ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှုမှ ဒေါ်လာ ၂၃၈ သန်း ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဆန်တန်ချိန်နှစ်ဆ ပိုမိုတင်ပို့ထားခြင်းဖြစ်
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ဆန်တင်ပို့မှုမှ ဒေါ်လာ ၂၃၈ သန်း ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဆန်တန်ချိန်နှစ်ဆ ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ပြည်ပသို့ဆန်တန်ချိန် ခြောက်သိန်းသုံးသောင်း တင်ပို့မှုမှ ဒေါ်လာ ၂၃၈ သန်း ရရှိထားကြောင်း၊ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှာမူ တန်ချိန် ၃၃၀၀၀၀ ကျော် တင်ပို့မှုမှ ဒေါ်လာ ၁၃၄ သန်း ရရှိထားကြောင်း သိရသည်။
သို့ဖြစ်၍ ယခုဘဏ္ဍာနှစ် တင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ဖြင့် နှိုင်းယှဉ်ပါက တင်ပို့မှုတန်ချိန်အားဖြင့် နှစ်ဆဖြစ်သည့် တန်ချိန်သုံးသိန်း ပိုမိုတင်ပို့ထားခြင်းဖြစ်ကာ ဒေါ်လာ သန်း ၁၀၀ နီးပါး ပိုမိုရရှိထားကြောင်း သိရသည်။
မြန်မာနိုင်ငံထွက် ဆန်နှင့်ဆန်ကွဲများ ပြည်ပတင်ပို့ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းအပြင် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းဖြင့်လည်း တင်ပို့လျက်ရှိရာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးပြု၍ တရုတ်နိုင်ငံဘက်သို့ အများဆုံးတင်ပို့ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်း အသုံးပြု၍ ဂျပန်၊ ရုရှားနှင့် အရှေ့အလယ်ပိုင်းဒေသများသို့ တင်ပို့ရမှုများကာ ပေါင်းဆန်တင်ပို့မှု ပိုများကြောင်း သိရသည်။
ဘဏ္ဍာနှစ်အလိုက် ပြည်ပသို့ဆန်တင်ပို့ရာတွင် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် တန်ချိန် ၈၉၅၈၇၀ တင်ပို့မှုမှ ဒေါ်လာ ၂၇၉ သန်းကျော်၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၂၇၀၀၀ တင်ပို့မှုမှ ဒေါ်လာ ၁၉၄ သန်းကျော်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇၉၁၀၈၇ တင်ပို့မှုမှ ဒေါ်လာ ၃၀၈ သန်းကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၃၃၄၂၆၅ တင်ပို့မှုမှ ဒေါ်လာ ၅၂၈ သန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၀၆၆၄၁၄ ခန့်တင်ပို့မှုမှ ဒေါ်လာ ၃၈၀ သန်းကျော် အသီးသီးရရှိထားကြောင်း သိရသည်။
ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ဆန်တန်ချိန် နှစ်သန်းအထိ တင်ပို့နိုင်ရန် လျာထားကြောင်း သိရသည်။

Credit - Eleven Media Group
No comments:
Post a Comment