ဖားကန့်ကျောက်စိမ်းဒေသ၌ နှစ်နှစ်ကျော်ရပ်တန့်နေခဲ့သော
ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများ ပြန်လည်စတင်ရန်ပြင်ဆင်မှု တစ်လခွဲအကြာတွင်
တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA)တို့အကြား စစ်ရေးအရှိန်
ပြန်လာတင်းမာလာမှုအပေါ် ဒေသခံများနှင့် ကျောက်စိမ်းလုပ်ငန်းရှင်များ
စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။
ဖားကန့်ဒေသရှိ ယခင် KIA ရင်း
(၆) အခြေစိုက်ရာ ကံဆီးကျေးရွာအနီးတွင် အောက်တိုဘာ ၁၄ ရက်မှစတင်ကာ တင်းမာမှု
ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များ တင်းမာမှုဖြစ်ပေါ်နေသည့်
နေရာမှာ ကံဆီးဒေသ အောင်ဘာလေကျေးရွာနှင့် ကံဆီးကျေးရွာအနီးတွင် တည်ရှိပြီး
လက်နက်ကိုင်နှစ်ဖက်တပ်များမှာ ပေသုံးရာဝန်းကျင်ခန့်သာ ကွာဝေးပြီး
စမ်းချောင်းတစ်ခုသာ ခြားနေကြောင်း သိရသည်။
စစ်ရေးတင်းမာနေမှုတွင်
အရပ်သားများ မထိခိုက်စေရန် NLD ပါတီဝင်များနှင့် ရပ်မိရပ်ဖ ဓမ္မဆရာများ
ညှိနှိုင်းဆောင်ရွက်နေပြီး ဒေသခံများမှာ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်ကို
စိုးရိမ်လျက်ရှိနေကြသည်။
ဖားကန့်မြို့နယ် NLD အဖွဲ့ဝင် ဦးစိန်မင်းက
“အခုအထိတော့ ထိပ်တိုက်တိုးတာ မရှိသေးပါဘူး။ တိုက်ပွဲဖြစ်ရင် အရပ်သားတွေ
ထိခိုက်မှာစိုးလို့ NLD က ပါတီဝင်လူကြီးတွေ သွားပြီးညှိခဲ့တယ်။
အရပ်သားတွေကို လုံးဝမထိစေရပါဘူးလို့ တပ်မတော်ဘက်က ဗိုလ်မှူးကတော့
ပြောပါတယ်။ နှစ်ဖက်တင်းမာမှု စဖြစ်တဲ့အချိန်မှာ ရွာတွေက ကြားညပ်နေတော့
ပြေးဖို့လုပ်တာပေါ့။ ဘာကြောင့် အခုလိုအခြေအနေ ဖြစ်သွားတယ်ဆိုတာတော့
မသိရသေးဘူး” ဟု ပြောကြားသည်။
၂ဝ၁၁ ခုနှစ်က တပ်မတော်နှင့်
ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု
ကျိုးပေါက်သွားခဲ့ပြီးနောက်တွင် ကချင်ပြည်နယ်အတွင်းရှိ
ကျောက်စိမ်းလုပ်ကွက်များအား လုံးရပ်နားခဲ့ရသည်။ အစိုးရအနေဖြင့်
နှစ်နှစ်ကျော် ရပ်နားထားခဲ့ရသော ကျောက်စိမ်းလုပ်ငန်းများကို
ပွင့်လင်းရာသီတွင် ပြန်လည်လုပ်ကိုင်ခွင့်ပြုမည်ဟု ထုတ်ပြန်ကြေညာအပြီးတွင်
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုမှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က
ကျောက်စိမ်းလုပ်ကွက်များနှင့် ပတ်သက်၍ တိုက်ပွဲများပြန်ဖြစ်မည်ကို
အာမ,မခံနိုင်ကြောင်း သတင်းမီဒီယာသို့ ဩဂုတ်လဆန်းပိုင်းက ပြောကြားသည်။
လက်ရှိအချိန်တွင် ဖားကန့်ဒေသ၌ ပုဂ္ဂလိကကုမ္ပဏီ (၈ဝ၈) ခု၊ တစ်ဧက
လုပ်ကွက်ပေါင်း (၁၅၆၃၈) ကွက်၊ အကျိုးတူကုမ္ပဏီ (၂၂၂) ခု လုပ်ကွက်ပေါင်း
