Sunday, December 21, 2014

အားကစားကွင်း ပြန်ရဖို့ ဆန္ဒပြတဲ့ ဦးကိုကိုကြီး ပုဒ်မ ၁၉နဲ့ တရားစွဲခံရ

 ရန်ကုန်၊ ဒီဇင်ဘာလ ၂၁

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီး အပါအဝင် တောင်ဥက္ကလာပ ပန်းခြံ အားကစားကွင်း ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်သူ လေးဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီးတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉နဲ့ တရားစွဲဆိုလိုက်တယ်လို့ တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ် (၉) ရပ်ကွက် ဝေဇယန္တာလမ်းနဲ့ သစ္စာလမ်းထောင့်ရှိ ကလေးကစားကွင်းနဲ့ ပန်းခြံ မြေနေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကွန်ဒိုအဖြစ် ဆောက်လုပ်နေတာနဲ့
ပတ်သက်လို့ ဒီဇင်ဘာလ ၂၁ရက်နေ့က ဟောပြော ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် အခုလို တရားစွဲရတာလို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့ ခွင့်ပြုပေးထားတာက တာမွေမှာရှိတဲ့ ဟစ်တိုင်မှာ ခွင့်ပြုပေးထားတာပါ။ သူတို့က အဲ့မှာ မလုပ်ဘဲ ဒီမှာလာလုပ်ကြ တဲ့အတွက် ဥပဒေအရ အရေးယူရခြင်း ဖြစ်ပါတယ်” လို့ ရဲမှုးကြီး မျိုးအောင်က ပြောဆိုပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇မှာ နိုင်ငံတော်ရှိ မြေအားလုံး မြေပေါ်မြေအောက် ရေပေါ် ရေအောက်နဲ့ လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံးဟာ ပြည်သူပိုင်ဖြစ်တယ် ဆိုပြီး ပြဋ္ဌာန်းထား တာကြောင့် နိုင်ငံတော်ကမြေကို ကိုယ်ပိုင်သလို ငါပိုင်သလို လုပ်နေတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်နေတာလို့ ဦးကိုကိုကြီးက ပြောပါတယ်။

အာဏာသိမ်းအစိုးရ လက်ထက်မှာ ကလေးတွေအတွက် အားကစားကွင်းတွေ ပေးထားခဲ့ပေမယ့် ဒီမိုကရေစီ အစိုးရ လက်ထက်ရောက်မှ ကစားကွင်းတွေ ပျောက်သွားတာကို လုံးဝ လက်မခံနိုင်ဘူးလို့ သူက ဆိုပါတယ်။

ဥပဒေနဲ့အညီ ဆန္ဒဖော်ထုတ်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ စာတင် ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် ကျိုက္ကဆံဟစ်တိုင်မှာပဲ ခွင့်ပြုတာကြောင့် အခုလို ဆန္ဒပြရတာလို့ တရားစွဲခံရသူထဲက တစ်ဦးဖြစ်တဲ့ ဒေါက်တာ ရန်နိုင်က ပြောပါတယ်။

တောင်ဥက္ကလာပ ခရိုင်စည်ပင်ရုံးရှေမှာ တောင်ဥက္ကလာပနေ ပြည်သူ အယောက် ၃၀ကျော်က ကစားကွင်း ပန်းခြံမြေနေရာ ပြန်လည်ရရှိရေးဆိုပြီး ဗီနိုင်းဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီးတော့ ဝေဇယန္တာလမ်းနဲ့ သစ္စာလမ်းထောင့်ရှိ ကလေးကစားကွင်းနဲ့ ပန်းခြံရှေ့သို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

Credit - The Voice

No comments:

Post a Comment