ယခင်စစ်အစိုးရလက်ထက် ၁၉၉၅ ခုနှစ်တွင် မြန်မာ့ရှေးဟောင်း
မြို့တစ်ခုဖြစ်သည့် ပုဂံမြို့ဟောင်းအား ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့်
ယဉ်ကျေးမှုအဖွဲ့ (UNESCO) အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ (World
Heritage List) အဖြစ် သတ်မှတ်ခံရရေး တင်ပြရာတွင် ပယ်ချခံခဲ့ရပြီးနောက် ၂ဝ၁၄
ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကမ္ဘာ့အမွေအနှစ်
စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ခံရရန် စတင်လုပ်ကိုင်နေပြီးနောက် ပုဂံဒေသတွင်
ယခင်ဆောက်လုပ်ခွင့်ပြုထားသည့် ဟိုတယ်လုပ်ငန်းရှင်များနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒေသခံတို့အကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေပြီး
ပုဂံမြို့ဟောင်းအား ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် သတ်မှတ်ရေး လုပ်ဆောင်ရန်
စိန်ခေါ်မှုများစွာဖြင့် ကြုံတွေ့နေရပြီဖြစ်သည်။
ယခင်ပယ်ချခံရမှု ပကတိအခြေအနေ
မြန်မာပြည်အလယ်ပိုင်း ညောင်ဦးမြို့နယ်အတွင်း တည်ရှိသည့်
ပုဂံရှေးဟောင်းမြို့အား အေဒီကိုးရာစုအတွင်း စတင်တည်ထောင်ခဲ့ပြီး
ပုဂံမင်းဆက် ၅၅ ဆက်ခန့် အုပ်ချုပ်စိုးစံခဲ့သည်။ ပုဂံမြို့၏ အကျယ်အဝန်းမှာ
၁၆ စတုရန်းမိုင်ရှိပြီး လက်ရှိကာလတွင် ဘုရား၊ ပုထိုး၊ စေတီ၊
အုတ်ကျောင်းပေါင်း ၃ဝဝဝ ကျော်ရှိကြောင်း သိရသည်။ ၁၉၉၁ ခုနှစ်
စစ်အစိုးရလက်ထက်တွင် ပုဂံမြို့ဟောင်းအတွင်း နေထိုင်သည့် လူနေအိမ်ခြေများ
ဖယ်ရှားခဲ့ပြီး ပုဂံမြို့သစ် တည်ထောင်ခဲ့သည်။ စစ်အစိုးရလက်ထက်က ပုဂံဒေသအား
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် ကြိုးပမ်းမှုအား ပယ်ချရာတွင်
ပုဂံရှေးဟောင်း ဘုရားများအား ထီးတော်များကပ်လှူခဲ့ခြင်း၊ ပြန်လည်ပြုပြင်
ထိန်းသိမ်းမှုများ ပြုလုပ်ရာတွင် ရှေးမှုမပျက် ပြုပြင်မွမ်းမံမှု
မပြုလုပ်နိုင်ဘဲ ယူနက်စကို၏ စံသတ်မှတ်ချက်များဖြင့် ကိုက်ညီမှုမရှိသည့်
လက်ရှိခေတ်သုံး ဘိလပ်မြေ၊ အုတ်များဖြင့် အစားထိုးပြင်ဆင်ခဲ့ခြင်း၊
ရှေးဟောင်းစေတီများအကြားတွင် စစ်အစိုးရနှင့်နီးစပ်သည့် လုပ်ငန်းရှင်များအား
မြေဧကများစွာအပေါ်တွင် ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင်ကြီးများ
တည်ဆောက်ခွင့်ပြုခဲ့ခြင်း၊ ရှေးခေတ်အဆင့်အတန်းမြင့်သည့်
မြန်မာ့ဗိသုကာပညာနှင့် တည်ဆောက်ခဲ့သဖြင့် သဘာဝအလင်းရောင်ရှိသော
ဘုရားစေတီများအား လျှပ်စစ်မီးများ တပ်ဆင်ခဲ့ခြင်း၊ ပုဂံဂေါက်ကွင်းအား
တည်ဆောက်ခဲ့ခြင်း၊ မြို့ဟောင်းအား ဖြတ်ဖောက်ထားသည့် အနော်ရထာ
နှစ်လမ်းသွားလမ်းမကြီး တည်ဆောက်ခဲ့ခြင်းနှင့် ပုဂံရှေးဟောင်းဒေသ
ထိန်းသိမ်းရန် စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့ခြင်းများကြောင့် ကမ္ဘာ့အမွေအနှစ်
