Sunday, October 19, 2014

ကျပ်တည်းမှုကို ဘယ်လိုဖြေရှင်းကြမလဲ - ဆောင်းပါး

(ဆောင်းပါးရှင် - ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်))

စာရေးသူတို့နိုင်ငံမှာ ကျပ်တည်းမှုတွေ ဖြစ်နေတာကို နေ့စဉ်နဲ့အမျှ ကြားနေ၊ မြင်နေ၊ တွေ့နေကြရမှာဖြစ်တယ်။ စာရေးသူ မြင်တွေ့နေရတဲ့ ကျပ်တည်းမှုနဲ့ ပတ်သက်ပြီး ထင်သာမြင်သာစေဖို့ အခုဆောင်းပါးကို ရေးဖြစ်တယ်။

(၁) မော်တော်ယာဉ်အသွားအလာ ကျပ်တည်းမှု
စာရေးသူက တောင်မြင်းပြိုင်ကွင်းလမ်း၊ ဗိုလ်စိန်မှန်လမ်းနဲ့ အနောက်မြင်းပြိုင်ကွင်း လမ်းမကြီးနားက ရှစ်လွှာမှာနေတယ်။ ဒီကနေ့ မြို့တော်ရန်ကုန်မြို့တော်မှာ မော်တော်ကားတွေ အဆမတန်များလာ၊ တစ်ဖက်ကလည်း ယာဉ်မောင်းသူတွေရဲ့ စည်းကမ်းမလိုက်နာမှု၊ မီးပွိုင့်တွေမရှိမှု၊ မော်တော်ယာဉ်ထိန်းတွေ မလုံလောက်မှု စသည်ဖြင့် ကားတွေကျပ်တည်းလာရာမှာ တည့်သွားမယ့်ကားတွေကို ဖြတ်ကားတွေက ဦးစားမပေးဘဲ မိမိကသာ ရှေ့ကိုသွားလိုတဲ့စိတ်ကြောင့် ကားတွေပိတ်ဆို့မှုတွေဖြစ်လာ၊
ယာဉ်တိုက်မှုတွေလည်း မကြာခဏ ဖြစ်လာတယ်။ ဒီအထဲ ရှေ့ကိုမသွားနိုင်တာကို မော်တော်ကားတွေ အထူးသဖြင့် လိုင်းကားကြီးတွေရဲ့ ဟွန်းသံတွေက အနီးအနားကအိမ်တွေကို ဆူညံသံတွေ ဖြစ်စေတယ်။
စာရေးသူလည်း မနေနိုင်တော့ သက်ဆိုင်ရာကို အကျိုးအကြောင်း ရှင်းလင်းပြောပြပြီး မီးပွိုင့်တပ်ဆင်ပေးဖို့ မေတ္တာရပ်ခံလိုက်တော့ မော်တော်ကားဟွန်းသံတွေ သက်သာသွားတယ်။ မီးပွိုင့်တပ်ရုံမကဘဲ မော်တော်ယာဉ်ထိန်းစခန်းတစ်ခုလည်း ဆောက်နေတာတွေ့ရတော့ ပိုပြီးဝမ်းသာသွားမိတယ်။ အခြားနိုင်ငံတွေမှာ မော်တော်ယာဉ်တွေ စည်းကမ်းထိန်းနိုင်စေဖို့ လုပ်ဆောင်နေတဲ့ နည်းလမ်းတစ်ခုက အချက်ကျကျနေရာတွေမှာ ပင်စင်စားတွေကို ကင်မရာတစ်လုံးနဲ့ စည်းကမ်းပျက်တဲ့ကားတွေ၊ ဟွန်းတီးတဲ့ကားတွေကို ဓာတ်ပုံနဲ့မှတ်တမ်းတင်ပြီး သက်ဆိုင်ရာကိုတင်ပြ၊ သက်ဆိုင်ရာကနေ ရိုက်လိုက်တဲ့ဒဏ်ကြေး ရာခိုင်နှုန်းတစ်ခုကို မှတ်တမ်းတင်ရိုက်ပေးသူကို ချီးမြှင့်တဲ့အတွက် သက်သောင့်သက်သာနဲ့ ၀င်ငွေရရှိမှု၊ တစ်ဖက်မှာ မော်တော်ယာဉ်တွေလည်း စည်းကမ်းလိုက်နာမှု ဖြစ်စေတဲ့အတွက် အားလုံးအတွက် အဆင်ပြေသွားနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။
စာရေးသူအိမ်နားမှာ မီးပွိုင့်လည်းတပ်ထား၊ မော်တော်ယာဉ်ထိန်းစခန်းလည်း ဖွင့်ထားတော့ ယခင်ကထက်စာရင် ယာဉ်တိုက်မှုအန္တရာယ်တွေ လျော့နည်းသွားစေတာတော့ အမှန်ဖြစ်တယ်။ ယာဉ်မောင်းသူတွေရဲ့ စည်းကမ်းလိုက်နာမှုကို စောင့်ကြည့်မှတ်တမ်းတင်ထားသူတွေ ထားရှိလုပ်ဆောင်လိုက်ရင် ပိုကောင်းသွားစေမှာ ဖြစ်ပါတယ်။ အလားတူ မီးပွိုင့်တပ်ဆင်ဖို့ လိုအပ်တဲ့ နေရာတစ်ခုက လင့်လမ်းနားမှာပါ။ အခြားလိုအပ်တဲ့ နေရာတွေလည်း ရှိမှာပါ။ မီးပွိုင့်တပ်ဆင်ဖို့ လိုအပ်တဲ့နေရာတွေကို မီးပွိုင့်တပ်ဆင်ပေး၊ တစ်ဖက်ကလည်း အထက်မှာရေးပြခဲ့သလို ပင်စင်စားတွေကို အလုပ်ရစေဖို့ ကင်မရာတစ်လုံးနဲ့ လမ်းဆုံလမ်းခွတွေမှာ စည်းကမ်းပျက် မော်တော်ကားတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်လိုက်ရင် ယာဉ်စည်းကမ်းပျက်တာတွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။

