Sunday, October 19, 2014

ပေါ်လစီဖြင့် ဘောလုံးကန်ကြည့်ခြင်း

သူလည်းနိုင်၊ ငါလည်းနိုင်၊ သူလည်း အကျိုးရှိ၊ ငါလည်း အကျိုးရှိစေရန် ဘောလုံးပွဲတစ်ပွဲတွင် သွားပြီး မလုပ်နိုင်ပေ။ ဘောလုံးပွဲတွင် Win-Win မရှိပေ။

အောင်နိုင်ရေး ဆိုသည်မှာ ကိုယ်တစ်ဦးတည်း အတွက်သော် လည်းကောင်း၊ ကိုယ့်အဖွဲ့ အတွက်သော် လည်းကောင်း အကောင်းဆုံး ဖြစ်စေရန် ကြိုးစားလုပ်ဆောင်ကြရခြင်း ဖြစ်သည်။ ထိုနေရာတွင် Win-Win ပေါ်လစီကို ချမှတ်ဆောင်ရွက်ရန် မဖြစ်နိုင်။ ဘောလုံးပွဲတွင် ကိုယ့်တစ်သင်းတည်း အောင်နိုင်ရေးသည်သာ အဓိကဖြစ်သည်။


Win-Win ဆိုသည်မှာ သူလည်းနိုင်၊ ငါလည်းနိုင် ဖြစ်သည်။ ကိုယ်နိုင်ချင်လျှင် သူမနိုင်အောင် ကြိုးစားကန်ရမည်မှာ ဘောလုံးပွဲ၏ နိယာမ ဖြစ်သည်။ နိဂုံးကောင်းစေရန် အဆုံးအဖြတ် ဂိုးသည်သာ အဓိကဖြစ်သည်။

ဘောလုံးပွဲတစ်ပွဲတွင် ပါဝင်သူတိုင်းသည် စိတ်ဓာတ် အရင်းတည်ထားကြရသည်။ အောင်နိုင်ရေး ဆိုသည့် စိတ်ဓာတ်ကို အရင်းတည် ကစားရန် ဖြစ်သဖြင့် အားလုံးတွင် တာဝန်ရှိသည်။ အားလုံးကောင်းရန် လိုသည်။ တစ်ဦးတစ်ယောက်ကောင်း စိတ်ဓာတ်သည် လက်တွေ့တွင် အလုပ်မဖြစ်ကြောင်း နားလည်ပြီး စိတ်ဓာတ်ကိုတည်၊ ခွန်အားကိုထည့်ကာ ကြိုးစားကစားကြရသည်။ ဘောလုံးကစားရာတွင် နည်းစနစ်သာမက တစ်ဦးအပေါ်တစ်ဦး ရိုးသားခြင်း၊ ကြိုးစားခြင်း၊ ယဉ်ကျေးမှု ရှိခြင်း၊ စည်းကမ်းလိုက်နာခြင်းတို့ ရှိမှလည်း အလွန်သိက္ခာရှိသော ကစားပွဲတစ်ပွဲ ဖြစ်နိုင်သည်။

ဘောလုံးပွဲတစ်ပွဲသည် အဖွဲ့အစည်း စိတ်ဓာတ်နှင့် ပူးပေါင်းညီညွတ်စွာ ကစားကြရသည်။ ပူးပေါင်းဆောင်ရွက်မှု ရှိခြင်း၊ အလေ့အကျင့်ကောင်းခြင်း၊ ဆုံးဖြတ်ချက် မှန်ကန်ခြင်းများကလည်း အဖြေဖြစ်သွားတတ်ပါသည်။ ကစားသူတိုင်းတွင် အခွင့်အရေး ရှိသည်။ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်စွမ်း ရှိရန်လိုသည်။ အခွင့်အရေးတိုင်းသည် ငါတစ်ဦးတည်း အတွက်မဟုတ်၊ အားလုံးတွင် အခွင့်အရေး ရှိသည်၊ အားလုံးအတွက် အခွင့်အရေး ပေးရမည်၊ နောက်ဆုံးအချိန်တွင် အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်လျှင် အောင်ပွဲရမည် ဖြစ်သည်။

