Monday, October 20, 2014

မကွေးဆေးကျောင်းသားများ မကြာခဏ တိုက်ခိုက်ခံနေရ၍ လုံခြုံရေးပေးရန် အာဏာပိုင်များထံတောင်းဆို

မကွေးဆေးတက္ကသိုလ် ကျောင်းသားများအား အုပ်စုဖွဲ့ တိုက်ခိုက်မှု မကြာခဏဖြစ်ပေါ် နေခြင်းကြောင့် ကျောင်းသားများ၏ လုံခြုံရေးကို အာမခံချက် အပြည့်အဝပေးရန် ဆေးတက္ကသိုလ်ကျောင်းသားများက တက္ကသိုလ်နှင့် အစိုးရအာဏာပိုင်များထံ တောင်းဆိုလိုက်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်ညက မကွေးမြို့     လူ စည်ကားရာ လမ်းမပေါ်၌ ဆေးတက္ကသိုလ်ကျောင်းသားနှစ်ဦး ထပ်မံ တိုက်ခိုက်ခံရပြီးနောက် ကျောင်းသားများက ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
‘‘Final Part 1 က တစ် ယောက် ဓားနဲ့ခုတ်ခံရတယ်။ နောက်တစ်ယောက် ရိုက်ခံရ တယ်။
တစ်ယောက်က ဆေးရုံမှာ၊ တစ်ယောက်က ဆင်းသွားပြီလို့ သိရတယ်။ ဒါမျိုးက အခုမှ ပထမဆုံးဖြစ်တာမဟုတ်ဘူး။ ခဏခဏ ဖြစ်နေတော့ လုံခြုံရေးအတွက် စိုးရိမ်ရတယ်’’ဟု မကွေးဆေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုသီဟအေးမင်းက ပြောသည်။
ဆေးကျောင်းသားများ မကြာခဏ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်သည့် အချက်အလက်များ ကိုစုစည်း၍ မကွေးဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ထံ အသိပေး အကြောင်းကြားသွားမည်ဖြစ်ပြီး ကျောင်းသားများ၏ လုံခြုံရေး အကာအကွယ်များတိုးမြှင့်ပေးရန်  တောင်းဆိုသွားမည်ဖြစ်ကြောင်း ကိုသီဟအေးမင်းက ပြောသည်။
‘‘အရင်လိုစာတင်ပြီး တိုင်မှာတော့ မဟုတ်ဘူး။ နယ်လုံဝန်ကြီးရော ကျောင်းက ပါချုပ်တို့ကိုရော လူချင်းတိုက်ရိုက်တွေ့ပြီး တောင်းဆိုမယ်။ မထူးခြားရင် ကျောင်းသားတွေစုပြီး ဆန္ဒပြ တောင်းဆိုမယ်။ ဒါမှ အန္တရာယ် မကင်းဘူးဆိုရင် ကျောင်းသားတွေ ကျောင်းမတက်ဘဲ ကိုယ့်အိမ်ကိုယ်ပြန်ကြဖို့ပဲ ရှိတော့တယ်’’ ဟု မကွေးဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သတင်းပြန်ကြားရေးတာဝန်ခံ ကိုမင်းမင်းဦးက ပြောသည်။
ဆေးတက္ကသိုလ် ကျောင်းသားများကို လုံခြုံရေးပေးရန် အာဏာပိုင်များထံ ကျောင်းသားများတောင်းဆိုခြင်းမှာ ယခု အကြိမ်သည် ဒုတိယအကြိမ် ဖြစ်သည်။
ဆေးကျောင်းသားများ တိုက်ခိုက်ခံရမှု ဆယ်မှုကျော် ဖြစ်လာခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သည့် လအတွင်း  မကွေးဆေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၏ ဆန္ဒပြုလက်မှတ်များ ကောက်ယူကာ သမ္မတရုံးသို့လိပ်မူ၍ ကျောင်းသားများ၏ လုံခြုံ ရေးအတွက် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
ယင်းကဲ့သို့ တိုင်ကြားပြီးနောက် အာဏာပိုင်များက ရဲနှင့် အရပ်ဘက် လုံခြုံရေးအများအပြား ချထားပေးခဲ့၍  ဆေးကျောင်းသားများ တိုက်ခိုက်ခံရမှု ငြိမ်သက်သွားသော်လည်း လုံခြုံရေးများ ပြန်ရုပ်သွားပြီးနောက် တိုက်ခိုက်ခံရမှုလေးမှုခန့် ဆက်တိုက် ပြန်ဖြစ်လာကြောင်း မကွေးဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
‘‘ကျွန်တော် သတိထားမိသလောက်တော့ အမှုက ၁၀ မှု လောက်ရှိတယ်။ မနှစ်ကစပြီး ဖြစ်တာတွေကစိပ်လာတယ်။ ကျောင်းသားတွေဘက်က ရဲတိုင်တာတွေလည်းရှိသလို စာမေးပွဲပျက်မှာ၊ စာသင်ပျက်မှာကြောက်လို့ မတိုင်တာတွေလည်းရှိတယ်’’ ဟု မကွေးဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုသီဟအေးမင်းက ပြောသည်။
ဆေးကျောင်းသားများတိုက်ခိုက်ခံရမှု သတင်းများထွက်ပေါ်လာပြီးနောက် မကွေးမြို့ အုပ်ချုပ် ရေးအရာရှိများက ကျောင်းသားများအား ည ၁၀ နာရီနောက်ပိုင်း အဆောင်အပြင်မထွက်ရန် လိုက်လံသတိပေးမှုများရှိကြောင်း၊ သို့သော်လည်း တိုက်ခိုက်မှုအချို့မှာ ည ၈ နာရီဝန်းကျင်တွင်ပင် ဖြစ်ပွားခဲ့သည့် အဖြစ်မျိုးရှိကြောင်း မကွေး ဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းထုတ် ပြန်ခဲ့သည်။
‘‘ကျောင်းသားတွေ ပြဿနာ ဖြစ်တာတော့ ခဏခဏ ကြားရတယ်။ တစ်ခါတလေလည်း ကျောင်းသားချင်းစကားများပြီး ဖြစ်တာ။ တစ်ခါတလေကျတော့လည်း ကျောင်းသားနဲ့ အရပ်သား ဒေသခံတွေဖြစ်ကြတာ။ ကျောင်းသား အဆောင်ဆိုတာကလည်း ကျောင်းထဲမှာမဟုတ်ဘဲ အရပ်ထဲ နေကြတာဆိုတော့ ပြဿနာတွေ ကတော့ ကြားနေရတယ်’’ ဟု မကွေးမြို့ခံတစ်ဦးက ပြောသည်။
ဆေးကျောင်းသားများ တိုက်ခိုက်ခံရမှုများတွင် ဆိုင်ကယ် မောင်းလာစဉ် တား၍ရိုက်ခြင်း၊ အနောက်မှရိုက်ခြင်း၊ ဂစ်တာတီးနေစဉ် ဖုန်းဆက်ခေါ်ကာ အကြောင်းမဲ့ ဝိုင်းရိုက်ခြင်း၊ အချို့ အမှုများတွင် လူကိုပါ ရိုက်နှက်ခြင်း မဟုတ်ဘဲ ဟန်းဆက်ကဲ့သို့ ပစ္စည်းများ လုယူသွားခြင်း၊ ဆိုင်ကယ်များကို ရိုက်နှက်ဖျက်ဆီး ခြင်းများ ပြုလုပ်ခဲ့ကြောင်း မကွေး ဆေးတက္ကသိုလ်  ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ သည်။
‘‘ဒီအမှုတွေဟာ သာမန်ရန် ငြိုးရှိလို့ ရန်ဖြစ်တာမဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိ ဆယ်ယောက်ကျော်အုပ်စုဖွဲ့ကာ ဝိုင်းဝန်းရိုက် နှက်တာဖြစ်ပါတယ်။ ရိုက်နှက်တဲ့အခါ ပြန်လည်ခုခံသူကို ဓားများ၊ ပုလင်းကွဲများဖြင့် သေစေနိုင်သောနေရာများအား ထိုးခဲ့သော်လည်း အထိုးခံရသူများမှာ ကံကောင်းထောက်မစွာ အသက်မသေဘဲ အတွင်းလူနာ ဖြစ်ခဲ့ကြရပါတယ်’’ဟု မကွေးဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ခဲ့သည်။
‘‘မနှစ်က ၂၀၁၃ အစောပိုင်း လောက်ကစပြီး အကြောင်းမဲ့ရိုက်နှက်ခြင်းဖြစ်လာတယ်။ ည ၁၀ နာရီလောက်မှာ ဆိုင်ကယ်စီးလာ တဲ့ ကျောင်းသားကို တစ်ခါမှလည်းမသိတဲ့သူက ရိုက်ခဲ့ဖူးတယ်။ ပစ္စည်းလိုချင်လို့ မဟုတ်ဘူး။ လူ ကိုလည်းရိုက်သွားတယ်။ ဆိုင် ကယ်ကိုလည်းဖျက်သွားတယ်’’ ဟု မကွေးဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ သတင်းပြန်ကြားရေးတာဝန်ခံ ကိုမင်းမင်းဦးက ပြောသည်။
ကျောင်းသားများ၏ လုံခြုံ ရေးအတွက် ကင်းပုန်းဝပ်ခြင်း၊ မသင်္ကာသူများအား စစ်ဆေးခြင်း များ ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ကျအရာရှိက ပြော ကြားသည်။
အောက်တိုဘာ ၁၅ ရက် ညတွင် မကွေးမြို့၏ လူစည်ကားရာ ပြည်တော်သာလမ်းပေါ်တွင် ဆေးတက္ကသိုလ်ကျောင်းသားနှစ်ဦး တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အဝေးသင်တက္ကသိုလ်ကျောင်းသား လေးဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း မကွေးမြို့ အမှတ်(၁)ရဲစခန်းမှ သတင်းရရှိသည်။
Credit - 7DAY DAILY

No comments:

Post a Comment