(၂) နိုင်ငံသားတွေရဲ့ စားဝတ်နေရေး ကျပ်တည်းမှု
ဒီကနေ့ စာရေးသူတို့နိုင်ငံမှာ ဆင်းရဲချမ်းသာ ကွာဟမှု များလာတာကြောင့် မြန်မာနိုင်ငံသား ရာခိုင်နှုန်းတော်တော်များများက နေ့စဉ်နဲ့အမျှ ၀မ်းရေးပြဿနာတွေကို အလျဉ်မီအောင် မနည်းဖြေရှင်း နေကြရတာ ကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ချမ်းသာတဲ့ လူနည်းစုက တစ်နေ့ မိမိမှာ ရရှိပိုင်ဆိုင်ထားတဲ့ ငွေကြေးဓန ဥစ္စာတွေနဲ့ စားသောက်ပျော်ပါးပြီး ကာမဂုဏ်စည်းစိမ်တွေ ခံစားနေကြချိန်မှာ ထမင်းရည်သောက်နေရသူတွေ သောက်နေရ၊ တစ်ရက်ကို ထမင်းတစ်နပ်သာ စားနေရသူတွေ စားနေရနဲ့ နောက်ဆုံးမှာ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုသလို မလုပ်သင့် မလုပ်အပ်တာတွေ လုပ်လာကြတယ်။
အင်တာနက် စာမျက်နှာပေါ်ကနေ တယ်လီဖုန်းနံပါတ်နဲ့ ဈေးခေါ်နေတာတွေလည်း တွေ့ရတယ်။ ဒီလောက်တောင် ဖြစ်နေပါရောလားလို့ စိတ်မကောင်းဖြစ်မိတယ်။ တောင်ဥက္ကလာ ဝေဇယန္တာလမ်းမကြီးပေါ်မှာ အသက်ငယ်ငယ် မိန်းကလေးတစ်စု နံနက်လမ်းလျှောက်နေတဲ့ အသက်(၈၀)အရွယ် အဘိုးအိုကို “အဘရယ်၊ သမီးတို့ ဈေးဦးမပေါက်သေးလို့ပါ” လို့တောင် ဈေးခေါ်တယ်တဲ့ဗျာ။
ရေးဖို့မသင့်လျော်တဲ့ မကြားဝံ့မနာသာတွေ ရှိသေးတယ်။ ဒါတွေကို နိုင်ငံအုပ်ချုပ်သူတွေက ဘယ်လိုလုပ်ပေးကြမှာလဲ။ မဆိုင်မဆိုင် ငါတို့နဲ့မဆိုင်ဆိုပြီး ဒီအတိုင်း ကြည့်နေကြမှာလား။ နိုင်ငံအုပ်ချုပ်သူ အစိုးရက နိုင်ငံသားတွေရဲ့ အကျိုးကို ရှေ့တန်းတင်ကြည့်ရှုပေးဖို့ တာဝန်ရှိတယ်လေ။ အစိုးရက နိုင်ငံသားတွေရဲ့ မိဘပဲလေ။ မိုဘိုင်းဖုန်းတွေ မပေါ်ခင်က မော်တော်ကားမှတ်တိုင်တွေမှာ ကျက်စားနေရာက အခုဆိုရင် အင်တာနက်မှာ ချိတ်ဆက်အလုပ်ဖြစ်နေကြပြီလေ။

