Sunday, October 19, 2014

ကျူပင်ခုတ် ကျူငုတ်ကျန်နေသော မြန်မာ့နိုင်ငံရေး

မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေးသမိုင်းတွင် နိဂုံးမကောင်းမှုပေါင်း များစွာ ရှိခဲ့သည်။ ထိပ်ပိုင်းသို့ ရောက်လာသော ခေါင်းဆောင်ပိုင်းသည် အချိန်မတိုင်မီ ကွယ်လွန်သွားခဲ့သည် ရှိသော် သူ့အလိုလို ကွယ်ပျောက်သွားခဲ့ကြရသည်သာ ဖြစ်သည်။ တစ်ယောက် ကွယ်လွန်သည်နှင့် သူတို့အကြောင်းကို နောက်ပိုင်းတွင် ပြောသံဆိုသံ သိပ်မကြားရသည့်အပြင် သူတို့ပုံများပင် အစပျောက်သွားခဲ့ကြရသည်။



တပ်မတော်ကို စတင်ထူထောင်ခဲ့သူမှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။ ပြိုင်ဘက် နိုင်ငံရေးသမားတစ်ဦးက လုပ်ကြံသောကြောင့် ကျဆုံးခဲ့ရသည်။ သူ့အပေါ် မြန်မာနိုင်ငံသူ နိုင်ငံသားများ လွန်စွာ မြတ်နိုးလေးစား၊ တန်ဖိုးထားကြသဖြင့် တပ်မတော်၏ ဖခင်ကြီးဟုပင် တင်စားထားခဲ့ကြသည်။ သို့သော် စစ်အာဏာရှင်များ တက်လာချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်သတင်းများသည်လည်း ညှိုးမှိန်ကွယ်ပျောက်ခဲ့ရသည်။

၁၉၈၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင်များကို ဆန့်ကျင်သည့် ဒီမိုကရေစီခေါင်းဆောင် အသွင်ဖြင့် ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံများကို အစိုးရရုံးဌာနများ၊ ကျောင်းများတွင် ချိတ်ဆွဲခွင့်မရသော အချိန်ဖြစ်သွားသည်။ တစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်း၏ ပုံများကို ငွေစက္ကူများပေါ်တွင် အမြတ်တနိုး တန်ဖိုးထား ဖော်ပြခဲ့သော်လည်း စစ်အာဏာရှင်တို့ လက်ထက်က စတင်ပြီး ဗိုလ်ချုပ်အောင်ဆန်းပုံ ပါသော ငွေစက္ကူများ ကွယ်ပျောက်ကာ ခြင်္သေ့ပုံများ ရောက်လာသည်။ တစ်နည်းအားဖြင့် နိုင်ငံရေးနှင့် ပတ်သက်နေသည့် အရာအားလုံးကို ပြည်သူ့မြင်ကွင်းမှ ပယ်ဖျောက်လိုက်ခြင်းပင် ဖြစ်သည်။

နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရာတွင် အတူလက်တွဲခဲ့ကြသူများ ဖြစ်သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ သြဇာအာဏာစက်သည် ၂၀၀၂ ခုနှစ်ခန့်တွင် နိဂုံးချုပ်သွားခဲ့ပြီဟု ဆိုရမည် ဖြစ်သည်။ သူ့မိသားစုများသည် နိုင်ငံတော်လုပ်ကြံမှု၊ အစိုးရကို လုပ်ကြံရန် ကြံစည်မှုတို့ဖြင့် အားလုံး အထိန်းသိမ်းခံလိုက်ရသည်။

