စက်တင်ဘာလကတည်းက စတင်ပြီး ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အတွင်း ဒေသတွေမှာ အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တချို့ တိုက်ပွဲတွေ ဖြစ်ခဲ့ပေမယ့်လည်း မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိဖို့ နီးနေပြီဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့ အီတလီနိုင်ငံ မီလန်မြို့ မီကိုကွန်ဖရင့်စင်တာ၌ ကျင်းပသည့် (၁၀) ကြိမ်မြောက် အာရှ-ဥရောပထိပ်သီး အစည်းအဝေး၏ သီးသန့်အစည်း အဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးနီးပါးနဲ့ အပစ်အခတ် ရပ်စဲနိုင်ခဲ့ကာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ အလွန်နီးနေပြီဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီးတဲ့ နောက်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ အဆင့်ကို တက်လှမ်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးရရှိ ပြီးတဲ့ အချိန်မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုလည်း အလေးထား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က ဆိုပါတယ်။
အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တချို့ အကြား တိုက်ပွဲတွေ ပြန်ဖြစ်နေတာကြောင့် ငြိမ်းချမ်းရေးအတွက် စိုးရိမ်ဖွယ် အခြေအနေတွေ ရှိနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အတွင်းရေးမှူး ဦးစပ်ခွန်စိုင်းက ပြောပါတယ်။
“ငြိမ်းချမ်းရေးကတော့ အကုန်လုံး လိုချင်တာပဲ။ ဘယ်သူမှ စစ်ကို ကြိုက်နှစ်သက်တာ မရှိပါဘူး။ ဒါပေမဲ့ သူ့ဘက်ကိုယ့်ဘက် တန်းတူညီမျှမှု မရှိရင် ပြည်တွင်းစစ်က ပြီးမှာ မဟုတ်ဘူး” လို့ ဦးစပ်ခွန်စိုင်းက မှတ်ချက်ပြုပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UWPC နဲ့တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ ပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်း ရေးအလုပ်အဖွဲ့ NCCT တို့ ခြောက်ကြိမ်တိတိ ဆုံထားပေမယ့်လည်း တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေ သဘောတူညီမှု မရှိတာကြောင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်မရေးထိုးနိုင် သေးပေ။
Credit - The Voice
No comments:
Post a Comment