ဒေသအဖြစ် အသိအမှတ်ပြုခံရရေး ကြိုးပမ်းမှုတွင် ပယ်ချခံခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။
ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်လာရေး လုပ်ဆောင်ရမည့် အချက်များ
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် UNESCO မှ အသိအမှတ်ပြုရန်
မြန်မာနိုင်ငံ၏ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ စသည့်ပျူ မြို့ဟောင်းများကို
တွဲဆက် (Serial Nomination) တင်သွင်းခဲ့ကြောင်း သိရသည်။ အဆိုပါ
ပျူမြို့ဟောင်းများတွင် ကမ္ဘာ့အဆင့်မီ စံတန်ဖိုးများရှိမှု၊ ခိုင်မာမှု
(Integrity)၊ စစ်မှန်မှု (Authenticity)၊ စသည့်စံနှုန်းများ
တည်ရှိနေခြင်းကြောင့် ၂ဝ၁၄ ခုနှစ် ဇွန် ၂၂ ရက်တွင် မြန်မာနိုင်ငံရှိ
ရှေးဟောင်းအမွေအနှစ် ဒေသ ၄၆ ခုအနက် ပထမဆုံးသော ကမ္ဘာ့အမွေအနှစ်စာရင်းဝင်
မြို့ဟောင်းများအဖြစ် အသိအမှတ်ပြု ခံခဲ့ရကြောင်း သိရသည်။
ကမ္ဘာ့နိုင်ငံ အများစုအနေဖြင့် UNESCO အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်
စာရင်းဝင်ဒေသအဖြစ် အသိအမှတ်ပြုခံရရန် သုံးနှစ်မှ ၁ဝ နှစ်အကြား
ကြာမြင့်သော်လည်း ပျူမြို့ဟောင်းများအား ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ်
သတ်မှတ်ခံရရေး ကြိုးပမ်းရာတွင် နှစ်နှစ်ခန့်အတွင်း လုပ်ဆောင်နိုင်ခဲ့သည်။
ထိုသို့အချိန်တိုအတွင်း လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ ပျူမြို့ဟောင်းများသည်
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက တည်ရှိခဲ့သည့် အထောက်အထားများ
ခိုင်မာနေခြင်း၊ ပျူမြို့ဟောင်းများရှိ ဘုရားစေတီများနှင့်
မြို့ပြဖွဲ့စည်းပုံများ၊ ရှေးဟောင်းဘုရားပုထိုး အဆောက်အအုံများမှာ
ရှေးမူမပျက် မူလပကတိ အခြေအနေအတိုင်း စစ်မှန်စွာရှိနေခြင်း၊ ကမ္ဘာလုံးဆိုင်ရာ
စံတန်ဖိုးများနှင့် ကိုက်ညီမှု၊ အရေးပါမှု၊ ရှားပါးတန်ဖိုးကြီးမှု၊
ဆောင်ရွက်သူတို့၏ ပူးပေါင်းဆောင်ရွက်တတ်မှု စသည့်အချက်များကြောင့်
ကမ္ဘာ့အမွေအစ် ဒေသအဖြစ် အသိအမှတ်ပြု ခံခဲ့ရခြင်းဖြစ်သည်။
ပုဂံမြို့ဟောင်းများ၏ အခြေအနေမှာ ပျူမြို့ဟောင်းများ၏ အခြေအနေများနှင့်
များစွာခြားနားနေသဖြင့် UNESCO အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်လာရန်
ခက်ခဲမှုများရှိနေကြောင်း သိရသည်။ ယဉ်ကျေးမှုဝန်ကြီးဌာန အနေနှင့်
မန္တလေးတိုင်းဒေသကြီးရှိ သပိတ်ကျင်းမြို့နယ်မှ တကောင်းမြို့ဟောင်း၊
ပင်လယ်ခေါ် မိုင်းမောပျူမြို့ဟောင်းများ ပုဂံ၊ အင်းဝ၊ ရခိုင်ပြည်နယ်ရှိ
မြောက်ဦး အစရှိသည့် ထင်ရှားသော ရှေးဟောင်းဒေသများကို ကမ္ဘာ့အမွေအနှစ်
စာရင်းဝင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။
ပုဂံယဉ်ကျေးမှု
အမွေအနှစ်အတွက် စတင်ပြင်ဆင်ရာတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်