ထိုလုပ်ကြံမှုကြီးကို မပြုလုပ်စဉ်ကတည်းက အာဏာရှင် ဦးနေဝင်းသည် တရားဝင်ကြေညာပြီး နိုင်ငံရေးလောကမှ အနားယူခဲ့သည်။ သူ့သမက်ဖြစ်သူနှင့် မြေးသုံးဦးလည်း လုပ်ကြံမှုတွင် ပါဝင်သောကြောင့် ထောင်သွင်းအကျဉ်းချ ခံထားရသည်။ သူနှင့် သမီးဖြစ်သူ နှစ်ဦးမှာလည်း နေအိမ်တွင် အကျယ်ချုပ်သဘောဖြင့် နေထိုင်ကြရသည်။ ဦးနေဝင်း ကွယ်လွန်သည့်အခါတွင် စစ်အခမ်းအနား၊ အဆောင်အယောင်များဖြင့် ခမ်းနားကြီးကျယ်စွာ သင်္ဂြိုဟ်ခွင့် မရခဲ့ပေ။ မြန်မာနိုင်ငံကြီးကို ရာစုနှစ် သုံးပုံတစ်ပုံနီးပါးမျှ စိုးမိုးအုပ်ချုပ်ခဲ့သည့် အာဏာရှင်ကြီးသည် မထင်မရှား ကွယ်လွန်၊ ညှိုးငယ်စွာ သင်္ဂြိုဟ်ခြင်းဖြင့်သာ ပြီးဆုံးသွားခဲ့ရသည်။ သူ့ရုပ်အလောင်းကို အလျင်အမြန် မီးသင်္ဂြိုဟ်လိုက်ပြီး အရိုးပြာများကို ရန်ကုန်မြစ်အတွင်းသို့ မျှောလိုက်ကြသည်။

မြန်မာ့သမိုင်းတွင် ဇာတ်သိမ်းမကောင်းသော ဗိုလ်ချုပ်ကြီးများ ရှိသကဲ့သို့ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး အချို့မှာမူ လက်ရှိအနေအထားတွင် အေးချမ်းစွာ အငြိမ်းစားယူပြီး နေထိုင်နိုင်သော အခြေအနေတွင် ရှိနေကြသည်။ စစ်အာဏာရှင် သမိုင်းတွင် ကျဉ်းထဲကျပ်ထဲမှ ထိပ်တန်းကို ရောက်လာပြီး နိဂုံးမကောင်းခဲ့သော နောက်စစ်ဗိုလ်ချုပ်တစ်ဦးမှာ ဗိုလ်ချုပ်ကြီးစောမောင် ဖြစ်သည်။

ဗိုလ်ချုပ်ကြီးစောမောင်သည် ၁၉၈၈ ခုနှစ် တပ်မတော်က အာဏာသိမ်းလိုက်ချိန်တွင် အာဏာသိမ်းအဖွဲ့ ခေါင်းဆောင်ဖြစ်သည်။ ဗိုလ်ချုပ်သန်းရွှေထက် စီနီယာကျပြီး အပြောင်းအလဲမြန်သော စကားအမျိုးမျိုးကို တောရောက်တောင်ရောက် လျှောက်ပြောတတ်သည်ကို အခြေခံပြီး ကျန်းမာရေးအကြောင်း ပြကာ သူလည်း အနားပေးခြင်း ခံလိုက်ရသည်။ (ကောလာဟလများအရ စိတ်ဝေဒနာ ခံစားနေရသဖြင့် အဆိပ်သောက် သေသယောင်ယောင်၊ ဦးခေါင်းကို ခွဲစိတ်စဉ် သေဆုံးသယောင်ယောင် ပြောကြသည်)။ သို့သော် နှလုံးရောဂါ ဝေဒနာကို ခံစားရပြီး ငါးနှစ်အကြာတွင် ကွယ်လွန်သွားကြောင်းလည်း ပြောဆိုကြသည်။

နဝတအစိုးရ လက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး တစ်ယောက်လည်း ရဟတ်ယာဉ် ပျက်ကျသဖြင့် ၂၀၀၁ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြန်သည်။ နဝတ စစ်အစိုးရ တက်လာချိန်တွင် သူသည် စတုတ္ထ အရေးပါသည့် နေရာလောက်တွင် ရှိသည်။ သူ့ရဟတ်ယာဉ် အဘယ်ကြောင့် ပျက်ကျသွားရကြောင်း ခိုင်မာသည့် အကြောင်းပြချက်များ ထုတ်ပြန်ခြင်း မရှိပေ။

