ရန်ကုန်၊ ဒီဇင်ဘာ ၂၄
လက်ပံတောင်းတောင် ဆန္ဒပြမှုကို ရဲများနှင့် ၀မ်ပေါင် ၀န်ထမ်းများက အကြမ်းဖက် ဖြိုခွဲမှုကြောင့် တစ်ဦး သေဆုံးပြီး အယောက် ၄၀ ကျော် ဒဏ်ရာရရှိခဲ့ရာတွင် ဒဏ်ရာ ရရှိသူများကို မုံရွာဆေးရုံကြီးက ချက်ချင်း လက်ခံ ကုသခဲ့ခြင်း မရှိကြောင်း လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်တွင် ပါဝင်ခဲ့သူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။
““ပထမပိုင်းမှာ အဲဒီလိုဖြစ်နေတာပါ။ အန်တီတို့ သတင်းကြားလို့ ရောက်တဲ့ အချိန်မှာ အားလုံးကို လက်ခံကုသပေးနေပြီ””ဟု ၎င်းက ဆိုသည်။
နိုင်ငံတော်အတွင်း အကြောင်း အမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာ ရရှိသော အရေးပေါ် လူနာများကို အချိန်မီ ကူညီ စောင့်ရှောက်ခြင်းနှင့် ဆေးကုသခြင်း တို့ ပြုလုပ်နိုင်ရန် ထိခိုက်ဒဏ်ရာ ရရှိသော အရေးပေါ် လူနာကို ကူညီ စောင့်ရှောက်ခြင်းနှင့် ကုသခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်ကတည်းက ပြည်ထောင်စု လွှတ်တော်တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။
အဆိုပါ ဥပဒေအခန်း ၂ ပုဒ်မ ၆ တွင် ပြဋ္ဌာန်းချက်အရ ဆေးရုံ သို့မဟုတ် ဆေးခန်းသည် ထိခိုက် ဒဏ်ရာရသူကို အရေးပေါ် မဟုတ်သော လူနာများထက် ဦးစားပေးကုသခြင်း၊ ဆေးရုံ သို့မဟုတ် ဆေးခန်းအဆင့်နှင့် အညီ အမြန်ဆုံးနှင့် အထိရောက်ဆုံး ကူညီမှုပေးရန် ပြဋ္ဌာန်းထားသည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၂၄ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် မုံရွာဆေးရုံကြီး ဖုန်းနံပါတ် ၀၇၁ -၂၁၀၁၅ သို့ ဆက်သွယ်ရာ ရုံးအုပ် ဦးလှထွန်း၏ ဖုန်း ၀၇၁-၂၁၅၁၁ ကို ပေးခဲ့ပြီး ယင်းဖုန်းကို ဆက်သွယ်ရာ ဦးလှထွန်း အပြင်သွားသဖြင့် ဦးလှထွန်း လာမှမေးရန် ပြောကြား ခဲ့သည်။ နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာ မြန်မာသံတော်ဆင့် မှ ဖြစ်ကြောင်းပြောစဉ် ဖုန်းချသွားပြီး ထပ်မံခေါ်ဆိုရာ မကိုင်တော့ပေ။ ခဏအကြာ ထပ်မံခေါ်ဆိုရာအမည် ဖြေကြားခြင်းမရှိသည့် အမျိုးသမီးတစ်ဦးက ““မရှိပါဘူးရှင်၊ အခု လေးတင် အောက်ဆင်း သွားပါတယ်ရှင်၊ ဘယ်အချိန် ပြန်ရောက်မလဲ မသိပါဘူးရှင်””ဟု ဖြေကြားသည်။ နောက် ထပ် နှစ်နာရီခန့်အတွင်း ဖုန်း ၁၅ ကြိမ်ထက်မနည်း ခေါ်ဆိုခဲ့သော်လည်း ဖုန်းမကိုင်တော့ပေ။
ထို့ပြင် ရဲဝန်ထမ်းများ အနေဖြင့်လည်း ထိခိုက်ဒဏ်ရာ ရရှိသူကို တွေ့ရှိပါက အနီးဆုံး ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ အကြောင်းကြားခြင်းနှင့် အမြန်ဆုံး ရောက်ရှိစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပုဒ်မ ၇ အပိုဒ်ခွဲ ခ တွင် ပြဋ္ဌာန်းထားသည်။
ကျော်ကျော်မင်း၊ ချမ်းမြေ့ခိုင်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment