Written by - တက္ကသိုလ်မိုးဝါ
ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်း
စက်မှုဇုန် ၂၄ ခုတွင် စက်ရုံပေါင်း ၃၄ဝဝ ကျော်ရှိရာ စွန့်ပစ်ရေဆိုးထွက်
စက်ရုံပေါင်း ၁၈၈ ရုံရှိသည်ဟု ဆိုသည်။ ရေဆိုးများအား
ပိုက်လိုင်းများမှတစ်ဆင့် မြောင်းများ၊ မြစ်ချောင်းများအတွင်းသို့
စွန့်ထုတ်မှုများကြောင့် ပတ်ဝန်းကျင်နေပြည်သူများ ဆိုးရွားသည့်
အနံ့အသက်အပြင် မြစ်ချောင်း များအတွင်းသို့ရောက်ရှိ၍ ရေထုညစ်ညမ်းစေ
ပြန်သည်ဟု သိရသဖြင့် မပြုပြင်ဘဲထားသည့် ရေဆိုးဆိုသည်မှာ အဘယ်နည်း။
ရေဆိုး သို့မဟုတ် ညစ်ညမ်းရေဟူသည် စံအရည်အသွေးအဆင့်တစ်ခုထက် နိမ့်ကျသော
အရည်အသွေးရှိ ရေကို ဆိုလိုခြင်းဖြစ်၏။ ရေဆိုးတွင် အနည်အနှစ်၊ အမှိုက်သ
ရိုက်၊ ပိုးမွှား၊ ဓာတ်သတ္တုနှင့် ဓာတုအရည်မျိုးစုံ ရောယှက်ပါဝင်နေပေသည်။
ရေဆိုး သို့မဟုတ် ညစ်ညမ်းရေသည် တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ်
တည်ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ လူသေနှုန်းနှင့် ရောဂါဘယ
တိုးပွားနှုန်းအများ ဆုံးဖြစ်စေသော အကြောင်းရင်းတစ်ရပ်လည်း ဖြစ်ကြောင်း
ပညာရှင်များက သုံးသပ်အတည်ပြုကြ၏။ ရေဆိုးဖြစ်ပေါ်စေခြင်း အကြောင်းမှာ
မလိုလားအပ်သော အနည်အနှစ်၊ အမှိုက်သရိုက်များ၊ ဓာတုပစ္စည်းများအား ရေနှင့်အတူ
မြစ်ချောင်းပင်လယ် သမုဒ္ဒရာများသို့ မပြုပြင် မသန့်စင်ဘဲ
စွန့်ပစ်ခြင်းကြောင့်ဖြစ်သည်။ ထိုသို့ စွန့်ပစ်ခြင်းကြောင့်
ရေနေအပင်မျိုးစုံနှင့် သတ္တဝါများ၏ ရှင်သန်မှုကို ထိခိုက်စေသည့်အပြင်
သောက်သုံးမိသည့် လူတို့အတွက်လည်း သေစေနိုင်သော ရောဂါဘယမျိုးစုံ ဖြစ်စေသည်။
ရေဆိုးကို နှစ်မျိုးနှစ်စား ခွဲခြားမှတ်ယူနိုင်၏။ မတူကွဲပြားသည့်နေရာစုံ
(Non-point Source)မှ စီးဆင်းသော ရေအမျိုးအစားနှင့် နေရာတစ်ခုတည်း (Point
Source) မှ ဥပမာ စက်ရုံထွက် ပိုက်လိုင်းတစ်ခုတည်းမှ စီးထွက်သော
ရေအမျိုးအစားဟူ၍ ဖြစ်သည်။ ဥပမာအားဖြင့် နေရာဒေသအများအပြားမှ စုဆုံပြီး
စီးထွက်သည့် ရေဆိုးမျိုးကို ပြရလျှင် ထွန်ယက်စိုက်ပျိုးမြေများမှ
နိုက်ထရိုဂျင်ဒြပ်ပေါင်းများ ကဲ့သို့သော ဓာတုပစ္စည်းများ
ရောနှောစီးဆင်းလာသည့်ရေကို ညွှန်းရပေမည်။
လူ့မိလ္လာနှင့်