သတ်မှတ်ရရှိရေးအတွက် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက် Outstanding
Universal Values များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သတ်မှတ်ခြင်း မခံရမီနှင့်
သတ်မှတ်ခံရပြီးချိန်များတွင် စီမံခန့်ခွဲမှုဆိုင်ရာ အပိုင်းများသည်လည်း
စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ပြီး လိုက်နာရန်
ကန့်သတ်ချက်များလည်း ရှိနေကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး
ဒေါက်တာစန္ဒာခင်က စက်တင်ဘာ ၂၂ ရက်က ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။
ပုဂံဒေသအား ယဉ်ကျေးမှုအမွေအနှစ် ဒေသအဖြစ် လုပ်ဆောင်ရာတွင် ဝန်ထမ်းအင်အား၊
ပြည်သူလူထုအင်အား၊ ဒေသခံတို့၏အင်အား၊ ငွေကြေးရန်ပုံငွေ
စွမ်းဆောင်နိုင်မှုများ လိုအပ်သလို အစိုးရ၊ ပြည်သူလူထုနှင့်
လုပ်ငန်းရှင်များ၊ တာဝန်ရှိအဖွဲ့အစည်းများ နားလည်စွာ
ပူးပေါင်းဆောင်ရွက်မှုနှင့် တွန်းအားပေးမှုများ အရေးတကြီး လိုအပ်ကြောင်းနှင့်
ပုဂံဒေသသည် လူနေထိုင်မှုနေရာများနှင့် ရောယှက်နေသဖြင့်
ပိုမိုနက်နဲခက်ခဲစွာ ဖြေရှင်းရမည်ဖြစ်ကြောင်း ဒေါ်စန္ဒာခင်က ပြောကြားထားသည်။
ပုဂံဒေသရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် ၀န်ကြီးဌာနအကြား အငြင်းပွားမှုများ
ပုဂံဒေသအား UNESCO အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် သတ်မှတ်ရေး
စတင်လုပ်ဆောင်ရာတွင် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဌာန
အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ပုဂံရှေးဟောင်းအမွေအနှစ်
ဒေသခွဲမှ ပုဂံဒေသတွင် ဟိုတယ်များ၊ နေအိမ်များ တိုးချဲ့တည်ဆောက်မှုကို
အဓိကထိန်းချုပ် ချုပ်ကိုင်ထားကြောင်း သိရသည်။
ရှေးဟောင်းသုတေသန
အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ၂ဝ၁၃ ခုနှစ် မေ ၁၆ ရက်
ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်န်ကြားချက်အမှတ် ၂/၂ဝ၁၃ အရ ပေ ၄ဝ
မကျော်သော အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို ပုဂံဒေသတွင် ခွင့်ပြုခဲ့သည်။
အဆိုပါ ညွှန်ကြားချက်အရ ပြည်တွင်းလုပ်ငန်းရှင်ကြီးများနှင့် ပုဂံဒေသတွင်
နေထိုင်သည့် လုပ်ငန်းရှင်များက ဟိုတယ်များဆောက်လုပ်ရန် ရှေးဟောင်းသုတေသနဌာန
အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ပုဂံရှေးဟောင်း အမွေအနှစ်
ဒေသခွဲသို့ ဟိုတယ်ဆောက်လုပ်ခွင့် တရားဝင်တင်ပြခဲ့ပြီး
ဟိုတယ်တည်ဆောက်မှုများ၊ တိုးချဲ့ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လုပ်ငန်းရှင်များ တင်ပြမှု အခြေအနေအပေါ် ရှေးဟောင်းသုတေသနဌာန
အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ပုဂံရှေးဟောင်း
အမွေအနှစ်ဒေသခွဲမှ တရားဝင်ခွင့်ပြုခဲ့ပြီး တည်ဆောက်မှုများ