၂၀၀၄ ခုနှစ်တွင် နိုင်ငံကို ထိန်းချုပ်ထားသည့် အာဏာအားလုံးသည် စစ်ထောက်လှမ်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့် လက်အတွင်း ကျရောက်နေသည်ဟု ပြောနိုင်သည့် အနေအထားတွင် ရှိသည်။ ထိုအချိန်တွင် ဗိုလ်ချုပ်ခင်ညွန့် ရာထူးမှာ ဝန်ကြီးချုပ် အဆင့်လောက်တွင် ရှိနေသူ ဖြစ်သည်။ သူ့ကို လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ နိုင်ငံတော်သစ္စာဖောက်မှုနှင့် အခြားသော ပြစ်မှုများဖြင့် အရေးယူခဲ့ခြင်း ဖြစ်သည်။ သူ ကိုင်တွယ်ခဲ့သည့် စစ်ထောက်လှမ်းရေး အဖွဲ့ကိုလည်း ဖျက်သိမ်းလိုက်သဖြင့် ထိပ်ဆုံးမှ အောက်ဆုံးသို့ ဗုံးဗုံးပြုတ်ကျသွားခဲ့ရသည်။ စစ်ထောက်လှမ်းရေး အရာရှိပေါင်း ခြောက်ရာခန့်ကိုလည်း ဖမ်းဆီးထောင်ချလိုက်ပြီး ရာပေါင်းများစွာသော လက်အောက်ငယ်သားများကိုလည်း တပ်မှ ထုတ်ပယ်ပစ်လိုက်သည်။ စစ်ဆေးမေးမြန်းစဉ် လက်လွန်ပြီး သေဆုံးခဲ့ရသည့် ထောက်လှမ်းရေး အရာရှိများကို မီးသင်္ဂြိုဟ်စက်တွင် အားလုံး မီးရှို့လိုက်သည် ဆိုသည့် သတင်းများလည်း ပေါ်ထွက်လာသည်။

ဗိုလ်ချုပ်ခင်ညွန့် နေရာတွင် အစားထိုး ဝင်ရောက်လာသူကို နှစ်အတော်ကြာကြာ မတွေ့ခဲ့ရပေ။ ၂၀၀၇ ခုနှစ် စက်တင်ဘာလလောက်တွင် အသက် ၅၉ နှစ် အရွယ်သာ ရှိသေးသော ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းသည် သွေးကင်ဆာဖြင့် ကွယ်လွန်သွားခဲ့ပြန်သည်။ ဗိုလ်ချုပ်စိုးဝင်းသည် “ဒီပဲယင်း သားသတ်သမား” ဟု ခေါ်ဝေါ်သမုတ်ခြင်း ခံရသူဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ဒီပဲယင်း နယ်ဘက်သို့ စည်းရုံးရေးဆင်းစဉ် တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးကို ဦးဆောင်ခဲ့သောကြောင့် ထိုအမည်ရခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် လူပေါင်း ၇၀ ခန့် သေဆုံးကြသည်ဟု ဆိုကြသည်။ ကျွန်မ မြန်မာနိုင်ငံတွင် တွေ့ဆုံ စကားပြောခဲ့သူများက ဗိုလ်ချုပ်စိုးဝင်း သေဆုံးရခြင်းမှာ ဝဋ်လည်ခြင်းဟု ဆိုကြသည်။ ကံကြမ္မာက သူ့ကိုသာမဟုတ် သူကွယ်လွန်ပြီးနောက် လပိုင်းခန့် အကြာတွင် သူနှင့် အမြွှာညီအစ်ကိုမှာလည်း ထိုရောဂါဖြင့်ပင် သေဆုံးခဲ့ရရှာသည်။

