၂၁ ရာစုအတွင်း မြန်မာ-တရုတ်ဆက်ဆံရေးမှာ ရှေ့အလားအလာတွေအနေနဲ့
ဘာတွေဖြစ်မလဲဆိုတဲ့ ဖြစ်နိုင်ခြေတွေကို ခန့်မှန်းတွက်ချက်သူတွေထဲမှာ
တပ်လှန့်ရေးသမားရယ်၊ အဆိုးမြင်ဝါဒီရယ်၊ သတိနဲ့ချင့်ချင့်ချိန်ချိန်
စောင့်ကြည့်တဲ့ အကောင်းမြင်သမားရယ်ဆိုပြီး ၃ မျိုးရှိတယ်လို့ ဆိုတယ်။
တပ်လှန့်ရေးသမားတွေကတော့ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရမတိုင်မီက
နအဖစစ်အစိုးရအနေနဲ့ တရုတ်အစိုးရနဲ့ စစ်တပ်၊ စစ်မဟာဗျူဟာနဲ့
စီးပွားရေးရာတွေမှာ နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်ဖို့
ကြိုးပမ်းအားထုတ်ခဲ့တာတွေဟာ မီးနဲ့ကစားခဲ့တာပဲလို့ ဆိုတယ်။
တပ်လှန့်ရေးသမားတွေရဲ့ တွေးခေါ်မှုက အချက် ၃ ချက်အပေါ် အခြေခံတယ်။ ပထမအချက်က
အဲဒီလို နီးနီးကပ်ကပ် ဆက်ဆံမှုကြောင့် တရုတ်လူမျိုးတွေအနေနဲ့
မြန်မာနိုင်ငံမှာ စီးပွားရေးအရ သြဇာလွှမ်းမိုးမှု ပိုမိုမြင့်မားလာမယ်။
အဲဒီအခါမှာ တရုတ်လူမျိုးတွေနဲ့ မြန်မာလူမျိုးတွေကြားမှာ တင်းမာမှုတွေ
ကြီးထွားလာပြီး အဲဒီတင်းမာမှုတွေကနေ အနာဂတ်မှာ (၁၉၆၇ ခုနှစ်က
ရန်ကုန်မြို့မှာ ဖြစ်ခဲ့သလို) တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းတွေ
ဖြစ်လာလိမ့်မယ်လို့ ဆိုတယ်။ ဒုတိယအချက်က မြန်မာနိုင်ငံမှာ
စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် လိုအပ်တဲ့
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ စစ်အာဏာရှင်တွေက
ဝန်လေးနေခဲ့ပါတယ်။ အဲဒီလိုအချိန်မှာ တရုတ်အစိုးရရဲ့
လက်နက်ထောက်ပံ့မှုကြောင့် မြန်မာစစ်ဗိုလ်ချုပ်တွေဟာ
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ မလုပ်တော့ဘဲ တိုင်းပြည်ကို
စစ်တပ်ပုံစံသွင်းပြီး အုပ်ချုပ်မှုဆီ ဦးတည်လုပ်ဆောင်သွားစေနိုင်တယ်
လို့ဆိုတယ် (အခုအချိန်မှာ စစ်အုပ်စုဟာ အရပ်သားအစိုးရအသွင်နဲ့
အပြောင်းအလဲကို ဖော်ဆောင်ပေးနေပြီလို့ ယုံလွယ်နေသူတွေကတော့ ဒုတိယအချက်အပေါ်
ငြင်းပယ်ကောင်းငြင်းပယ်ကြပါလိ့မ်မယ်)။
တတိယအချက်က
တရုတ်ရဲ့ကျူးကျော်ထိုးဖောက်မှုတွေဟာ ၎င်းရဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့
ပဋိပက္ခဖြစ်မှုတွေဆီ ဦးတည်စေနိုင်တယ်လို့ ဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့
