မြို့ပြနေလူငယ်များအကြား စိတ်ကြွဆေးပြား အသုံးပြုမှု မြင့်တက်နေပြီး ဆယ်ကျော်သက်လူငယ်များ၌ မူးယစ်ဆေးစွဲ လက္ခဏာများ တွေ့ရှိ
မြို့ပြလူငယ်များအကြား စိတ်ကြွဆေးပြား အသုံးပြုမှု မြင့်တက်နေပြီး အချို့သော ဆယ်ကျော်သက်လူငယ်များ၌ မူးယစ်ဆေးစွဲသည့် လက္ခဏာများကို တွေ့ရှိနေရကြောင်း မူးယစ်ဆေးစွဲရောဂါ ကုသရေးဌာနများမှ သိရသည်။
“စိတ်ကြွဆေးပြားက ရန်ကုန်၊ မန္တလေးလို မြို့ပြတွေမှာ အသုံးပြုမှု တွင်ကျယ်နေပြီး အလွယ်တကူ ရနေတာကြောင့် လူငယ်တွေမှာ အသုံးပြုမှုနှုန်း မြင့်လာတယ်။ ဆေးပြားသုံးတာ အမျိုးသား ၁၀၀ ဆို အမျိုးသမီးက ၁၀ ရာခိုင်နှုန်း ရှိနေတယ်လို့ အကြမ်းဖျင်း တွက်ချက်ထားတယ်။
ဘယ်လောက်သုံးနေသလဲဆိုတာ အတိအကျပြောဖို့ အလွန်ခက်ပေမယ့် ဒီနှုန်းထက် များဖို့ပဲရှိပါတယ်။ ဒါက ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ အမှန်တကယ်ရှိနေတဲ့ အခြေအနေပါ။ တချို့လူနာတွေဆို အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသားအရွယ် လူငယ်တွေမှာတောင် မူးယစ်ဆေးစွဲတာတွေ တွေ့နေရတယ်။ ဒီအနေအထားအရဆိုရင် မြန်မာက နိုင်ငံတကာအခြေအနေနဲ့ သိပ်မကွာတော့ဘူးလို့ ဆိုရမှာပါ” ဟု မူးယစ်ဆေးစွဲရောဂါ ကာကွယ်ကုသရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
စိတ်ကြွဆေးပြားများမှာ ဈေးနှုန်း၊ အမျိုးအစားအလိုက် ကွာခြားမှုရှိပြီး လူငယ်များကြား ယင်းစိတ်ကြွဆေးပြားများ အသုံးပြုမှု များပြားလာသည့်နည်းတူ ယင်းနှင့်နှီးနွှယ်သည့် ခိုက်ရန်ဖြစ်ပွားမှုများ၊ လူမှုရေးပိုင်းဆိုင်ရာ ပြဿနာဖြစ်ပွားမှုများလည်း များပြားလာကြောင်းနှင့် မြန်မာနိုင်ငံရှိ အသက် ၂၀ မှ ၃၀ နှစ်အတွင်းရှိ လူငယ်များတွင် အရက်နှင့်မူးယစ်ဆေးစွဲမှုနှုန်း များပြားလာကြောင်း စိတ်ကျန်းမာရေးဆေးရုံကြီး (ရွာသာကြီး) မှ သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးများအနက် စိတ်ကြွဆေးပြားနှင့်ဆေးခြောက် စသည့်မူးယစ်ဆေးဝါးများ အများဆုံး ပျံ့နှံ့လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စိတ်ကြွဆးပြားနှင့်ဆေးခြောက် စသည့်မူးယစ်ဆေးဝါးများ အများဆုံးပျံ့နှံ့နေမှုကြောင့် ဖမ်းဆီးရမိမှုတွင်လည်း ယင်းမူးယစ်ဆေးဝါး အမျိုးအစားများကိုသာ အများဆုံး ဖမ်းဆီးရမိနေကြောင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စာရင်းများအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၂ ခုနှစ်တွင် စိတ်ကြွဆေးပြား ၁၆၇ မှု၊ ဆေးခြောက် ၁၂၄ မှု၊ ၂၀၁၃ ခုနှစ်တွင် စိတ်ကြွဆေးပြား ၁၆၁ မှု၊ ဆေးခြောက် ၇၆ မှု၊ ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာလကုန်အထိ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၇ မှု၊ ဆေးခြောက် ၈၃ မှု ဖမ်းဆီးရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲရောဂါကု လုပ်ငန်းများကို မူးယစ်ဆေးရုံအခြေပြု၊ မူးယစ်ဆေးစွဲကုဌာန အခြေပြုနှင့် ပြည်သူလူထုအခြေပြု မူးယစ်ဆေးစွဲကုသရေးဟူ၍ စနစ်သုံးမျိုးဖြင့်လုပ်ဆောင်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ချရေးနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့်ဖြစ်သော နောက်ဆက်တွဲ ဆိုးကျိုးအန္တရာယ်များ လျှော့ချရေးလုပ်ငန်းများကို ပိုမိုမြှင့်တင်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများအဖြစ် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုအပါအ၀င် အခြားသော ဆိုးကျိုးအန္တရာယ်များ လျော့ပါးရေးအတွက် မက်သဒုန်းအစားထိုး တိုက်ကျွေးရေးဌာနများကို တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြန်မာပြည်အနှံအပြားတွင် ယနေ့အထိ အဓိကမူးယစ်ဆေးစွဲရောဂါကု ဌာနကြီး ၂၆ ခု၊ ဆေးကုဌာနငယ် ၄၇ ခု၊ စုစုပေါင်း မူးယစ်ဆေးစွဲရောဂါကုဌာန ၇၃ ခု ဖွင့်လှစ်ထားကြောင်းနှင့် မက်သာဒုန်းအစားထိုး ဆေးရည်တိုက်ကျွေးရေး ဌာနများကို ရှမ်းပြည်နယ်၌ ၁၁ ခု၊ ကချင်ပြည်နယ်၌ ၁၁ ခု၊ စစ်ကိုင်းတိုင်း၌ ရှစ်ခု၊ မန္တလေးတိုင်း၌ သုံးခု၊ ရန်ကုန်တိုင်း၌ နှစ်ခု စုစုပေါင်းဌာန ၃၅ ခု ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
Credit - Eleven Media Group

No comments:
Post a Comment