Sunday, October 19, 2014

ပရိသတ်အချို့၏ အပြုအမူနှင့်ပတ်သက်၍ ဘောလုံးအဖွဲ့ချုပ်သတိပေးခံရ

လာမည့်ပွဲစဉ်များတွင် လုံခြုံရေးအာမခံပေးရန်တောင်းဆိုထား
အာရှယူ-၁၉ ပြိုင်ပွဲတွင် အိမ်ရှင်ပရိသတ်အချို့၏ အပြု အမူများနှင့်ပတ်သက်၍ ပြိုင်ပွဲ ကျင်းပရေးကော်မတီက မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံသို့ သတိပေးအကြောင်းကြားစာပေး ပို့ခဲ့ကြောင်း သတင်းရရှိသည်။
အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် အာရှယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်း၏ အုပ်စုပွဲစဉ်များ၌ ပရိသတ် နှစ် သောင်းခန့် လာရောက်အားပေး ခဲ့ကြပြီး ပထမအုပ်စုပွဲ နှစ်ပွဲတွင် ပြဿနာမဖြစ်ခဲ့သော်လည်း အီရန် ကို ရှုံးနိမ့်ခဲ့သည့် အုပ်စု နောက်ဆုံးပွဲ၌မူ ပရိသတ်အချို့က ထိုင်ခုံများ ရိုက်ချိုးခြင်းနှင့် ပြိုင်ပွဲစာသားပါ ဗီနိုင်းအား ဆုတ် ဖြဲခြင်းများပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ယူအေအီးအသင်း ကို အနိုင်ရရှိခဲ့သည့် ကွာတား ဖိုင်နယ်ပွဲတွင် ပွဲအပြီး၌ ပရိသတ်တစ်ထောင်ဝန်းကျင်သည် ကွင်းအတွင်းသို့ ဝင်ရောက် အောင်ပွဲခံခဲ့ကြသည်။ ယင်းပွဲအပြီး သတင်းစာရှင်းလင်းပွဲသို့ လုံခြုံရေးအကြောင်းပြချက်ဖြင့် ယူအေအီး အသင်းနည်းပြတက်ရောက်ခြင်း မရှိခဲ့ပေ။
‘‘မြန်မာ-အီရန်ပွဲနှင့် မြန်မာ-ယူအေအီး ပွဲစဉ်တွေမှာပရိသတ်အချို့ရဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီးတော့ ပြိုင်ပွဲကျင်းပရေး ကော်မတီက သတိပေးအကြောင်းကြားစာပို့ပါတယ်။ နောက်ပွဲစဉ် တွေမှာ လုံခြုံရေးအာမခံချက်ရရှိဖို့လည်း တောင်းဆိုထားပါတယ်’’ ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူက ပြောသည်။
၂၀၁၄ အာရှယူ-၁၉ ပြိုင်ပွဲ ကွာတားအဆင့်ပွဲစဉ်ဖြစ်သည့် အိမ်ရှင်မြန်မာနှင့် ယူအေအီး အသင်းပွဲကို ပရိသတ်ကွင်းလုံးပြည့် (သုံးသောင်းဝန်းကျင်) လာရောက်အားပေးခဲ့ကြပြီး ပြိုင်ပွဲတစ်လျှောက် (ကွာတားအဆင့်အထိ)ပရိသတ်အရေအတွက် အများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။
‘‘ပရိသတ်တွေကွင်းအတွင်း လာရောက်ပြီး မြန်မာအသင်းကို အားပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားစေချင် တာက ပြိုင်ပွဲကိုထိခိုက်တဲ့ အပြုအမူတွေဖြစ်လာမယ်ဆိုရင် ဒဏ် ကြေးငွေတွေအပြင် နောက်ပိုင်း အိမ်ရှင်ပြုလုပ်ခွင့် အခွင့်အရေး တွေပါ ထိခိုက်နိုင်ပါတယ်’’ဟု အဖွဲ့ချုပ်တာဝန်ရှိသူက ပြောကြားသည်။
၂၀၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲအကြိုဗိုလ်လုပွဲစဉ်များကို အောက်တိုဘာ ၂၀ ရက်တွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဥဇဘက်ကစ္စတန်နှင့် မြောက်ကိုရီးယား၊ အိမ်ရှင်မြန်မာနှင့် ကာတာအသင်းတို့ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
Credit - 7DAY DAILY

No comments:

Post a Comment