တရုတ်အစိုးရအနေနဲ့ မြန်မာနအဖစစ်အစိုးရကို အကာအကွယ်ပေးပြီးဆက်ဆံခဲ့ပုံဟာ
သူ့ရဲ့အစဉ်အလာ ကြားနေရေးမူဝါဒကို ပစ်ပယ်ရာရောက်တဲ့အတွက်ကြောင့်လို့
ဆိုပါတယ်။
အဆိုးမြင်ဝါဒီတွေကတော့ တရုတ်နိုင်ငံအနေနဲ့
မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှု၊ စီးပွားရေးအရ
စိုးမိုးခြယ်လှယ်မှုတွေ တစတစ ကြီးထွားလာနေတာရယ်၊ မြန်မာနိုင်ငံအတွင်းထဲကို
တရုတ်လူမျိုးတွေ အခြေချနေထိုင်မှု တနေ့တခြား များပြားလာတာတွေရယ်ကြောင့်
မြန်မာနိုင်ငံဟာ တရုတ်ရဲ့ကိုလိုနီနယ်တခုဖြစ်လာလိမ့်မယ်လို့
ယုံကြည်နေပါသတဲ့။
သတိနဲ့ ချင့်ချင့်ချိန်ချိန် စောင့်ကြည့်တဲ့
အကောင်းမြင်သမားတွေကတော့ တရုတ်နိုင်ငံဟာ နူးညံ့ပျော့ပျောင်းတဲ့၊
အိမ်နီးချင်းနိုင်ငံတွေကို ဒုက္ခမပေးတဲ့ အင်အားကြီးနိုင်ငံတခု
ဖြစ်လာလိမ့်မယ်။ နောက်ပြီး စစ်မှန်ရိုးသားတဲ့ မိတ်ဆွေဖွဲ့မှု၊
ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ ကြိုးပမ်းလိမ့်မယ်လို့ ဆိုပါတယ်။
အထက်ပါ ခန့်မှန်းခြေ ၃ မျိုးနဲ့ ချိန်ထိုးစဉ်းစားခြင်းမပြုမီ မြန်မာပြည်မှာ
လက်ရှိအမှန်တကယ် ဖြစ်တည်နေတဲ့ အနေအထားတွေအကြောင်းကို
အရင်ဆွေးနွေးကြည့်ချင်ပါတယ်။ ဒီကနေ့ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရလက်ထက်မှာ
နေထိုင်တဲ့ တရုတ်လူမျိုးတွေကို အမျိုးအစားခွဲကြည့်မယ်ဆိုရင် မြန်မာစကား
ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့ တရုတ်လူမျိုးနဲ့ မြန်မာစကား
လုံးဝမပြောတတ်တဲ့ တရုတ်လူမျိုးဆိုပြီး နှစ်မျိုးရှိတယ်လို့
ပြောရမယ်ထင်ပါတယ်။ မြန်မာစကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့
တရုတ်လူမျိုးတွေကတော့ ဦးသိန်းစိန်အစိုးရလက်ထက်မတိုင်ခင်ကတည်းက
မြန်မာပြည်မှာ ဘိုးစဉ်ဘောင်ဆက်အနေကြာလာခဲ့ပြီး နောက်မျိုးဆက်တွေဆိုရင်
မြန်မာလူမျိုးတွေနဲ့ သွေးနှောလာတဲ့သူတွေတောင် တော်တော်များနေပါပြီ။
ဒီလိုသွေးနှောတရုတ်လူမျိုးတွေကတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း
လူနည်းစုတွေအနေနဲ့ ရှိကြတာဖြစ်ပါတယ်။ ယခင်နအဖစစ်အစိုးရလက်ထက်မှာတော့
နယ်စပ်ကနေ တရားမ၀င် ၀င်ရောက် အခြေချနေထိုင်လာတဲ့ မြန်မာစကား
လုံးဝမပြောတတ်တဲ့ တရုတ်လူမျိုးတွေ တဖြည်းဖြည်း များများလာခဲ့ပါတယ်။
အထူးသဖြင့် အသိသာအထင်ရှားဆုံးကတော့ မြန်မာနိုင်ငံ အထက်ပိုင်းက