တစ်ဦးတစ်ယောက်၏ စွမ်းဆောင်ချက်ကြောင့် အနိုင်ရရှိလျှင်လည်း သူတစ်ဦးတည်း နိုင်ခြင်းမဟုတ်၊ တစ်သင်းလုံး နိုင်ခြင်းသာ ဖြစ်သည်။ နိုင်သော်လည်း သူ့ကြောင့်နိုင်သည်၊ ငါ့ကြောင့်နိုင်သည်ဟု ပြောခွင့်မရှိ။ တစ်ဦးတည်း ဂိုးသွင်းထားသဖြင့် တစ်ဦးတည်း ကွက်ပြီးမနိုင်၊ တစ်သင်းလုံးရှုံးလျှင် အားလုံး ရှုံးသည်သာ ဖြစ်သည်။ ကိုယ်နိုင်ချင်လျှင် သူရှုံးအောင် လုပ်ခြင်းမှာ မတရားသော နည်းမဟုတ်။

နှစ်သင်းစလုံး အားကစားစိတ်ဓာတ် အပြည့်၊ စည်းကမ်းအပြည့်ဖြင့် ကြိုးစားပြီး မည်မျှ ရလဒ်ကောင်းစေရန် ကြိုးစားသည်ဆိုစေ၊ ဘောလုံးပွဲတိုင်းတွင် နှစ်ဖက်ပရိသတ်ကလည်း တစ်ခါတစ်ရံ အဖြေဖြစ်သွားတတ်သည်။ ထိုအဖြေသည် အားလုံးနှင့် ဆန့်ကျင်ဘက် ဖြစ်သွားနိုင်သည်။ ပရိသတ် နှောင့်သောကြောင့် ပျက်ခဲ့ရသော ပွဲပေါင်းများစွာ ရှိသည်။ အားလုံးရှုံးသည်။ ကန်သူလည်းရှုံး၊ ကြည့်သူလည်းရှုံး၊ နိုင်ငံနှင့်လူမျိုး ဂုဏ်သိက္ခာပါ ရှုံးရသော ပွဲပေါင်းများစွာ ရှိသည်။

အရှုံးကို နိုင်မည် မထင်သူများက များသောအားဖြင့် ဖန်တီးတတ်သည်။ ရှုံးမည်း မည်းသည်ဟု ဆိုကြသည်။ အရှုံးကြောင့် ညစ်ပတ်ခြင်းကို ပွဲကစားသူကလည်း လုပ်နိုင်သလို ပွဲကြည့်သူကလည်း ဖန်တီးနိုင်သောကြောင့် ရလဒ်သည် ကစားသူများ အပေါ်တွင်သာမဟုတ် ပွဲကြည့်ပရိသတ်တွင်လည်း မူတည်နေသည်။

၂၀၁၅ တွင် ကစားမည့် နိုင်ငံရေး ဘောလုံးပွဲကြီးကား ပွဲကြည့်သူတွေက ဖျက်မှာလား သို့မဟုတ် ကစားသူတွေက ဖျက်မှာလား စိုးရိမ်စရာ ဖြစ်နေချိန်တွင် ပွဲကျင်းပပေးရမည့် သူများက ပွဲဖြစ်ချင်မှလည်း ဖြစ်မည်ဟု ဆိုလိုက်သောကြောင့် ဘောလုံးပွဲတွင် ပွဲကြည့်ပရိသတ်၊ နှစ်ဖက်ကစားသူသာမက ပွဲကျင်းပရေး ကော်မတီကိုပါ ထည့်တွက်ရတော့မည် ဖြစ်သည်။

အယ်ဒီတာ (၁၆-၁၀-၂၀၁၄)

-------------------------
The Voice Weekly Editorial, Vol-10/No-40 (#voiceeditorial)

No comments:

Post a Comment