(၃ဝ၂) ကွက်ရှိပြီး ငွေအင်အားကြီးမားသည့် ကုမ္ပဏီ (၃၆) ခုသာ
လုပ်ငန်းလုပ်ကိုင်ရန် ပြင်ဆင်နေကြောင်း ကချင်ပြည်နယ် သတ္တုတွင်းဝန်ကြီးဌာနမှ
သိရသည်။
ဖားကန့်ဒေသခံ ဦးဇော်လတ်က “ကုမ္ပဏီတွေဝင်လာတာတော့
ဖြည်းဖြည်းချင်းပဲ။ စက်အင်အား အလုံးအရင်းနဲ့ လုပ်နေတာ ကရင်ချောင်မှော်က
မြန်မာတကောင်းပဲရှိတယ်။ ဒီနှစ်ကုန် ဒီဇင်ဘာလောက်မှပဲ
အလုပ်ဖြစ်ကြမယ့်သဘောရှိတယ်။ နိုင်ငံတော်နဲ့ အကျိုးတူတွေက တရုတ်နိုင်ငံသား
စီးပွားရေးလုပ်ငန်းရှင်တွေကိုပဲ အရင်းအနှီး ကိစ္စတွေမှာ မှီခိုနေရတာ။
တိုင်းရင်းသားနောက်ခံ ဘက်ဂရောင်းတွေတော့ အနည်းငယ်ပဲရှိတယ်။ လောလောဆယ်
တင်းမာမှုဖြစ်တဲ့သဘောမှာ ကုမ္ပဏီတွေ နောက်ပြန်ဆုတ်သွားတာ မတွေ့ရသေးဘူး။
ဖြစ်သွားတာလည်း ပြင်းပြင်းထန်ထန် မဟုတ်ပါဘူး။ KIO ကလည်း ကျောက်စိမ်းဒေသက
အခွန်ကို အဓိကအားကိုးနေရတဲ့အချိန်မှာ အစိုးရက တပ်မတော်နဲ့ပေါင်းပြီး
ဒီကိစ္စကို အတင်းအဓမ္မ တင်းကျပ်လာရင် ထိပ်တိုက်တော့ တိုးကြမှာပဲ။ ပြည်သူကတော့
ဒုက္ခရောက်မှာပေါ့” ဟု သုံးသပ်ပြောကြားသည်။
ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ ပိတ်ထားစဉ်အတွင်း ဖားကန့်ဒေသ၌
တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲအကြိမ်များစွာ ဖြစ်ပွားခဲ့ရာ
အရပ်သားသေဆုံးမှုများ၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။ အချို့သော
ကုမ္ပဏီများတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ကုမ္ပဏီအဆောက်အအုံများ၊
ဆီလှောင်ကန်များ၊ ကျောက်ရိုင်းတုံးများ၊ လုပ်ငန်းသုံး မော်တော်ယာဉ်များ
အပါအဝင် ယန္တရားများစွာ ပျက်စီးဆုံးရှုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
“ကုမ္ပဏီတွေ ပြန်ဝင်နေပြီဆိုပေမယ့် ဘယ်သူမှ ကျောက်မတူးနိုင်ကြသေးပါဘူး။
လုပ်ငန်းခွင်ရှင်းလင်းတာ၊ မြေစာသယ်တာလောက်ပဲ လုပ်နိုင်ကြပါသေးတယ်။
အခုဖြစ်နေတဲ့ နေရာက အရင် KIA ထိန်းချုပ်တဲ့ အောင်ဘာလေရွာမှာပါ။
ကျန်တဲ့နေရာတွေမှာကတော့ ပုံမှန်အတိုင်းပါပဲ။ အောင်ဘာလေမှာက ကချင်ရော ဗမာရော
နေကြတာ။ အခု ရုတ်ရုတ်ဖြစ်တော့ ဗမာတွေက မနေရဲကြတော့ဘူး။
ကျောက်စိမ်းတွင်းမှာက နှစ်ဖက်တပ်တွေအကုန်လုံး ငွေကြေးကောက်ခံကြတယ်။
တရားဝင်ကောက်တာနဲ့ တရားမဝင်ကောက်တာပဲ ကွာမယ်။ ရပေါက်ရလမ်းရှိတဲ့
နေရာဆိုတော့ ဘယ်သူမှ လက်မလွှတ်ချင်ကြဘူး။ ဒေသခံတွေရယ် ကျွန်တော်တို့လို
တစ်နယ်တစ်ကျေးက လာအလုပ်လုပ်နေတဲ့ သူတွေအတွက်တော့ မငြိမ်မသက် အခြေအနေမှာ
အလုပ်လုပ်ဖို့ အဆင်မပြေဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ
လုပ်နေတာသာကြားပြီး လက်တွေ့မှာ ထူးခြားလာတာ မရှိဘူး။ အရင်တစ်ခါကလည်း