ဒုတိယမြို့တော်ဖြစ်တဲ့ မန္တလေးမြို့မှာဖြစ်ပါတယ်။
မန္တလေးမြို့ရဲ့အနေအထားဟာ ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပြီးနောက်ပိုင်း
(န၀တစစ်အစိုးရ တက်လာပြီးနောက်ပိုင်း) သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။
မြို့ရဲ့အချက်အချာကျတဲ့ နေရာအတော်များများကို မြန်မာစကားလုံးဝမတတ်တဲ့
တရုတ်လူမျိုးတွေက အဆမတန် ဈေးပေးပြီး ၀ယ်ယူကြလို့ စီးပွားရေးနိမ့်ပါးနေတဲ့
မြန်မာအများစုဟာ တောင့်မခံနိုင်တော့ဘဲ ဘိုးစဉ်ဘောင်ဆက်နေထိုင်ခဲ့တဲ့
နေအိမ်၊ ခြံဝင်းတွေကို ရောင်းချပြီး မြို့သစ်တွေကို ပြောင်းရွှေ့
အခြေချနေထိုင်ခဲ့ကြရပါတယ်။ အဲဒီလိုနဲ့ မန္တလေးမြို့လယ်ခေါင်ဟာ တစတစ
လူစိမ်းတရုတ်အိမ်တွေ၊ ဆိုင်တွေ များပြားလာပြီး တရုတ်မြို့လို့တောင် လူတွေက
တီးတိုးပြောကြတဲ့ အနေအထားအထိ ဖြစ်လာပါတယ်။ အဲဒီလို လူစိမ်းတရုတ်တွေ
တရားမ၀င် ၀င်ရောက်အခြေချနေထိုင်လာတာကို ကြည့်ရင်
မြန်မာ-တရုတ်နယ်စပ်ဒေသမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက အရာရှိတွေ၊
ဝန်ထမ်းတွေဟာ ဘယ်လောက်တောင် လာဘ်စားပြီး လူစိမ်းတရုတ်တွေကို
ပေးဝင်နေတယ်ဆိုတာ ထင်းထင်းကြီး မြင်နေရပါတယ်။ ဒါဟာ နယ်စပ်ဒေသက
လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ အဲဒီခေတ်က အာဏာပါဝါရှိသူတွေ
ပူးပေါင်းရိုက်စားခဲ့တဲ့ (အခုအချိန်အထိလည်း ရိုက်စားနေတဲ့) ခွင်ကြီးတခုလည်း
ဖြစ်နိုင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်က
မြန်မာနအဖစစ်အစိုးရအနေနဲ့ တရုတ်အစိုးရကို စစ်ရေးအရရော စီးပွားရေးအရပါ
အကြီးအကျယ် မှီခိုနေခဲ့ရတဲ့အတွက် အခုလို လူစိမ်းတရုတ်တွေ
စီးပွားရေးလုပ်ကိုင်ဖို့ တရားမ၀င် ၀င်ရောက်လာတာကို တားဆီးနိုင်တဲ့
အင်အားမရှိခဲ့တာဖြစ်တယ်။ တားဆီးနိုင်စွမ်းမရှိတော့တဲ့ အတူတူ ၀င်လာတဲ့
တရုတ်တွေဆီက ရသလောက်ယူမယ် ဆိုတဲ့သဘောနဲ့ နအဖစစ်ခေါင်းဆောင်တွေက
မသိကျိုးကျွံပြုပြီး လူဝင်မှုကြီးကြပ်ရေးဌာနကို ငွေမတန်တဆ တောင်းခိုင်းကာ
တရားမ၀င် အခြေချခွင့်ပေးခဲ့ပုံပေါ်တယ်။ အဲသလိုအခြေနေတွေ ဖြစ်တည်ခဲ့တာကြောင့်
နအဖစစ်အစိုးရလက်ထက်တုန်းက အထူးသဖြင့် တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့