တိရစ္ဆာန်တို့၏ အညစ်အကြေးများ ပါဝင်ရောနှောသည့် ရေဆိုးမျိုးတွင်မူ
ရောဂါပိုးမွှားများကြောင့် ဝမ်းရောဂါ စသည်တို့ ဖြစ်ပွားပြီး လူ့အသက်ကိုပင်
အန္တရာယ်ပေးနိုင်သည် ဆိုသည်။
လူတို့၏ ကုန်ထုတ်လုပ်မှုလုပ်ငန်း
အမျိုးမျိုးမှတစ်ဆင့် ရေထဲသို့ ရောနှောရောက်ရှိ ပါဝင်လာသော နိုက်ထရိတ်နှင့်
ဖော့စဖိတ် ဒြပ်ပေါင်းတို့သည် ရေထဲရှိ အောက်ဆီဂျင်နှင့် ဓာတ်ပြုကာ
ငါးများအတွက် လိုအပ်သည့် အောက်ဆီဂျင် ပမာဏကို လျော့နည်းသွားစေသည်။ ဒီ့ပြင်
ရေထဲရှိ သစ်ရွက်ဆွေးများ၊ ရုပ်ကြွင်းအပင်များသည်လည်း အောက်ဆီဂျင်ကို
စုပ်ယူတတ်ကြသောကြောင့် ငါးများအသက်ရှူခြင်းကို အနှောင့်အယှက်ဖြစ်စေကာ
အစုလိုက်အပြုံလိုက် သေကျေပျက်စီးစေသည်။
စက်မှုလုပ်ငန်းတို့မှ ထွက်သော
စွန့်ပစ်ပစ္စည်းများသည် ထွေပြားလှသည်။ အာဆင်းနစ်၊ ဇင့်၊ ငွေ၊ ပြဒါးနှင့်
ဆာလ်ဖျူရစ်အက် စစ်တို့ပါဝင်ခြင်းမှအစ သတ္တုလေး (Heavy Metal) များဖြစ်သည့်
ခဲ၊ ကက်ဒ်မီယမ်တို့ အဆုံး အမျိုးအစားအလိုက် လုပ်ငန်းအလိုက် ညစ်ညမ်းမှုကို
ဖြစ်စေသည်။ အချို့သော သတ္တုများမှာ အဆိပ်သင့်စေသည့် သတ္တိလည်း ရှိသဖြင့်
ယင်းတို့အား အခြေတစ်ခုအထိ သန့်စင်ပေးရန် အထူးလိုအပ် လှပေသည်။
သတ္တုတူးဖော်ရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ရေတွင်
ပျော်ဝင်သတ္တုနှင့် ရောနှောသတ္တုများ ပါဝင်နေခြင်းကြောင့်လည်း
အနီးတစ်ဝိုက်ရှိ ငါးများနှင့် တိရစ္ဆာန်တို့အား သေကျေပျက်စီးစေ၏။
သတ္တုတူးဖော်ရာဒေသ၌ ရေကိုပမာဏများစွာ သုံးရသောကြောင့် ရေဆိုးတို့သည်
မြေပေါ်မြေအောက်ရှိ ရေနှင့် ရောနှောလျက် မြစ်ချောင်းထဲသို့ စီးဆင်းကာ
သဘာဝအပင်နှင့် ငါးများအား သေကျေပျက်စီးစေသည်။ အလွန်ကျယ်ပြန့်သော
မြေဒေသတစ်ခုလုံးအား ဓာတုပစ္စည်းမျိုးစုံတို့ဖြင့် ရောယှက်ဖုံးလွှမ်းစေသည်။
ကနေဒါနိုင်ငံ ဘရစ်တနီယာကမ်းခြေ အနီးရှိ ဘရစ်တနီယာသတ္တုတွင်း (Britannia
Mine)ကို ၁၉ဝဝ ပြည့်နှစ်တွင် စတင်ဖွင့်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင်
ပိတ်သိမ်းခဲ့သည်။ နှစ်ပေါင်း ၇ဝ ကျော်ကြာတူးဖော်ခဲ့ရာ ကြေးနီ၊ သွပ်၊ ခဲ၊
ရွှေ၊ ငွေ နှင့် ကက်ဒ်မီယမ်သတ္တုတို့ ရရှိခဲ့သည်။ အံ့ဩစရာကောင်းသည့်
အချက်တစ်ချက်မှာ ပိတ်သိမ်းပြီး သတ္တုတွင်းနေရာဟောင်းမှ သတ္တုများစွာ