မြစ်ဆုံကိစ္စနဲ့ တိုက်ကြခိုက်ကြတယ်။ အခုတစ်ခါလည်း ကျောက်စိမ်းတွင်းကိစ္စနဲ့
တိုက်ကြခိုက်ကြရင် ပြည်တွင်းစစ်က ပြီးတော့မယ်မထင်ဘူး။ အခုလုံခင်းကို
ရောက်နေတာကြာပြီ။ စရိတ်ကုန်တာပဲ ရှိတယ်။ ဘာမှ အလုပ်မဖြစ်သေးဘူး” ဟု
မန္တလေးမြို့မှ ကျောက်ကုန်သည်တစ်ဦးက ပြောကြားသည်။
ဆန်ခါကျေးရွာမှ NLD
ပါတီဝင် ဦးတင်လှိုင်က “ကျွန်တော်တို့ သွားဆွေးနွေးတာကတော့ ပြည်သူကဏ္ဍ
အနေနဲ့ပါ။ အဆုံးတော့ ပြောလို့မရဘူး။ အခုတော့ ငြိမ်နေပါတယ်။ နှစ်ဖက်အောက်ခြေ
တပ်ရင်းတွေလည်း ဆက်သွယ်မှုတွေ ရှိနေတယ်လို့ သိရတယ်။ ပြည်သူတစ်ယောက်အနေနဲ့
ပြောရရင် မြစ်ကြီးနားမှာ ငြိမ်းချမ်းရေးဆွေးနွေးကြတာလည်း
ကေအိုင်အေလူထွက်နဲ့ စစ်သားလူထွက်တွေချည်း ဆွေးနွေးကြသလို ဖြစ်နေတယ်။
ဘက်မလိုက်တဲ့ ပြည်သူအစစ်က မပါသလောက်ပါပဲ” ဟုဆိုသည်။
ဖားကန့် NLD မှ
ဦးလဆိုင်းက “အခုမြောက်ပိုင်းတိုင်း တိုင်းမှူးဖြစ်တဲ့သူက
ဖားကန့်ဒေသအကြောင်း ကောင်းကောင်းသိတယ်။ အခုတင်းမာမှုဖြစ်တာ
တိုင်းမှူးအပြောင်းအလဲနဲ့လည်း ဆိုင်မယ်။ ၂ဝ၁၁ ခုနှစ်က ဗန်းမော်ဘက်ပိုင်းမှာ
အခြေစိုက်တဲ့ တပ်မ (၈၈) တပ်မမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်က
တိုင်းမှူးတက်ဖြစ်တော့ လဂျားယန်၊ နန်ဆန်ယန် ဒေသတွေမှာ တိုက်ပွဲတွေ
ပြင်းပြင်းထန်ထန်ဖြစ်တယ်။ KIO အခွန်ကောက်တဲ့ကိစ္စထက် တပ်မတော်က
နယ်မြေထိန်းချုပ်လိုမှု၊ နယ်မြေစိုးမိုးလိုမှုဖြစ်မယ်လို့ ထင်တယ်။
နောက်တစ်ချက်က တပ်နှစ်ဖက်စလုံးမှာ ကျောက်စိမ်းလုပ်ငန်းက
တရုတ်လုပ်ငန်းရှင်တွေရဲ့ အထောက်အပံ့တွေများတယ်။ သူတို့ရဲ့ ဖိအားတွေလည်း
ပါလောက်တယ်။ ဖားကန့်ဒေသက လက်ပံတောင်းတောင်၊ ကြေးစင်တောင်ထက်
အမြတ်အများကြီးရှိတယ်။ နိုင်ငံသားလုပ်ငန်းရှင်တွေက အရင်းအနှီး
အများကြီးကိုင်နိုင်တာ သိပ်ရှိတာမဟုတ်ဘူး။ နာမည်သာခံပြီး
တရုတ်လုပ်ငန်းရှင်တွေကို အားကိုးနေကြတာ။ ဖားကန့်ဒေသကတော့ လက်ရှိမှာ
တင်းမာမှုဖြစ်နေပေမယ့် သံသယနဲ့ စောင့်ကြည့်နေကြတာ။ တိုက်ပွဲတွေဖြစ်လာရင်တော့
ဒေသခံတွေပဲ စားသောက်ကုန်ဈေးကြီး၊ အသက်အိုးအိမ်စိုးရိမ်ရ ဖြစ်ကုန်တာ။
အဓိက,ကတော့ စားပွဲပေါ်မှာ ဆွေးနွေးအဖြေရှာနိုင်မှပဲ အဖြေမှန်ကို
တွေ့နိုင်မှာပါ” ဟု သုံးသပ်ပြောကြားသည်။
နောက်ဆုံးရရှိသော
သတင်းများအရ တင်းမာမှုဖြစ်ပေါ်ခဲ့သည့် ကံဆီးကျေးရွာတွင်
စစ်ရေးတင်းမာမှုကြောင့် ဒေသရှိစာသင်ကျောင်းအချို့ ပိတ်ထားခဲ့ရသော်လည်း
ပြီးခဲ့သော သောကြာနေ့မှ စတင်ကာ စာသင်ကျောင်းများ ပြန်ဖွင့်နေပြီဖြစ်ကြောင်း
ဒေသခံ ကျောင်းအုပ်ဆရာကြီးများ၏ ပြောပြချက်အရ သိရသည်။
Credit - Eleven Media Group
No comments:
Post a Comment