ဒေသမှာ တာဝန်ယူရတဲ့ အာဏာပါဝါရှိသူ အတော်တော်များများ လူစိမ်းတရုတ်တွေကို
တရားမ၀င် အခြေချနေထိုင်ခွင့်ပေးပြီး ရတဲ့လာဘ်ငွေနဲ့ ချမ်းသာကုန်ကြပါတယ်။
အဲဒီအချိန်က မန္တလေးမြို့ကို လူစိမ်းတရုတ်တွေ တစတစ ၀ါးမြိုလာတာကို
သတိထားစိုးရိမ်မိတဲ့ မန္တလေးမြို့ခံ စာရေးဆရာတွေက ‘၀သုနြေ္ဒလက်ရေးနဲ့
အခြားဝတ္ထုတိုများ’ ဆိုတဲ့ ၀တ္ထုတိုပေါင်းချုပ် စာအုပ်ထုတ်ဝေပြီး
တပ်လှန့်သတိပေးခဲ့ပါသေးတယ်။ အခုအခါမှာတော့ မန္တလေးမြို့မှာတင်မကတော့ဘဲ
အောက်မြန်မာပြည်မှာရှိတဲ့ မြို့ကြီးတွေကို ဦးတည်အခြေချလာနေပါပြီ။
ရန်ကုန်မြို့ပေါ်မှာလည်း အိမ်တွေ၊ ခြံတွေကို အဆမတန်ပေးပြီး ၀ယ်ယူမှုတွေ ၂၀၀၀
ပြည့်နှစ်တ၀ိုက်က စပြီး အထူးများပြားလာပါတယ်။ အခုအချိန်မှာဆိုရင်
မန္တလေးမြို့က လူစိမ်းတရုတ်တွေ လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ
အလုပ်ရချင်တဲ့ သူတွေဆိုရင် တရုတ်စကားကို မဖြစ်မနေ ပြောတတ်ရမယ့် အနေအထားကို
ရောက်နေပြီလို့ဆိုပါတယ်။ ဒါဟာ မြန်မာပြည်ကို လူစိမ်းတရုတ်တွေ တမဟုတ်ချင်း
ဝါးမြိုတာကို ပြတဲ့ လက္ခဏာပဲလို့ အမျိုးသားရေးအတွက်
စိုးရိမ်ပူပန်စိတ်ကြီးသူတွေက ဆိုပါတယ်။
နောက်တချက်က
နအဖစစ်အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ဖိအားကို အန်တုဖို့အတွက် တရုတ်အစိုးရကို
မျက်စိစုံမှိတ် အားကိုးခဲ့ရတဲ့ အခြေအနေမှာ လူစိမ်းတရုတ်တွေ တစတစ
ကျူးကျော်အခြေချလာတာကို တားဆီးဖို့ ခက်ခဲခဲ့လိမ့်မယ်လို့
နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
နအဖစစ်အစိုးရကိုယ်တိုင်က လူစိမ်းတရုတ်တွေ ကျူးကျော်အခြေချလာတဲ့ လုပ်ရပ်မှာ
အလိုတူအလိုပါ ဖြစ်နေခဲ့လို့ပဲလို့ ဆိုတယ်။ နအဖစစ်အစိုးရအနေနဲ့ တရုတ်ကို
သဘာဝဓာတ်ငွေ့တွေရောင်းဖို့ စာချုပ်ခဲ့တာရယ်၊ အိန္ဒိယသမုဒ္ဒရာကို
စစ်မဟာဗျူဟာအရ တရုတ်က စိုးမိုးနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ
ရေတပ်စစ်စခန်းတွေ တည်ဆောက်ဖို့ ဟိုင်းကြီးကျွန်းဘက်မှာ တိတ်တဆိတ်
လုပ်ကိုင်ခွင့် ပြုခဲ့တာရယ် … စတဲ့ စစ်ရေး၊ စီးပွားရေးအရ တရုတ်အစိုးရကို
အမှီသဟဲပြုခဲ့တာတွေကြောင့် လူစိမ်းတရုတ်တွေ အခြေချလာနေမှုကို နအဖစစ်အစိုးရက
တားဆီးနိုင်ခြင်းမရှိခဲ့တာလို့ နိုင်ငံရေးအကဲခတ်သူတွေက သုံးသပ်ကြပါတယ်။
အဲဒီလို မြန်မာနိုင်ငံအတွင်း အခြေချနေထိုင်မှု များပြားလာတဲ့
တရုတ်လူမျိုးတွေအတွက် တရုတ်အစိုးရ ကိုယ်တိုင်ကလည်း စိုးရိမ်ပူပန်မှု
ဖြစ်ပေါ်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၆၇ ခုနှစ်က ဖြစ်ပေါ်ခဲ့ဖူးတဲ့
တရုတ်-မြန်မာအရေးအခင်း သမိုင်းကြောင်းကြောင့်ပါပဲ။ အဲဒီအချိန်က
နိုင်ငံရေးအရ ထွက်ပေါက်ပိတ်နေခဲ့တဲ့ မြန်မာနအဖစစ်အစိုးရအနေနဲ့
ပြည်သူလူထုရဲ့ ဒေါသကို လမ်းကြောင်းလွှဲပေးဖို့အတွက်
တရုတ်-မြန်မာအရေးအခင်းမျိုး ထပ်မံဖန်တီးမှာကို တရုတ်အစိုးရက
စိုးရိမ်ပူပန်နေခဲ့ပါတယ်။ အဲဒါကြောင့်မို့ ထိုစဉ်က
နအဖစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တရုတ်ပြည်ကိုသွားခဲ့တဲ့
ခရီးစဉ်မှာ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်က မြန်မာစစ်အစိုးရအနေနဲ့
မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးတွေအပေါ် ကောင်းကောင်းမွန်မွန်
ဆက်ဆံဖို့ လူသိရှင်ကြား သတိပေးပြောကြားတာကို ဗိုလ်ချုပ်ကြီးသိန်းစိန်တို့
ငြိမ်သက်စွာ နာယူခဲ့ရဖူးပါတယ်။
အဲဒီအချိန်က ကြပ်ပြေးကို
ပြောင်းသွားလို့ ရန်ကုန်မြို့မှာ အခွံချည်းကျန်ခဲ့တဲ့
အစိုးရရုံးအဆောက်အဦတွေကို တရုတ်စီးပွားရေးလုပ်ငန်ရှင်တွေက
ဝယ်ယူတော့မယ်ဆိုတဲ့ အသံတွေ ပျံ့လွင့်ခဲ့ဖူးသလို မကြာသေးမီက
ရပ်ဆိုင်းလိုက်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းမှာလည်း
တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့
ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်မယ်ဆိုတဲ့ သတင်းတွေ ပျံ့လွင့်ခဲ့တာကြောင့်
အဲဒီသတင်းတွေ အမှန်ဖြစ်မှာကို အမျိုးသားရေးကို ရှေ့တန်းတင် စဉ်းစားတဲ့
မြန်မာ့နိုင်ငံရေးသုံးသပ်သူတွေက စိုးရိမ်ပူပန်ခဲ့ကြပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ရောင်းချမယ်လို့ သတင်းထွက်ပေါ်နေတဲ့
အဆောက်အဦးတွေထဲမှာ သမိုင်းအစဉ်အလာကြီးမားတဲ့ အဆောက်အဦးတွေ၊
အမျိုးသားရေးလက္ခဏာတွေ ပြည့်လျှမ်းနေတဲ့ အဆောက်အဦးတွေ ပါဝင်နေတဲ့အတွက်
တကယ်လို့သာ ရောင်းချခဲ့ရိုးမှန်ရင် ၀ယ်ယူတဲ့
တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဟာ နောင်တချိန်မှာ မြန်မာလူထုရဲ့ဒေါသနဲ့
အကြီးအကျယ် ရင်ဆိုင်ရနိုင်တယ်လို့ အဆိုပါ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
အဲဒီလိုဝယ်ယူလိုမှုတွေဟာ တရုတ်အစိုးရအနေနဲ့ ရန်ကုန်မြို့ကို စီးပွားရေးနဲ့
စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဆိမ်းကမ်းမြို့တမြို့အဖြစ် မလိမ့်တပတ်လုပ်ပြီး
တည်ဆောက်ချင်လို့လားဆိုတဲ့ သုံးသပ်မှုတွေ ထွက်ပေါ်လာနေသလို
အဲဒီသုံးသပ်မှုတွေအတိုင်း မှန်ကန်တယ်ဆိုရင် နအဖစစ်အစိုးရကို
ကြပ်ပြေးပြောင်းခိုင်းခဲ့တဲ့အထဲမှာ တရုတ်အစိုးရရဲ့စနက်လည်း
ပါခဲ့နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လည်း တရုတ်အစိုးရအနေနဲ့
မြန်မာနိုင်ငံကို ဒီမိုကရေစီအသွင်ကူးပြောင်း စေချင်သလား၊
မကူးပြောင်းစေချင်ဘူးလားဆိုတဲ့ မေးခွန်းတွေအပေါ် ခန့်မှန်းချက်တွေ
အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ ပထမတမျိုးကတော့ ၁၉၉၀ ပြည့်နှစ်
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပြီးမှာ မဲအပြတ်
အသတ်နဲ့အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
ပထမဦးဆုံးလာရောက်ပြီး အသိအမှတ်ပြု နှုတ်ဆက်တာဟာ တရုတ်သံအမတ်ဖြစ်တဲ့အတွက်
တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီအစိုးရဖြစ်မှာကို
စိုးရိမ်ပူပန်တဲ့ပုံမပေါ်ဘူးလို့ ဆိုပါတယ်။ တက်လာတဲ့အစိုးရနဲ့သာ
အဆင်ပြေအောင် ဆက်ဆံပြီး ကိုယ်ကျိုးစီးပွားရှာဖို့ လက်ဦးမှုရယူလို့တဲ့
အနေအထားနဲ့သာ နေလိုတာလို့ ဆိုပါတယ်။ အဲဒီအတွက် တရုတ်အစိုးရဟာ မြန်မာပြည်
ဒီမိုကရေစီရရှိရေးအတွက် ကန့်ကွက်မှာမဟုတ်သလို အားပေးအားမြှောက်ပြုမှာလည်း
မဟုတ်ဘူးလို့ ဆိုပါတယ်။ မြန်မာနအဖစစ်အစိုးရနဲ့
နီးနီးကပ်ကပ်ဆက်ဆံခဲ့တာဟာလည်း စစ်အစိုးရကို ကျားကန်ပေးချင်တာထက်
ကိုယ်ကျိုးစီးပွားအတွက် လက်ဦးမှုရယူထားချင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါမှလည်း နောင်မှာ ဒီမိုကရေစီအစိုးရပဲတက်တက်၊ ဘယ်လိုအစိုးရမျိုးပဲတက်တက်
တရုတ်ရဲ့အကျိုးစီးပွားအတွက် စိုးရိမ်စရာမလိုတဲ့ အနေအထားကို
ရနိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတိယခန့်မှန်းချက်ကတော့
တရုတ်အစိုးရဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲမှာကို
မလိုလားဘူးလို့ သုံးသပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ
ဒီမိုကရေစီနိုင်ငံအဖြစ် လုံးဝဥဿုံ ပြောင်းလဲသွားမယ်ဆိုရင် အမေရိကန်နဲ့
