Friday, December 26, 2014

နာဂဒေသ NLD ပါတီအတွင်းရေးမှူးပိုင် ခြံစည်းရိုးမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆိုင်းဘုတ်ဖြုတ်ချခံရ

 ရန်ကုန်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်ရှိ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဋ္ဌရုံးရှေ့ မျက်နှာချင်း ဆိုင်ရှိ NLD ပါတီ အတွင်းရေးမှူး ခြံစည်းရိုးတွင် ချိတ်ဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆိုင်းဘုတ် ဗီနိုင်းကို ဒီဇင်ဘာ ၂၀ ရက်တွင် အဆိုပါ ဥက္ကဋ္ဌရုံးမှ လာရောက်ခွာယူ ဖြုတ်ချခဲ့ကြောင်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ NLD ပါတီဥက္ကဋ္ဌ ဦးလော်ရုံက ဒီဇင်ဘာ ၂၀ တွင် မြန်မာသံတော်ဆင့်ကို ပြောသည်။

လဟယ်မြို့နယ်ရှိ NLD ပါတီ အတွင်းရေးမှူး ခြံစည်းရိုးတွင် ချိတ်ဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆိုင်းဘုတ်ဗီနိုင်းကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ၏ ရုံးရှေ့ မျက်နှာချင်းဆိုင် တွင် ချိတ်ဆွဲထားသည့်အတွက် ဖြုတ်ချခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါ ကိစ္စရပ်အတွက် NLD ပါတီ ဗဟိုသို့တင်ပြ သွားမည် ဖြစ်သည်။

““ဒီမနက် ၄၃၆ တုန်းက နှိုးဆော်တဲ့ ဗီနိုင်းလေးကို ကျွန်တော်တို့က မြို့နယ်ပါတီ အတွင်းရေးမှူး ခြံစည်းရိုးမှာ ကပ်ထားတာ အဲ့ဒါကို ဦးစီးဥက္ကဋ္ဌက လူတစ်ယောက်ကို ဒီမနက် ဖြုတ်ခိုင်းတယ် ပြောတယ်။ ဒီတစ်ခါတည်း မဟုတ်ဘူးလေ သူတို့က အရင်ကတည်းက ကျေးရွာအုပ်စု ဆိုင်းဘုတ်တွေကိုလည်း သူ့ခရီးစဉ်ကျ သူလာရင် အဲဒီ ဆိုင်းဘုတ်တွေကို မမြင်ချင်ဘူးး။ ဖြုတ်ချ ဘာညာနဲ့ ဖြုတ်ချတယ်။ သူပြန်ရင် ပြန်တင်ကြတယ်။ အဲဒီ့ နောက်ပိုင်း ကြားထားတာ ၃ နေရာလောက် ရှိတယ်။ ကျွန်တော်က ဘာလို့ဖြုတ်လဲ သွားမေးတော့ ရုံးရှေ့မှာ အဲဒီလိုတော့ မလုပ်နဲ့တဲ့။ ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ရန်ကုန်မှာရှိတဲ့ ဗဟို NLD ပါတီ လူကြီးတွေကို ပြောမှာပါ။ ဗဟိုနဲ့ ညှိကြည့်မယ်။ ဗဟိုက ဘယ်လို ဆက်သွားမလဲဆိုတာ။ ဗဟိုက အကြံပေးချက်အတိုင်း ဆက်သွားပါ့မယ်။ ကျွန်တော်တို့ ပါတီက လူတွေနဲ့ တင်သင့် မတင်သင့် ညှိရဦးပါမယ်””ဟု နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ NLD ပါတီဥက္ကဋ္ဌ ဦးလော်ရုံက မြန်မာသံတော်ဆင့်ကို ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဥပဒေနှင့် ညီညွတ်မှု မရှိသည့်အရာများကို တားမြစ်၍ ရကြောင်းနှင့် ၎င်း ၄၃၆ ဗီနိုင်းသည် သူ့နေရာနှင့်သူ မရှိသည့်အတွက် အုပ်ချုပ်ရေးအရ မလုပ်သင့်သဖြင့် တားမြစ်ရခြင်း ဖြစ်ကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးရိုစံကြူးက မြန်မာသံတော်ဆင့်ကို ပြောသည်။

““ဥပဒေ ပြင်ဆင်တယ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘယ်လို လုပ်ရမလဲဆိုတဲ့ စည်းမျဉ်း စည်းကမ်းတွေ အကုန်ရှိတယ်လေ။ ဥပဒေနဲ့အညီမရှိတဲ့ ကိစ္စတွေ အုပ်ချုပ်ရေး စည်းမျဉ်း စည်းကမ်းအရ အကုန်လုံး တားမြစ်လို့ရတယ်။ ပိတ်ပင်လို့ရတယ်။ အုပ်ချုပ်ရေး စည်းမျဉ်းစည်းကမ်းအရ မထားသင့်တော့ဘူး ဆိုတာ မထားနဲ့ပေါ့။ ဘယ်အချိန်မှ လုပ်မယ်လို့ ပြောပြီးသား ဘယ်အချိန်မှ ဆွေးနွေးမယ်လို့ ပြောပြီးသား။ ထားတယ်ဆိုတယ် လုပ်တယ်ဆိုတာလည်း သူ့နေရာနဲ့သူပေါ့။ ဥပမာ ပြည်ထောင်စု အစိုးရရုံးရှေ့ တည့်တည့် မှာ ပုဒ်မ ၄၃၆ ပြင်တယ် ဆင်တယ်ဆိုတဲ့ ဆိုင်းဘုတ်သွားကပ်ရင် ကောင်းမလား၊ တိုင်းဒေသအစိုးရ အဖွဲ့ရုံး တစ်ခု ပြည်နယ်အစိုးရရုံး ရှေ့တည့်တည့်မှာ အိမ်မှာပဲပြောပြော အတွင်းရေးမှူး အိမ်ပြောပြော အဲ့မှာကပ်လို့ ကောင်းမလား၊ NLD ရုံးမှာ ကိုယ့်ကြော်ငြာ၊ စည်းရုံးရေး၊ လက်တွေ့ လုပ်နိုင်ကြတဲ့ ကိစ္စတွေ ကပ်ကြပေါ့။ သူ့နေရာနဲ့သူမရှိတဲ့ အတွက်ကြောင့် မရှိသင့်တဲ့ အတွက် ဒါအုပ်ချုပ်ရေးအရ မလုပ်သင့်ဘူး။ ဒီလိုမထားကြနဲ့ မလုပ်ကြနဲ့ သူ့နေရာနဲ့သူ ထားကြ ပြောကြပေါ့””ဟု ဦးရိုစံကြူးက မြန်မာသံတော်ဆင့် ကို ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စစ်ကိုင်းတိုင်း လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ် တို့အား နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးထားပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဦးရိုစံကြူးမှ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သည်။

  ရည်မွန်ဖြိုး
  မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment