Monday, October 20, 2014

အရေးပေါ် ကျောင်းသားထု အစည်းအဝေး ပညာရေးဝန်ကြီးဌာနကို မဖိတ်

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ အရေးပေါ် ကျောင်းသားထု အစည်းအဝေးမှာ ပညာရေး ဝန်ကြီးဌာနကို မဖိတ်ဘူးလို့ ဆိုပါတယ်။
အရပ်ဖက် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေကို ဖိတ်ပေမယ့် ပညာရေးဝန်ကြီးဌာနကို ဘာလို့ ချန်ခဲ့တာလဲ။

နိုင်ငံလုံးဆိုင်ရာအရေးပေါ် ကျောင်းသားထု အစည်းအဝေးမှာ နိုင်ငံရေးပါတီ အားလုံးကို ဖိတ်ကြားဖို့ အစီအစဉ် ဖြစ်မြောက်ရေး ကော်မတီဝင်တွေက လျာထားတယ်လို့ ပွဲစီစဉ်သူတစ်ဦး ဖြစ်တဲ့ ကိုရဲဇာနည်ထွန်းက ပြောပါတယ်။ ဖိတ်ကြားရေး အစီအစဉ်အတွက် ပွဲစီစဉ်သူတွေ ပေါင်းပြီးတော့ ဒီသီတင်းပတ်အတွင်း စုံညီ အစည်းအဝေး ကျင်းပသွားမယ်လို့ သူက ဆိုပါတယ်။


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ နိုင်ငံရေးပါတီ တချို့ကို ကျောင်းသားထု အစည်းအဝေးအတွက် ဖိတ်ကြားဖို့ သဘောတူထားပေမယ့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)နဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ (NUP) တို့ကို ဖိတ်ကြားမယ့်ကိစ္စ ဆက်လက်ဆွေးနွေးမယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား သမဂ္ဂဝင်လည်းဖြစ်သူ ကိုရဲဇာနည်ထွန်းက ဆက်ပြောပါတယ်။ “တချို့ကလည်း ဖိတ်မယ်။ တချို့ကလည်း မဖိတ်ဘူးနဲ့ ဒွိဟများနေတာ” လို့ သူက ရှင်းပြပါတယ်။

အစည်းအဝေး ဖြစ်မြောက်ရေး စီစဉ်သူတွေရဲ့ စုံညီ အစည်းအဝေးကို အောက်တိုဘာလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ပြုလုပ်သွားမယ်လို့ ကျောင်းသားသမဂ္ဂတွေ ဆီကနေ သိရပါတယ်။

 နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အစည်းအဝေးဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဆရာ၊ဆရာမ အသင်းအဖွဲ့အားလုံးကို ဖိတ်ကြားသင့်တယ်။ ဒါပေမယ့် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ ကျောင်းသားသမဂ္ဂဝင် တစ်ဦးဖြစ်သူ ကိုရဲရင့်ကျော်က ပြောပါတယ်။

“ပညာရေးဥပဒေကို ကန့်ကွက်တဲ့အကြောင်း ဆွေးနွေးတာဖြစ်တယ်။ အဲဒါကြောင့် ပညာရေးဝန်ကြီးဌာနကို မဖိတ်တာပါ” လို့ သူက ရှင်းပြပါတယ်။

အောက်တိုဘာ လဆန်းပိုင်းက အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေမှာ ဗဟိုချုပ်ကိုင်မှုစနစ်တွေ တွေ့ရှိရတဲ့အတွက် နိုင်ငံတစ်ဝန်း ကျောင်းသားထုတွေ စုစည်းပြီး အရေးပေါ်အစည်းအဝေး ကျင်းပရတာ ဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ဆီကနေ သိရပါတယ်။

အစည်းအဝေးအပြီးမှာ ကျောင်းသားထု အားလုံးရဲ့ တောင်းဆိုချက်တွေကို ထုတ်ပြန်သွားဖို့ စီစဉ်ထားတယ်လို့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
နိုင်ငံလုံးဆိုင်ရာ အရေးပေါ် ကျောင်းသားထုအစည်းအဝေးကို နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပမယ်လို့ ပွဲစီစဉ်သူတွေ ဆီကနေ သိရပါတယ်။ ကျောင်းသားထု အစည်းအဝေးဟာ ၁၉၃၆ ခုနှစ် နောက်ပိုင်းမှာ ပြန်လည် အသက်ဝင်လာတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတွေရဲ့ အစည်းအဝေးတစ်ခုလည်း ဖြစ်လာမှာပါ။

Credit - The Voice

No comments:

Post a Comment