အနောက်အုပ်စုနိုင်ငံတွေကို အခုထက်ပိုပြီး မှီခိုဆက်ဆံလာဖို့ များတဲ့အတွက်
တရုတ်ရဲ့ ကိုယ်ကျိုးစီးပွားအတွက်ရော လုံခြုံရေးအတွက်ပါ
စိုးရိမ်ရတဲ့အနေအထားကို ရောက်လာနိုင်တဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။
အဲဒါကြောင့်မို့ အခုကတည်းက တရုတ်အစိုးရဟာ သူ့ရဲ့တောင်ဘက်ခြံစည်းရိုး ကို
လုံခြုံအောင် ကာဖို့အတွက် မြန်မာပြည် ဒီမိုကရေစီပြောင်းလဲရေးကို
မျက်ကွယ်ပြုပြီး နအဖစစ်အစိုးရနဲ့ ပွင့်လင်းမြင်သာမှုမဲ့စွာ ချုပ်ဆိုခဲ့တဲ့
စာချုပ်ပါ စီမံကိန်းတွေကို မျက်နှာပြောင်တိုက်
ဇွတ်တိုးလုပ်ဆောင်နေတာလို့လည်း သုံးသပ်နေကြပါတယ်။
အချုပ်အားဖြင့်
ဆိုရရင်တော့ တပ်လှန့်ရေးသမားရယ်၊ အဆိုးမြင်ဝါဒီရယ်၊ အကောင်းမြင်သမားတွေရယ်
တမျိုးစီ ခန့်မှန်းနေကြတဲ့ မြန်မာ-တရုတ်ဆက်ဆံရေးရဲ့ ရှေ့အလားအလာတွေထဲမှာ
ဘယ်ဟာကိုမှ ဖြစ်လာမယ် ဖြစ်မလာဘူးလို့ ယတိပြတ်ပြောလို့ မရတာကတော့
သေချာပါတယ်။ အဲဒီအတွက် အနာဂတ်မြန်မာ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင်
ပါဝင်ဆောင်ရွက်ဖို့ စိတ်စေတနာကောင်း မွေးမြူနေသူတွေအနေနဲ့
ပစ္စက္ခဖြစ်တည်နေတဲ့ အနေအထားတွေအားလုံးကို အပြန်ပြန်အလှန်လှန် သုံးသပ်ပြီး
လိမ္မာပါးနပ်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ထားဖို့ လိုမယ်လို့
ထင်ပါတယ်။ အဲသလို စဉ်းစားပြင်ဆင်ရမှာတွေထဲမှာ
ယခင်အထီးကျန်နအဖစစ်အစိုးရအပေါ်မှာ တရုတ်အစိုးရရဲ့ ကျေးဇူးတွေရှိခဲ့တာကြောင့်
အဲဒီအနေအထားဟာ နောင်တချိန်မှာ တပ်လှန့်ရေးသမားတွေ ခန့်မှန်းသလို
မီးနဲ့ကစားတဲ့ အနေအထားမျိုးဖြစ်လာခဲ့ရင် ဘယ်လိုရင်ဆိုင်ကြမလဲဆိုတဲ့ ကိစ္စနဲ့
အဲဒီလိုအခြေအနေမျိုး မရောက်အောင် လက်ရှိမှာ စစ်အာဏာရှင်တွေ နောက်ကွယ်က
ကြိုးကိုင်ထားဆဲဖြစ်နေသေးတဲ့ ရုပ်သေးအရပ်သားအစိုးရအဖြစ်ကနေ
အရပ်သားအစိုးရစစ်စစ်အဖြစ် ပြောင်းလဲနိုင်ဖို့ ဘယ်လိုနည်းနဲ့
အမြန်ဆုံးဆောင်ရွက်ကြမလဲဆိုတဲ့ ကိစ္စတွေဟာ ထိပ်တန်းဦးစားပေး
စဉ်းစားရမယ့်ကိစ္စတွေအဖြစ် ထင်မြင်မိကြောင်း ပြောကြားရင်း
နိဂုံးချုပ်လိုက်ပါတယ်။
ဒေါက်တာလွဏ်းဆွေ
ကိုးကား - Poon Kim Shee ရဲ့ Myanmar - China Relations မှ အချက်အလက်အချို့ကို အခြေခံပြီး ရေးသားပါတယ်။
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment