်။ တခါတလေ ဒါမျိုး လိမ်ဆင် တွေကို ကျွန်တော်တို့ဆီက အပေါစားလူပြိန်း ကြိုက်ပေါ်ပင် အဝါရောင်စာနယ်ဇင်းတချို့က ပါ ကိုးကား “ Internet” တို့၊ ကိုးကား “ Facebook” တို့လုပ်ကာ တရားဝင်ပုံနှိပ်တတ်ကြ ပါသေးတယ်။
ဒီလို အမှုမဲ့အမှတ်မဲ့အသိမဲ့ ခပ်လွယ် လွယ်ခပ်ပေါ့ပေါ့နေတတ်သူ လူအများကြောင့် အွန်လိုင်းမှာ ဘယ်သူဘယ်ဝါမှန်းမသိ၊ နာ မည်ဝှက် အပုန်းအလျှိုများ၊ နိုင်ငံရေးရည်ရွယ် ချက်ရှိရှိနဲ့ အမုန်းပွားလိုသူများ၊ လူမျိုးဘာ သာစွဲကြီး၊ ပြင်းထန်သူပုဂ္ဂိုလ်များဟာ ပွဲဆူ စေမယ့် သားမယားပြုကျင့်မှု လုပ်ကြံဇာတ် လမ်းတွေ ကွန်ရက်စာမျက်နှာများမှာ ကောင်း ကောင်းခင်းပြနိုင်၊ ကလစ်ကလေးတစ်ချက်နှိပ် လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်ပေးနိုင် တယ်၊ အမုန်းတရားဖြန့်နိုင်နေကြတာပေါ့။ အကျိုးဆက် တိုင်းပြည်မှာ မှီတင်းနေထိုင်နေ ကြတဲ့ နိုင်ငံသားအချင်းချင်းလည်း ယုန် ထင်ကြောင်ထင် သင်္ကာယနမကင်းဖြစ်၊ အ မြင်မကြည်လင် မနှစ်မြို့မုန်းတီးမှုတွေ တိုး ပွားလာကုန်တာပေါ့။

မျက်မှောက်ခေတ်ကို သတင်းနည်းပညာ ခေတ်ကြီးလို့ သတ်မှတ်ကြတယ်။ ဒါပေမဲ့ အရာရာတိုင်းက မှန်ကန်တဲ့သတင်းမဖြစ်ပါ။ တရားဝင် စာနယ်ဇင်းအပါအဝင် အွန်လိုင်း +ပုံနှိပ်မီဒီယာများပေါ်မှာ အချက်အလက်အ မှန်များ၊ ပုံကြီးချဲ့မှုများ၊ အမှန်တဝက် အမှား တဝက် စတဲ့ အမှား/အမှန်၊ အကောင်း^အဆိုး ရောယှက်နေတာပါ။ ဒီလို စိစစ်မထုတ်ရသေး တဲ့ အကြမ်းထည် “ Raw Data” တွေကို မှန် ကန်တိကျတဲ့ သတင်းအချက်အလက်ဖြစ် စေဖို့က နည်းပညာခေတ် ခေတ်လူသားရဲ့ ကိုယ်ပိုင် တွေးခေါ်၊ မြော်မြင်၊ သုံးသပ်၊ ဆင် ခြင်နိုင်မှုဖြစ်စဉ် ကိုယ်ပိုင်ဦးနှောက် အလုပ် “ Process” လိုပါတယ်။ ဒီဖြစ်စဉ်အဆင့် ပြီးမှသာ မျက်မှောက်မီဒီယာ ကြားခံအစုံစုံက မြင်ရ၊ ကြားရ၊ ဖတ်ရသမျှဟာ တကယ့် “ Information” သတင်းအမှန်ကို ဖြစ်စေနိုင်ပါ တယ်။ ဒါပေမဲ့ ဒီသဘောကို လူအများစုလုပ် လေ့လုပ်ထမရှိတော့ ယေဘုယျအများစု သ ဘောကတော့ ပြောင်းလဲမသွားပါ။

ဒါကြောင့် မသိမှု၊ မိုက်မဲမှု၊ အမှန်တဝက် သိမှု၊ အကျိုး/အကြောင်းအလုံးစုံ ပြည့်ပြည့် စုံစုံနားလည်နိုင်မှု နည်းမှုတွေနဲ့ ဒါတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တွေ့နေ၊ မြင်နေ၊ ကြားနေရဦးမှာပါပဲ။ ပါဠိစကားလုံး “ အန္ဓ” ကို မြန်မာလိုပြန်ရင် “ ပညာမျက်စိကန်းသော၊ လူအ၊ လူပြိန်း” လို့ ရမယ်ထင်ပါတယ်။ တွေး ခေါ်ဆင်ခြင်၊ အကျိုး။အကြောင်းစဉ်းစားမှုက လာတဲ့ ပညာဉာဏ်ဆိုတဲ့ အလင်းမဲ့သူကို စာရွက်ပေါ်က အတန်းပညာဘယ်လောက် ရှိရှိ “ လူ့ အန္ဓ” လို့ပဲခေါ်ရပါမယ်။ “ လူပြိန်း” လို့ပဲ ခေါင်းစဉ်တပ်ရပါမယ်။

