အယ်ဒီတာ့ အာဘော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်က အစိုးရသက်တမ်းသုံးနှစ်ခွဲကျော်ကာလအတွင်း
အကျဉ်းသားလေးသောင်းခန့် (၃၉,၆၉၃ ဦး)လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
အကျဉ်းသားများလွတ်ငြိမ်းခွင့်ပေးသည့်အကြိမ်တိုင်း
နိုင်ငံရေးအကျဉ်းသားများပါလာလျှင် ပြည်တွင်း၊ ပြည်ပမှ
ချီးကျူးအသိအမှတ်ပြုပြီး နိုင်/ကျဉ်းများမပါလျှင် နိုင်ငံတကာမှာရော
ပြည်တွင်းနိုင်ငံရေးအင်အားစုများကပါ အစိုးရကိုဝေဖန်ရှုတ်ချလေ့ရှိသည်။
၂၀၁၁ မေလ ၁၆ ရက်မှစပြီး ၂၀၁၄ အောက်တိုဘာ ၇ ရက်အထိအကျဉ်းသားများလွတ်ငြိမ်းခွင့် (၁၆)ကြိမ်ပေးခဲ့ပြီးနောက် အစိုးရ၏ လွတ်ငြိမ်းခွင့်ပေးသည့်မူအပေါ် ပြည်သူအချို့ကပင် မေးခွန်းထုတ်လာ သည်။ အကြောင်းမှာ လွတ်ငြိမ်းခွင့်ရသူများနှင့် ၎င်းတို့မိသားစုများ အတွက် ပြည်သူများက ပျော်ရွှင်သော်လည်း လွတ်ငြိမ်းခွင့်ဖြင့် လွတ် လာသူအချို့တွင် ခိုး၊ ဆိုး၊ နှိုက်သမားများပါဝင်ပြီး ၎င်းတို့က ပြစ်မှုများ ထပ်မံကျူးလွန်သည်ကို ကြားသိရသောကြောင့်ဖြစ်သည်။
ထို့အပြင် လွတ်ငြိမ်းခွင့်များ မကြာခဏပေးနေခြင်းနောက်ဆက်တွဲ အဖြစ် ရပ်ထဲ၊ ရွာထဲတွင် လူအချို့က ပြစ်မှုကျူးလွန်လျှင်လည်း ပြစ် ဒဏ်အနည်းငယ်သာကျပြီး နောက်သမ္မတလွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာလိမ့်မည်ဟု တလွဲတွေးခေါ်ယူဆလာခြင်းဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့က ပြစ်မှု ကျူးလွန်ရန်မကြောက်တော့ဟု ခံယူလာကြခြင်းမှာ အေးချမ်းစွာနေထိုင်လိုသော ပြည်သူများကို စိုးရိမ်မှုဒီရေမြင့်တက်စေပါ သည်။
ရန်ကုန်တစ်မြို့လုံး တုန်လှုပ်ချောက်ချားစေခဲ့သည့် လူမြင်ကွင်း ၌ လည်ပင်းကို ဓားဖြင့်အကြိမ်ကြိမ်ခုတ်သတ်သော ရန်ကင်းလူသတ် မှုတွင် ပြစ်မှုကျူးလွန်သူမှာ လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာပြီးမှ ကျူးလွန်ခဲ့ခြင်းဖြစ်သောကြောင့် စိုးရိမ်ကြခြင်းဖြစ်ပါသည်။
ဤနေရာတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များက အကျဉ်းသား များကို ပြန်လည်ပြုပြင်ပေးသောစနစ်အပေါ် မေးခွန်းထုတ်ရန်ရှိလာ သည်။ အကျဉ်းထောင်များသည် ပြစ်မှုကျူးလွန်သူများ အမှားပြန်လည် ပြင်ဆင်နိုင်ရန်၊ လူ့ဘဝတွင် တန်ဖိုးရှိစွာရှင်သန်နိုင်ရေး အသိတရားရစေ ရန် ပြုပြင်မည့်နေရာဖြစ်ရပါမည်။ ပြစ်မှုကျူးလွန်ပြီး ထောင်ကျကာလွတ် မြောက်သူများက ယခင်ကဲ့သို့ ရာဇဝတ်မှုများ ထပ်မံကျူးလွန်နေလျှင် အဆိုပါထောင်များ၏ စွမ်းဆောင်ရည်မှာ အနုတ်လက္ခဏာပြနေပြီး အနာဂတ်မြန်မာ့လူ့အဖွဲ့အစည်းပေါ် ကြီးမားသောခြိမ်းခြောက်မှုလည်း ဖြစ်ပါသည်။
အဂတိလိုက်စားမှုဖြင့် ခေတ်အဆက်ဆက်နာမည်ကြီးသော အကျဉ်းထောင်များမှာ လက်ရှိအစိုးရလက်ထက်တွင်ကော အဂတိတရားကင်း၊ မကင်းနှင့် လွတ်မြောက်လာသူများမှာ အကျဉ်းထောင်အတွင်း မှတ်တမ်းကောင်းသူ၊ ဘဝသစ်ပြန်စရန် အသိတရားရသူများဟုတ်၊ မဟုတ်မှာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အရေးကြီးလှသည်။ ထို အချက်မှာ ကျယ်ကျယ်လောင်လောင်ပြောနေသော်လည်း မြန်မာ့မြေ တွင်ရှားပါးသည့် တရားဥပဒေစိုးမိုးမှုရှိရေးအတွက်လည်း အလွန်အရေးပါသည်။
ထို့ကြောင့် အကျဉ်းထောင်များ၏ စွမ်းဆောင်ရည်ကို ပြန်သုံးသပ် ရန်၊ အားနည်းချက်များပြင်ဆင်ရန်နှင့် အဂတိတရားကင်းရှင်းအောင် ဆောင်ရွက်ကြရန် တာဝန်ရှိသူအားလုံးကို 7 Day Daily သတင်းစာမှ တိုက်တွန်းလိုက်ပါသည်။

No comments:
Post a Comment