ပြီးစီးလုအချိန်တွင် ဟိုတယ်များ လိုင်စင်ရရှိရန် ရှေးဟောင်းသုတေသနဌာန
အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ပုဂံရှေးဟောင်းအမွေအနှစ်
ဒေသခွဲမှ ထောက်ခံချက်ထုတ်ပေးမည် မဟုတ်ကြောင်းနှင့် ဟိုတယ်အဖြစ်
ဆောက်လုပ်ခွင့်ပြုမည် မဟုတ်ကြောင်း စက်တင်ဘာ ၃ ရက်က နေပြည်တော်သို့
ခေါ်ယူအသိပေးမှုများ ပြုလုပ်ခဲ့သည်။
လက်ရှိအချိန်တွင်
ရှေးဟောင်းသုတေသနဌာန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊
ပုဂံရှေးဟောင်းအမွေအနှစ် ဒေသခွဲနှင့် ဟိုတယ်လုပ်ငန်းရှင်များ
အငြင်းပွားနေပြီး ဆောက်လုပ်ခွင့် ရပ်ဆိုင်းထားခြင်းနှင့် ဟိုတယ်လိုင်စင်
ထုတ်မပေးရန် ကန့်သတ်ထားခဲ့ရသည့် ဟိုတယ်အလုံးပေါင်း ၄၂ လုံးအထိ ရှိနေကြောင်း
သိရသည်။
“လက်ရှိအနေအထားမှာ ပြောရခက်နေပါတယ်။ အရင်တုန်းက ၂/၂ဝ၁၃
ဆိုတဲ့ ညွှန်ကြားချက်နဲ့ ပုဂံ၊ ညောင်ဦး၊ မြင်းကပါ၊ ဝက်ကြီးအင်းမှာ
ဟိုတယ်ဆောက်ခွင့် ပေးမယ်ဆိုလို့ ဆောက်ခဲ့ကြတာပါ။ မြင်းကပါနဲ့ ဝက်ကြီးအင်းက
ဂရန်မရှိပါဘူး။ အဲဒီလိုနေရာတွေမှာ ဟိုတယ်ဆောက်ခွင့်ပေးမယ်ဆိုတဲ့ ၂/၂ဝ၁၃
ဥပဒေ ထွက်လာပါတယ်။ အဲဒီလိုဆိုတော့ ဟိုတယ်ဆောက်ခွင့်တွေကို
ထောက်ခံစာမျိုးစုံနဲ့ တင်ပြခဲ့တာပါ။ အဲဒီလို ဆောက်ပြီးခါကျမှ ၂ဝ၁၄ ခုနှစ်
စက်တင်ဘာ ၃ ရက်မှာ နေပြည်တော်ကိုခေါ်ပြီး ဒါတွေကို ဆက်မဆောက်ပါနဲ့။
ရှေးဟောင်းဇုန်ထဲမှာရောက်နေလို့ ဆက်မဆောက်ပါနဲ့ ပြောပါတယ်။ ဒါပေမဲ့ သူတို့က
လုံးဝကြီးမဆောက်နဲ့လို့ ပြောတာလည်းမဟုတ်ဘူး။ ပြီးတော့
ဟိုတယ်ခရီးဝန်ကြီးနဲ့ မန္တလေးက ဖွံ့ဖြိုးရေးဝန်ကြီးက ဒါတွေကို ပြန်စိစစ်ပြီး
ချထားပေးမယ်ပြောတယ်။ အခုအချိန်မှာတော့ ပြောရခက်နေပါသေးတယ်” ဟု
ဒေသခံဟိုတယ်လုပ်ငန်းရှင်တစ်ဦးက Eleven Media Group သို့ ပြောကြားသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် ၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှု အမွေအနှစ်များ
ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ၂ဝဝ၉ ခုနှစ်တွင်
ပြင်ဆင်သည့် ဥပဒေ၊ ၂ဝ၁၁ ခုနှစ်တွင် နည်းဥပဒေများကို ဆက်တိုက်ထုတ်ပြန်
ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၉၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဥပဒေအရသာ စနစ်တကျ
လုပ်ကိုင်ခွင့်ပြုခဲ့ပါက လက်ရှိပြဿနာများ ဖြစ်ပေါ်ရန် နည်းပါးနေပြီး
တာဝန်ရှိသူအချို့၏ လာဘ်ပေးလာဘ်ယူပြဿနာများကြောင့် ပုဂံဒေသအတွက်
သတ်မှတ်ထားသည့် ဟိုတယ်ဇုန်များတွင် ဟိုတယ်များ တည်ဆောက်မှုနည်းပါးနေပြီး
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်များတွင်သာ ဟိုတယ်များ
တိုးချဲ့တည်ဆောက်ရန် ပြုလုပ်နေကြောင်း ဒေသခံလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက
ကန့်သတ်ချက်အမျိုးအမည် ပါဝင်မှုမရှိဘဲ အဆောက်အအုံများ
ဆောက်လုပ်ခွင့်ပြုခဲ့သဖြင့် ဒေသခံလုပ်ငန်းရှင်များက နေအိမ်များဖျက်၍
ဟိုတယ်များတည်ဆောက်ခဲ့ကာ လက်ရှိအချိန်တွင် ဆက်လက်ဆောက်လုပ်ခွင့် မပြုသဖြင့်
ဒေသခံလုပ်ငန်းရှင်များမှာ နစ်နာမှုများ ကြုံတွေ့နေရကြောင်း သိရသည်။
ဒေသခံများ နစ်နာနေသည် ဆိုသော်လည်း ပုဂံဒေသတွင် လုပ်ငန်းရှင်ကြီးအချို့က
ဆောက်လုပ်နေသည့် ဟိုတယ်စီမံကိန်းအချို့မှာ အနှစ် ၂ဝ ခန့် ကြာမြင့်နေသည့်
စီမံကိန်းများပင် ရှိနေသည်။ အဆိုပါစီမံကိန်းများအနက် အချို့မှာ ၁၁ ရာစု
အစောပိုင်းက ခြေတော်ရာနှစ်ဆူနှင့် ဆူးတွင်းပစ်ကျောင်းတိုက်အား ကွယ်ထားသည့်
ဝက်ကြီးအင်းဒေသရှိ ဟိုတယ်၊ ရှေးဟောင်းဘုရားအဆူ ၂ဝ ခန့်အား အများပြည်သူ
ဖူးမြော်နိုင်မှုမရှိအောင် ပိတ်ဆို့ထားပြီး ၁၉ နှစ်ခန့်ကြာအောင်
ဆောက်လုပ်နေသည့် ဧဒင်ဟိုတယ်တို့ ပါဝင်နေကြောင်း ပုဂံချစ်သူများ အသင်းဥက္ကဋ္ဌ
ဦးမင်းနိုင်အောင်က ပြောကြားသည်။
“ကျွန်တော်တို့ ပုဂံဒေသမှာ
ရှေးဟောင်းပစ္စည်းတွေ တွေ့လွန်းလို့ ရှေးဟောင်းဘုရားတွေနဲ့ ပေ ၉ဝ အတွင်းမှာ
ပုတတ်ကျင်းတောင် တူးခွင့်မပြုဘူး။ အခုဆောက်နေတဲ့ ဟိုတယ်တွေက ပေ ၉ဝ
မပြောနဲ့ ပေ ၂ဝ တောင်မကွာဘူး။ တချို့ဟိုတယ်တွေဆို ငါးပေလောက် အကွာမှာကိုပဲ
ဟိုတယ်တွေဆောက်နေကြတယ်။ တချို့ဟိုတယ်တွေဆို အနှစ် ၂ဝ လောက်လည်း
စီမံကိန်းမပြီးဘူး။ သစ်ပင်စိုက်တယ်ဆိုပြီး မြေကျင်းပဲ တူးနေကြတယ်။ အဲဒီလို
ဟိုတယ်တွေက ရှေးဟောင်းပစ္စည်းတွေ မတွေ့နိုင်ဘူးလား။ သူတို့က ဒီလိုတွေ့ရင်
တကယ်ရော ယဉ်ကျေးမှုဝန်ကြီးဌာနကို အပ်နေရဲ့လား။ ဒီလိုတူးနေတာတွေကို
ဌာနဆိုင်ရာတွေကို တိုင်ကြားပေမယ့်လည်း တုံ့ပြန်မှုမရှိပါဘူး” ဟု
ဦးမင်းနိုင်အောင်ကဆိုသည်။ ဦးချစ်ခိုင်ပိုင် ဧဒင်ဟိုတယ်အား ယခုကဲ့သို့
ကာလရှည်ကြာစွာ တည်ဆောက်နေရခြင်းမှာ မြေစာရင်းတွင် အမည်ပေါက်ထားသူများနှင့်
လက်ငုတ်များအကြား မြေယာပြဿနာအား ရှင်းလင်းနေရခြင်း၊
ဟိုတယ်တည်ဆောက်ခွင့်ရရှိရန် အဆင့်ဆင့် တင်ပြရသည့်ကာလ ကြာမြင့်နေခြင်း၊
ရှေးဟောင်းနယ်နိမိတ်ဇုန်အတွင်း ပါဝင်နေသည့်အတွက် ရှေးဟောင်းလက်ရာများနှင့်
အငွေ့အသက်များ မပျောက်ပျက်ရန် ထန်းပင် ၈ဝဝ ခန့် ရွှေ့ပြောင်းတည်ဆောက်ရန်
ဒီဇိုင်းရေးဆွဲ၍ ဟိုတယ်တည်ဆောက်နေခြင်း၊ လက်ရှိအဆင့်မှာ
ရှေးဟောင်းပစ္စည်းများ ထုတ်ယူရောင်းစားသည့် အဆင့်မဟုတ်ဘဲ နာမည်နှင့်
ဂုဏ်သတင်းထိခိုက်မည့် လုပ်ရပ်များအား လုပ်ဆောင်မည်မဟုတ်ကြောင်းနှင့်
ဟိုတယ်စီမံကိန်းအတွင်း အလုပ်သမားများစွာ ရှိနေသည့်အတွက် ထိုသို့
ရှေးဟောင်းပစ္စည်းများ တရားမဝင် ထုတ်ယူနေပါက လူအများကြား သိရမည်ဖြစ်ကြောင်း
ဟိုတယ်စီမံကိန်း တူးဖော်စက ရှေးဟောင်းဆွဲကြိုးတစ်ကုံး တွေ့ရှိဖူးပြီး
ရှေးဟောင်းသို့အပ်နှံရာ ကျပ်သိန်း ၃ဝဝ ခန့် ဆုကြေးရရှိဖူးပြီး
ရှေးဟောင်းသို့ပင် ပြန်လည်ပေးလှူခဲ့သည်ဟု ဦးချစ်ခိုင်က အောက်တိုဘာ ၅
ရက်တွင် ပြောကြားသည်။
“ဟိုတယ်စီမံကိန်းတွေနဲ့ ပတ်သက်လို့
တရားဝင်ခွင့်ပြုချက် မရတာတွေကိုတော့ တားသင့်ပါတယ်။ ကျွန်တော့်အနေနဲ့
ဒီဟိုတယ်စီမံကိန်းကို ကျွန်တော့်အရင် လုပ်ခွင့်ရတဲ့ နိုင်ငံခြားကုမ္ပဏီ
မလုပ်နိုင်လို့ လုပ်ခွင့်ရတာပါ။ ရှေးဟောင်းဘုရားတွေကို
ပူဇော်ခွင့်မပြုဘူးဆိုတာ မဟုတ်ပါဘူး။ ပူဇော်ခွင့်ပြုထားပါတယ်။
ဒီရှေးဟောင်းဘုရားတွေကိုလည်း ရှေးမူမပျက် ကျွန်တော်တို့ပဲ
ပြန်လည်ပြုပြင်ပါ့မယ်” ဟု ဦးချစ်ခိုင်က ဆိုသည်။
အဆိုပါ
ဟိုတယ်အကြောင်းအရာများနှင့် ပတ်သက်၍ ယဉ်ကျေးမှုဝန်ကြီးဌာန
ရှေးဟောင်းသုတေသနဌာန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊
ပုဂံရှေးဟောင်း အမွေအနှစ်ဒေသခွဲသို့ စက်တင်ဘာ ၂၆ ရက်တွင် Eleven Media
Group မှ သွားရောက်ဆက်သွယ်မေးမြန်းရာ လက်ထောက်ညွှန်ကြားရေးမှူးက
“သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့ပေးမယ်။ အဲဒီအချိန်ကျမှဖြေပါလို့ ပြောထားပါတယ်။
အခုတော့ မဖြေနိုင်သေးပါဘူး။ ဟိုတယ်ကိစ္စတွေဆိုရင် ပိုဆိုးပါတယ်” ဟု
တုံ့ပြန်ဖြေကြားသည်။
ထို့ပြင် ယဉ်ကျေးမှုဝန်ကြီးဌာန
ရှေးဟောင်းသုတေသနဌာန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊
နေပြည်တော်မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်အား မေးခွန်းပေးပို့ခြင်း၊
ဖုန်းဖြင့်ဆက်သွယ်ခြင်းများဖြင့် တရားဝင်ဆက်သွယ် မေးမြန်းသော်လည်း
အောက်တိုဘာ ၁၉ ရက်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။
ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဌာန အမျိုးသားပြတိုက်နှင့်
စာကြည့်တိုက်ဦးစီးဌာန၊ ပုဂံရှေးဟောင်း အမွေအနှစ် ဒေသခွဲမှ ထုတ်ပြန်ခဲ့သည့်
အမိန့်ညွှန်ကြားချက်ကြောင့် နစ်နာခဲ့ရသည့် ဒေသခံလုပ်ငန်းရှင်များ အနေနှင့်
နစ်နာမှုများအတွက် ပြန်လည်ကုစားမှုများ ရထိုက်ကြောင်းနှင့် အစိုးရအနေနှင့်
တာဝန်ယူဖြေရှင်းပေးရန် လိုအပ်ကြောင်း Purple Equity Law Firm မှ
အတိုင်ပင်ခံ ဥပဒေပညာရှင် ဦးဖိုးဖြူက သုံးသပ်ပြောကြားသည်။
“ဥပဒေနဲ့မညီတဲ့ မှားယွင်းစီမံခန့်ခွဲမှုတွေက နိုင်ငံတိုင်းမှာ ရှိတတ်ပါတယ်။
အစိုးရတစ်ရပ်ရဲ့ အမိန့်ညွှန်ကြားချက် တစ်စုံတစ်ရာက မြေပြင်ပကတိ အခြေအနေနဲ့
ကွဲလွဲနေမယ်။ အများပြည်သူ အကျိုးစီးပွား ထိခိုက်နေမယ်ဆိုရင် ပြန်လည်ပြင်ဆင်
ပယ်ဖျက်တာတွေ လုပ်ရပါတယ်။ မှားတာပြင်တာကိုပဲ ဝမ်းသာရမှာပါ။
မှားယွင်းမှုအပေါ်မှာ အကောင်အထည်ဖော်လို့ နစ်နာခဲ့ရသူတွေအတွက်တော့
ပြန်လည်ကုစားမှုတွေ၊ မြေပြန်လည်ရရှိမှုတွေ အစိုးရက လုပ်ပေးသင့်ပါတယ်” ဟု
ဦးဖိုးဖြူ က သုံးသပ်သည်။
ဟိုတယ်များအပေါ် ဒေသခံများနှင့် ပညာရှင်များအမြင်
ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဌာန အမျိုးသားပြတိုက်နှင့်
