နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ဆိုကာ ပြန်ကြားရေး ၀န်ကြီးဌာနက တရားလို ပြုလုပ်၍ မီဒီယာဥပဒေ ပုဒ်မ၂၅(ခ)ဖြင့် မြန်မာသံတော်ဆင့် ဂျာနယ်မှ အယ်ဒီတာချုပ် အပါအ၀င် (၁၁)ဦးကို တရားစွဲဆိုထားမှု၏ စတုတ္ထအကြိမ် ရုံးချိန်းတွင် တရားလိုပြ သက်သေဖြစ်သူ ပြန်ကြားရေး ၀န်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်ကို နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ် တရားရုံး၌ ဒီဇင်ဘာ(၂၃) ရက်က စစ်ဆေးသည်။
အဆိုပါ ရုံးချိန်းသို့ တရားစွဲဆို ခံထားရသည့် မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှ ၆ ဦး တက်ရောက်ခဲ့ပြီး တရားလိုဘက်မှ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် တရားလိုပြ သက်သေ အဖြစ် ပြန်ကြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်တို့ တက်ရောက်သည်။
တရားလိုပြ သက်သေကို စစ်ဆေးမှုနှင့် ပတ်သက်၍ ““ထူးခြားမှုကတော့ ပထမ ဦးမြင့်ထွေးနဲ့ နည်းနည်း ကွဲလွဲတာပေါ့။ ဦးမြင့်ထွေး အစစ်ခံတုန်းကတော့ သူတို့ဘက်ကနေ တောင်းပန်ဖို့ ဒီဂျာနယ်မှာပါတဲ့ အင်တာဗျူး ကိစ္စကို တောင်းပန်ဖို့ ဆိုပြီးတော့ စာနယ်ဇင်းကောင်စီ (ယာယီ)ကို သူတို့ တင်ပြတယ်။ တင်ပြတော့ စာနယ်ဇင်း ကောင်စီ (ယာယီ)မှာ သူတို့ တင်ပြတာက မြန်မာသံတော်ဆင့် ဂျာနယ်မှာ နှစ်ခါတောင်းပန်စာကို ထည့်ပေးရမယ်။ နောက်နိုင်ငံပိုင် သတင်းစာတွေမှာလည်း ကြော်ငြာခ မယူဘဲနဲ့ တောင်းပန်စာ နှစ်ကြိမ် ထည့်ပေးရမယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ ဒီဘက်က သံတော်ဆင့်ဂျာနယ်ဘက်က သူတို့တောင်းဆိုတဲ့အတိုင်း မလုပ်ဘဲနဲ့ တစ်ကြိမ်ပဲ တောင်းပန်တယ်။ နောက် တောင်းပန်တဲ့ စာကလည်း တချို့ပုဂ္ဂိုလ်တွေကို ထိခိုက်နေ တယ်။ ဒါကြောင့်မို့ တောင်းပန်တဲ့ အပေါ်မှာ မကျေနပ်လို့ တရားစွဲတယ် ဆိုပြီးတော့ တရားလိုတုန်းက အဲဒီလို ပြောတယ်။ ဒါပေမဲ့ ဒီနေ့ ဦးရဲတင့်က ပြောတော့ သူကတို့ဘက်က မေးတာက အခုတရားစွဲတာက တောင်းပန် ပုံ တောင်းပန်နည်းကို မကျေနပ်လို့ တရားစွဲတာလား ဆိုတော့ မဟုတ်ဘူး၊ သူတို့တောင်း ဆိုသလို တောင်းပန် ပေမယ့်လည်း ကာယကံရှင်ရဲ့သဘောပဲ၊ စွဲချင်ရင်စွဲမှာပဲ။ အဲဒီတော့ ကာယကံရှင်က ဘယ်သူလဲဆိုတော့ သမ္မတပေါ့လေ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မကျေနပ်ရင် စွဲမှာပေါ့။ တကယ်လို့ တောင်းပန်ပေမယ့် လည်း အဲဒီတော့ နည်းနည်းတော့ ကွဲလွဲနေတာပေါ့။ အဲဒီတော့ မကျေနပ်ဘူး၊ ကျေနပ်တယ် ဆိုတာရော သူကိုယ်တိုင်က တရားဝင် ကြေညာတာတွေ ထုတ်ပြန်တာတွေ နှုတ်အားဖြင့်သော် လည်းကောင်း၊ စာအားဖြင့် သော်လည်းကောင်း၊ တရားဝင် ထုတ်ပြန်တာမျိုး မရှိဘူးဆိုတော့ ဦးသိန်းစိန်ကတော့ မရှိဘူး။ ဒါပေမဲ့ ဦးသိန်းစိန် ကိုယ်စားပေါ့လေ။ အစိုးရအဖွဲ့ကတော့ ထုတ်ပြန်တယ်ပေါ့၊ မကျေနပ်လို့ စွဲတယ်ဆိုတဲ့ သဘောမျိုး၊ အဲဒီလို ဖြေသွားတာပေါ့။ အဲဒီလောက်ပါပဲ”” ဟု မြန်မာသံတော်ဆင့်၏ အကျိုးဆောင်ရှေ့နေ ဦးဇော်လင်းက ပြောသည်။
အဆိုပါရုံးချိန်းတွင် တရားလိုဘက်မှ တင်သွင်းသည့် သက်သေများထဲမှ နှစ်ဦးဖြစ်သည့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)မှ အတွင်းရေးမှူးဖြစ်သူ ဦးကျော်မင်းဆွေနှင့် အဖွဲ့ဝင်ဖြစ်သူ ဦးဖေမြင့်တို့ကို တရားလိုဘက်မှ နုတ်ပယ်ခဲ့သည်။ ကနဦးပိုင်းက တရားလိုဘက်မှ သက်သေအဖြစ် ခုနစ်ဦး တင်သွင်းထားရာ နှစ်ဦးကို နုတ်ပယ် လိုက်သည့်အတွက် ကျန်ရှိသည့်(၄)ဦးကို နောင်လာမည့် ရုံးချိန်းများတွင် စစ်ဆေးသွားမည် ဖြစ်သည်။
မြန်မာသံတော်ဆင့်သတင်း ဂျာနယ် အတွဲ(၃)၊ အမှတ်(၂၂) ပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD ဗဟို)မှ သုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး၊ ဗေဒါနိုင်ငံရေးသိပ္ပံ ကျောင်းအုပ်ကြီး ဦးမျိုးရန်နောင်သိမ်းနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပါဝင်သည့် ပြောကြားချက်များမှာ နိုင်ငံတော်သမ္မတ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ နိုင်ငံတော်သမ္မတကိုယ်စား ပြန်ကြားဝန်ကြီးဌာနမှ တရားလိုပြုလုပ်ကာ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅(ခ) ဖြင့် မြန်မာသံတော်ဆင့် သတင်းဂျာနယ်၏ အယ်ဒီတာချုပ်မှ ဖြန့်ချိရေး ၀န်ထမ်းအထိ စုစုပေါင်း (၁၁)ဦးကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာသံတော်ဆင့်ဂျာနယ်မှ တရားစွဲဆို ခံထားရသည့် အမှုအတွက် ပဉ္စမအကြိမ်မြောက် ရုံးချိန်းကို ၂၀၁၅ ခုနှစ်ဇန်န၀ါရီလ (၆) ရက်သို့ ချိန်းဆိုထားသည်။
MH-0030
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/
မြန်မာသံတော်ဆင့်၏ အကျိုးဆောင်ရှေ့နေ ဦးဇော်လင်း

No comments:
Post a Comment