ဒီလို အယုံလွယ်၊ သွေးဆူလွယ်၊ သွေး ထိုးမြှောက်ပင့်ကြိုးဆွဲရာက ခိုင်းဖို့လွယ်သူ လူ့ အန္ဓ လူပြိန်းတွေများရင် အိမ်ကြက်ချင်း အိုးမည်းသုတ်ရန်တိုက်ပေးလိုသူ၊ သွေးခွဲအုပ် ချုပ် အာဏာသက်ဆက်လိုသူတွေရဲ့ အ ကြိုက်ပဲဖြစ်နေပါမယ်။ အာဏာသက်ဆိုး ဆွဲ ဆန့်လိုသူတွေရဲ့ ထောင်ခြောက်ထဲမှာပဲ တဝဲ လည်လည်ဖြစ်နေပါမယ်။
နိဂုံးချုပ်ရရင် ပုဂံခေတ် သိင်္ဃသူ့သမီး ကျောက်စာပါဆုတောင်းလို “ အကြောင်းကို သိသော ငါ ဖြစ်ရပါလို၏” သန္နိဋ္ဌာန်နဲ့ လူ အများ တိုင်းပြည်မှာတိုးပွားစေချင်တယ်။ အ ကြောင်းက ပိုမိုကောင်းမွန်တဲ့စနစ် အဖွဲ့အ စည်း၊ တရားမျှတ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်း ချမ်းသာ၊ လောကပါလတရား ထွန်းကားတဲ့ ဒီမိုကရေစီ လူ့ဘောင်တစ်ခုကို အဆင့်မီ တည်ဆောက်ချင်ရင် တိုင်းပြည်ရဲ့ပြဿနာ ရင်းမြစ် နောက်ခံစနစ်ဆိုး အကြောင်းရင်းတွေ ကို သိနားလည်တဲ့လူ များပြားမှဖြစ်မှာမို့ပါ။

အကြောင်းကိုမသိခြင်း၊ တွေးခေါ်မြော်မြင်မှု မရှိခြင်း၊ ဉာဏ်အလုပ်မပါခြင်း၊ ပညာမဲ့ခြင်း က လူ့အဝန်းအဝိုင်းမှာ “ မိုက်မဲမှုအနန္တ” အ တိုင်းမသိ၊ အတိုင်းမရှိဖြစ်နေခြင်းရဲ့အကြောင်း ရင်းခံလည်းဖြစ်နေလို့ပါ။ ဒီအကြောင်းကြောင့် အကျိုးဆက် အုပ်စိုးသူများလှည့်ကွက်ကို မမြင်နိုင် လူအချင်းချင်း လောဘ၊ ဒေါသ၊ မောဟတွေထား၊ အငြိုးအတေးတွေ သန္ဓေ တည်၊ အာဃာတတွေတည်ဆောက်၊ အမုန်း တွေဖွဲ့၊ ပဋိပက္ခတွေများကာ လူ့အဖွဲ့အစည်း မငြိမ်းချမ်း၊ မစည်ပင်၊ မဖွံ့ဖြိုးဆုတ်ယုတ်နေ ရခြင်းပါပဲ။ “ အကြောင်းကိုသိသော ငါ” ဖြစ် မှသာ “ မိုက်မဲမှုအနန္တ” အဆုံးသတ်၊ စနစ် ဆိုးလူဆိုး သံသရာပဋိစ္စသမုပ္ပါဒ် စက်ဝန်းက လွတ်နိုင်မှာပါ။
စာရေးသူ ကျွန်တော်တော့ “ အကြောင်း ကိုသိသော ငါ” အပြည့်အဝဖြစ်ဖို့ တနိုင်ကြိုး စားနေပါတယ်။ မိတ်ဆွေစာဖတ်သူကော ဘယ်လိုပါလဲ ခင်ဗျာ။

(ဆောင်းပါးပါအာဘော်ကို ဝေဖန်ထောက်ပြရန် nyeinchanaye81@gmail.com သို့ စာရေးနိုင်သည်။)

ငြိမ်းချမ်းအေး

Credit - The Ladies News Journal

 
 

No comments:

Post a Comment