စာကြည့်တိုက်ဦးစီးဌာန၊ ပုဂံရှေးဟောင်းအမွေအနှစ် ဒေသခွဲမှ
ရှေးဟောင်းအဆောက်အအုံများ ပြွတ်သိပ်နေသည့်နေရာ၊ ပြွတ်သိပ်မနေသော်လည်း
အရေးကြီးသည့် ရှေးဟောင်းအဆောက်အအုံများရှိရာ နေရာများကို MZ (Monument
Zone) ကျောက်တိုင်များစိုက်၍ သတ်မှတ်ပေးထားကြောင်း သိရသည်။ MZ
သတ်မှတ်ထားသော နေရာများမှာ ရှေးဟောင်းဘုရားပုထိုး စေတီများ များပြားစွာ
အစုလိုက်ရှိသော နေရာများဖြစ်သဖြင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ၊
ဟိုတယ်များ၊ စက်ရုံများ၊ မြင့်မားသော အဆောက်အအုံများ
ဆောက်လုပ်ခွင့်မရှိကြောင်း သိရသည်။ MZ ဇုန်များအတွင်း ကျရောက်သော
ရွာများအတွင်းရှိ လူနေအိမ်များ၊ ဘုန်းကြီးကျောင်းများမှာ အမြင့်ပေ ၃ဝ ထက်
မမြင့်ရန်နှင့် နှစ်ထပ်ထက်ပို၍ မဆောက်လုပ်ရန် ကန့်သတ်ထားကြောင်း သိရသည်။
MZ (Monument Zone) များမှာ ပုဂံမြို့တောင်ဘက် စေတနာကြီးဘုရားနှင့်
အနီးတစ်ဝိုက်ရှိ ရှေးဟောင်းဘုရား ပုထိုးစေတီများ၊ ပုဂံမြို့သစ်
အနောက်ဘက်နှင့် မြောက်ဘက်ရှိ ရှေးဟောင်းဘုရား ပုထိုးစေတီများ၊
ပုဂံမြို့ဟောင်းနှင့် တောင်ဘီရွာအရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်တစ်ဝိုက်ရှိ
ဘုရားစုများ၊ ညောင်ဦးမြို့နယ်အရှေ့ဘက် ကျောက်ဂူဥမင် အပါအဝင်
ချောက်ဘုရားလှတစ်ဝိုက်ရှိ ရှေးဟောင်းဘုရားပုထိုးစေတီများကို ဝိုက်၍ဝိုက်၍
ကျောက်တိုင်များ စိုက်ထူထားသည်။ ရှေးဟောင်းဘုရား စေတီများအကြားတွင်
ဟိုတယ်များ၊ လူနေအိမ်များ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ
လာရောက်မဆောက်နိုင်ရန် ဟိုတယ်ဇုန်များ သီးခြားသတ်မှတ်ထားသည်။
ဟိုတယ်ဇုန် (၁) အား မင်္ဂလာစေတီဘုရား၏ အနောက်ဘက် ဧရာဝတီမြစ်ကမ်းဘေး (၃ဝ ဒသမ
၃) ဧကရှိ မြေနေရာ၊ ဟိုတယ်ဇုန် (၂)အား ပုဂံမြို့သစ်အနောက်တောင်
သာယာဝတေ့ဘုရား၏တောင်ဘက် ဧရာဝတီမြစ်ကမ်းဘေး ၄၅ ဧကရှိ မြေနေရာ၊ ဟိုတယ်ဇုန်
(၃) အား ညောင်ဦးမြို့အရှေ့ဘက် ကျောက်ဂူဥမင်၏ အနောက်ဘက် ဧရာဝတီမြစ်ကမ်းဘေး
၆ဝ ဧကရှိ မြေနေရာနှင့် ဟိုတယ်ဇုန် (၄) ကို ပုဂံမြို့သစ်တောင်ဘက် PZ
(Protection Zone) ၏ အပြင်ဘက် တောင်ဘက်နယ်နိမိတ်ဖြစ်သော နလဲတောချောင်း၏
တောင်ဘက်ရှိ ပုဂံ-ချောက် ကတ္တရာလမ်းဘေးတွင် သတ်မှတ်ပေးထားကြောင်း သိရသည်။
ဟိုတယ်ဇုန် (၄) မှာ ပုဂံဒေသနှင့် ဝေးကွာသည်ဟု အကြောင်းပြ၍
ဟိုတယ်များဆောက်လုပ်မှု နည်းပါးနေပြီး Serenity Hotel နှင့် Union Hotel
နှစ်ခုသာ တည်ဆောက်ထားသည်။ ဟိုတယ်ဇုန် (၄) မှာ လုပ်ငန်းရှင်များ
အကြောင်းပြသကဲ့သို့ အမှန်တကယ် ဝေးကွာမှုမရှိဘဲ ပုဂံမြို့ဟောင်းအတွင်းရှိ
ကန်တော့ပလ္လင်ဘုရားရှေ့ ‘သုည’ မိုင်မှစ၍ တိုင်းလျှင် ဇုန် (၄) အထိ
ငါးမိုင်နှစ်ဖာလုံသာ ဝေးကွာကြောင်း သိရသည်။
“ဇုန် (၄) ကို
ဝေးတယ်ဆိုပြီး လုပ်ငန်းရှင်တွေက မဆောက်ချင်ဖြစ်နေတယ်။ မြစ်ကမ်းနံဘေးမှာပဲ