ယနေ့ စစ်ခေါင်းဆောင်များ အနေအထားကလည်း စိတ်ချရသည့် အနေအထားတွင် မရှိပေ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထဲမှ အာဏာကို သိမ်းပိုက်ဆက်ခံခဲ့သူ ဖြစ်သည်။ သူ့ဆရာသမားကို မလှုပ်နိုင်သည့် အနေအထားတွင်ထားပြီး ငြိမ်းချမ်းစွာ အုပ်ချုပ်ခဲ့သူ ဖြစ်သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းစဉ်က မူလခေါင်းဆောင် ၁၉ ဦး ရှိသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဗိုလ်ချုပ်စာရင်းတွင် နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သူ ဖြစ်သည်။ အများစုသော ဗိုလ်ချုပ်များမှာ ၁၉၉၇ ခုနှစ်ကတည်းက ပြုတ်ကုန်ကြပြီ ဖြစ်သည်။

ရန်သူသည် အချိန်မရွေး ထောင့်ပေါင်းစုံမှ ပေါ်ပေါက်လာနိုင်သည်။ မိတ်ဆွေ ရဲဘော်ရဲဘက် အချင်းချင်းပင် သံသယအမြင်ဖြင့် ကြည့်ခြင်းခံရပြီး ရန်သူဖြစ်သွားနိုင်သည်။ စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းနှင့် အဆက်အသွယ်ရှိသော သူတစ်ဦးက ကျွန်မကို အဆင့်မြင့် စစ်ခေါင်းဆောင်ကြီးများ၏ ညစာစားပွဲ တစ်ခုအကြောင်း ပြောဖူးသည်။

စားပွဲတစ်လုံးတွင် ဗိုလ်ချုပ်ခင်ညွန့်နှင့်အတူ ဗိုလ်ချုပ်ကြီးမောင်အေးကို အတူတကွ နေရာချထားပေးခြင်း ခံရသည်။ ညစာစားပွဲသည် ပျော်ရွှင်ဖွယ်ရာ ဖြစ်သည်။ ဗိုလ်ချုပ်ကြီးမောင်အေးသည် စီနီယာတစ်ဦး ဖြစ်သော်လည်း ထမင်းစားချိန်တွင် ဗိုလ်ချုပ်ခင်ညွန့်၏ ပန်းကန်ထဲသို့ ဟင်းကိုခပ်ပြီး ဦးချပေးလိုက်သည်။ ပုံမှန်အတိုင်းဆိုလျှင် ဗိုလ်ချုပ်ကြီးမောင်အေးသည် ဗိုလ်ချုပ်ခင်ညွန့်ဘေးတွင် ထိုင်စရာ အကြောင်းမရှိ။ နောက် မကြာမီ ဗိုလ်ချုပ်ခင်ညွန့်သည် အထိန်းသိမ်း ခံလိုက်ရတော့သည်။ ဗိုလ်ချုပ်ခင်ညွန့်သည် တစ်ချိန်က အလွန်တန်ခိုး သြဇာကြီးခဲ့သူ ဖြစ်သည်။ သို့သော် မထင်မှတ်သည့်ကြားမှ သူ့ကိုလည်း စာရင်းဖျောက်လိုက်ကြပြန်သည်။

မြန်မာစကားတွင် “သုတ်သင်ရေး” ဆိုသည့် စကားရှိသည်။ ကျူပင်ခုတ် ကျူငုတ်မကျန်စေရ ဆိုသလို မြန်မာမင်းများ လက်ထက်ကလည်း ရှင်းတတ်ကြသည်။ သုတ်သင်ရေးတွင် အမြစ်ဖြုတ် သုတ်သင်မှ နောက်မျိုးဆက် ပြတ်နိုင်မည် ဖြစ်သည်။ မြန်မာ့သုတ်သင်ရေးတွင် အမြစ်တွေ ဆွဲနုတ်သော်လည်း မပြုတ်သော မျိုးဆက်တွေ များစွာ ရှိနေသေးသည်။

Credit - The Voice

No comments:

Post a Comment