လက်ရှိ အစိုးရသက်တမ်း သုံးနှစ်ကျော်လာပြီဖြစ်သော်လည်း ပြည်ထောင်စုဝန်ကြီး
အချို့ မကြာမီ အပြောင်းအလဲပြု လုပ်ရန်ရှိကြောင်း နိုင်ငံတော် သမ္မတရုံးနှင့်
နီးစပ်သူများထံမှ သတင်းရရှိသည်။
သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်ရာထူးယူထားသော ၀န်ကြီးဦးသိန်းညွန့်သည် ကျန်းမာရေးမကောင်းသဖြင့် ရုံး မတက်နိုင်သည်မှာ ကြာမြင့်ပြီ ဖြစ်၍ အဆိုပါရာထူးနေရာ အပြောင်းအလဲ ဖြစ်လာနိုင်ကြောင်း သတင်းရရှိသည်။
ထို့အပြင် တပ်မတော်သား ၀န်ကြီးများထဲမှ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်မှာ ၂၀၁၄ ခုနှစ်မကုန်မီ အသက် (၆၀)ပြည့်မည်ဖြစ်၍ အဆိုပါရာထူးမှာလည်း အပြောင်းအလဲ ဖြစ်နိုင်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။
‘‘ဗိုလ်ချုပ်ဝေလွင်က နေပြည်တော်တိုင်းမှူး လုပ်ခဲ့တာဆိုတော့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနေရာကို သူဖြစ်လာနိုင်တယ်’’ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက သုံးသပ်သည်။
အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုဝန်ကြီး ပြောင်းလဲခန့်အပ်ခြင်းကို လွှတ်တော်အစည်းအဝေး ကျင်းပသည့် ကာလအတွင်းပြု လုပ်လေ့ရှိပြီး ယခု ကျင်းပနေသော လွှတ်တော်အစည်းအဝေးများ မပြီးဆုံးမီ ၀န်ကြီးအပြောင်းအလဲများ ပြုလုပ်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

Credit - 7DAY DAILY
No comments:
Post a Comment