(၃) အသိပညာ ကျပ်တည်းမှု
နိုင်ငံတစ်နိုင်ငံ တိုးတက်စေမှုမှာ အခရာက အသိပညာ ကြွယ်ဝမှုပဲဖြစ်တယ်။ ပညာမတတ်ရင် ခိုင်းတာလုပ်တတ်တယ်။ ဆင်းရဲရင် ခိုင်းတာလုပ်တတ်တယ်။ ကြောက်အောင်လုပ်ရင် ခိုင်းတာလုပ်တတ်တယ်ဆိုတဲ့ မကောင်းတဲ့ လုပ်ဆောင်မှုတွေကနေ နိုင်ငံမှာ ဘွဲ့ရပညာမတတ်သူတွေ များလာတော့ အသိပညာ ကျပ်တည်းလာတယ်။ စာရေးသူရဲ့ စီးပွားရေးပညာသင်တန်းမှာ သင်တန်းသားတွေကို အမြဲမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုက ဈေးရောင်းမယ်ဆိုရင် ၀ယ်သူ ပညာမတတ်ရင် ရောင်းရတာလွယ်သလား၊ ပညာတတ်ရင် ရောင်းရတာလွယ်သလား ဖြစ်ပါတယ်။ ဒါကို သေချာနားမလည်တော့ ပညာတတ်သူတွေကို ရောင်းရတာ လွယ်ပါတယ်လို့ ဖြေကြတယ်။ စာရေးသူက အဲဒီစာတတ်သူကို ရောင်းရတာလွယ်တယ်ဆိုတာ မှားတဲ့အကြောင်း၊ ပညာတတ်သူက ပစ္စည်းတစ်ခုခု ၀ယ်တော့မယ်ဆိုရင် ဘက်ပေါင်းစုံစဉ်းစားပြီးမှ ၀ယ်ယူလေ့ရှိတဲ့အကြောင်း၊ ပညာမတတ်သူကတော့ သူ့အိတ်ထဲမှာ ငွေကြေးရှိရင် ဘာကိုမျှမစဉ်းစားဘဲ ၀ယ်ယူတတ်တဲ့အကြောင်း၊ နိုင်ငံမှာလည်း ပညာမတတ်သူများရင် အုပ်ချုပ်သူတွေ အုပ်ချုပ်ရတာ လွယ်ကူကြောင်း၊ ပညာတတ်သူများရင် မလွယ်ကြောင်း ရှင်းပြလိုက်တော့ သဘောပေါက်သွားကြတယ်။
ဒါကြောင့် စာရေးသူအနေနဲ့ နိုင်ငံအုပ်ချုပ်သူတွေက ဒီအကျပ်အတည်းတွေကို စိတ်ရင်းစေတနာ မှန်ကန်စွာနဲ့ ဖြေရှင်းလုပ်ဆောင်ပေးကြပါလို့ မေတ္တာရပ်ခံလိုကြောင်း။

Credit - Eleven Media Group

No comments:

Post a Comment