ပျော်ဝင်နေသည့် အက်စစ်ကဲနေသော ရေဆိုးများ ယခုအချိန်ထိဆက်၍ ချောင်းထဲသို့
စီးဝင်နေဆဲရှိသည်ကို တွေ့နေကြရခြင်း ဟူသောအချက် ဖြစ်သည်။
ဆယ်လမွန်ငါးများဖြင့် စမ်းသပ်ကြည့်ရာ ၎င်းတို့သည် ၄၈ နာရီမပြည့်မီကပင်
သေကျေကုန်သည် ဆိုသည်။
ကောင်းကင်မှ ကျလာသော မိုးရေများနှင့်
စိမ့်စမ်းရေတို့သည် အဆိုပါအက်စစ်ရည်နှင့် ရောနှောပြီး “အက်စစ်ပျော့”
ရည်အဖြစ်သို့ ပြောင်းသွားသည့်တိုင် ထိုအက်စစ်ပျော့သည်ပင် ကျန်ရှိနေသည့်
သတ္တုရိုင်းများအား ဖျော်ထုတ်ယိုစီးစေနိုင်သော စွမ်းရည်ရှိကြောင်း တွေ့ရသည်။
ပညာရှင်များ၏အဆိုအရ အချို့သတ္တုတွင်းများသည် သက်တမ်း ၁ဝ နှစ်ခန့်ကြာလျှင်
တူဖော်ခြင်းကြောင့် ဖြစ်သည့် ရေထုညစ်ညမ်းမှုအဆင့်သည် ဘေးဥပဒ်ဖြစ်သည့်
အခြေအနေသို့ ရောက်ရှိသွားစေသည် ဆိုသည်။
လူသားတို့၏ လူနေမှုဘဝ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလုပ်ငန်းများမှအစ အကြီးစားသတ္တု
တူးဖော်ရေးလုပ်ငန်းအထိ ကျယ်ပြန့်စွာဖော်ဆောင်ရန် လိုအပ်သည်မှာ မှန်သော်လည်း
ကောင်းမွန်မှန်ကန်သော စီမံခန့်ခွဲမှုအောက်တွင် ပွင့်လင်းမြင်သာမှုနှင့်
အကျိုးစီးပွား ထိခိုက်နစ်နာသူများအတွက် ထိထိရောက်ရောက်
ကူညီပံ့ပိုးပေးမှုကပို၍ အရေးကြီးသည်။ လူတစ်စု သို့မဟုတ် အလွှာတစ်ခုအတွက်သာ
အကျိုးဖြစ်ထွန်းစေသော လုပ်ရပ်မျိုးမဖြစ်သင့် မရှိသင့်တော့ပေ။
အကျိုးအမြတ်များအား ပွင့်လင်းမြင်သာစွာ ချပြခွဲဝေ သုံးစွဲခြင်းဖြင့်
လူတို့ဖန်တီးလိုက်သော ရေဆိုးရေညစ်ကြောင့် ဖြစ်လာမည့် ဆိုးကျိုးရန်မှ
အကာအကွယ် ပေးနိုင်မည်ဖြစ်သည်။
ထိုသို့မဟုတ်ပါက သဘာဝပတ်ဝန်းကျင်နှင့်
မြစ်ချောင်းတို့၏ ဂေဟစနစ်သည် ပျက်ပြားသည်ထက် ပျက်ပြားလာပြီး
ပြုပြင်ခြင်းမရှိသော ရေဆိုးကိုပင် အမွေဆိုးတစ်ရပ်အဖြစ် ဆက်ခံလိုက်သလို
ဖြစ်နေမည်။
သို့ပါ၍ လူ့အသက်အန္တရာယ်နှင့် ရောဂါဘယဖြစ်ခြင်း၊
သဘာဝပတ်ဝန်းကျင်နှင့် မြစ်ချောင်း၏ ဂေဟစနစ်ပျက်စီးခြင်း စသည့် ရေဆိုးမှ
အမွေဆိုး ပေးအပ်ခြင်းခံရသော အခြေဆိုးသို့ မဆိုက်ရောက်စေရန် ရေဆိုးကို
ပြုပြင်သန့်စင်ရမည့် စိန်ခေါ်မှုတစ်ရပ်အား မကြောက်မရွံ့ ရင်ဆိုင်ကြသင့်သည်သာ
ဖြစ်ကြောင်း တင်ပြပါသည်။
Credit - Eleven Media Group
No comments:
Post a Comment