ဆောက်ချင်နေကြတယ်။ ဇုန် (၄) က ဘုရားနဲ့လည်း လွတ်ပါတယ်။
ရှေးဟောင်းနယ်မြေထဲမှာ ဟိုတယ်တွေဆောက်နေတာကတော့ ကျွန်တော်တာဝန်ထမ်းစဉ်က
ခွင့်မပြုခဲ့ဘူး။ ဝက်ကြီးအင်းထဲမှာရှိတဲ့ နဂါးကျစ် ဘိုးဘွားရိပ်သာရှေ့က
ဟိုတယ်ဆို ကျွန်တော့်တုန်းက ခွင့်မပြုခဲ့ဘူး။ သူ့နောက်ဘက်မှာ
ရှေးဟောင်းအဆောက်အအုံတွေ ရှိနေတယ်။ ဒါမျိုးတွေက ခွင့်မပြုသင့်ဘူး” ဟု
ပုဂံဒေသတွင် တာဝန်ထမ်းဆောင်ခဲ့ဘူးသည့် ရှေးဟောင်းသုတေသန
ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ပြည်သူ့လွှတ်တော် ယဉ်ကျေးမှုကော်မတီ
အတွင်းရေးမှူး ဦးအောင်ကြိုင်က သုံးသပ်သည်။
ဒေသခံများအနေနှင့်
ရှေးဟောင်းအမွေအနှစ်ဇုန်အတွင်း ဟိုတယ်များ တိုးချဲ့ဆောက်လုပ်နေမှုကို
နှစ်သက်မှုမရှိကြောင်းနှင့် ကန့်ကွက်မှုများ ပြုလုပ်နေပြီး ၂ဝ၁၂
ခုနှစ်အတွင်းကလည်း ဟိုတယ်နှင့် စားသောက်ဆိုင်များ တိုးချဲ့ဆောက်လုပ်မှုအတွက်
ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင်လည်း
ဒေသခံများက ဟိုတယ်များတိုးချဲ့ဆောက်လုပ်မှုကို ကန့်ကွက်မှုများ
ပြုလုပ်နေဆဲဖြစ်ကြောင်း ပုဂံညောင်ဦးမြို့ရှိ လက်မှုအနုပညာ
လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးနိုင်အောင်က ဆိုသည်။
“ရှေးဟောင်းနယ်မြေထဲမှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ
အခြားရည်ရွယ်ချက်နဲ့ဆောက်တဲ့ အဆောက်အအုံတွေ ဆောက်နေတာကို မထောက်ခံပါဘူး။
မဖြစ်လည်း မဖြစ်သင့်ပါဘူး။ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာဆိုရင်
ရှေးဟောင်းအဆောက်အအုံတွေနဲ့ အတော်လေးလှမ်းတဲ့ နေရာတွေမှာပဲ ဟိုတယ်တွေ
အဆောက်အအုံတွေ ဆောက်လုပ်ခွင့်ပေးတယ်။ ကမ္ဘောဒီးယားမှာဆိုရင် အန်ကောဝတ်နဲ့
တော်တော်လှမ်းလှမ်းမှာပဲ ဟိုတယ်တွေ ဆောက်လုပ်ခွင့်ရတယ်။ လက်ရှိဖြစ်နေတဲ့
ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးဌာန၊ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့
နယ်မြေခံလူထုက သုံးဦးသုံးဖလှယ် တွေ့ဆုံဆွေးနွေးသင့်ပါတယ်။ ကျွန်မဆိုလိုတာက
ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီးသားတွေကိုပဲ ဆိုလိုတာပါ။ နောက်ထပ်တော့
ဘယ်လိုအဆောက်အအုံမှ ဆောက်လုပ်ခွင့်မပြုသင့်ပါဘူး။ နဂိုတည်းကမှ
အုပ်ချုပ်မှုညံ့ဖျင်းခဲ့လို့ ဒီလိုရှေးဟောင်းဇုန်ထဲမှာ အဆောက်အအုံတွေ
ဖြစ်လာတာပါ” ဟု Nature Dream Travel & Tour မှ မန်နေဂျင်းဒါရိုက်တာ
ဒေါ်စံပယ်အောင်က သုံးသပ်သည်။
လက်ရှိတွင် အတားမြစ်ခံထားရသော
ဟိုတယ်များမှာ ဆက်လက်ဆောက်လုပ်မှုများ ရှိနေပြီး အဆိုပါဟိုတယ်များ
ဆက်လက်ဆောက်လုပ်နေခြင်းမှာ ရာထူးရာခံ ကြီးမားသူများ၏ မိသားစုဝင်များ
ပါဝင်နေမှုကြောင့် ဖြစ်နိုင်ကြောင်း ဦးမင်းနိုင်အောင်က သုံးသပ်သည်။
“ဟိုတယ်လုပ်ငန်းရှင်တွေရဲ့ နောက်ကွယ်မှာ လူကြီးသားသမီးတွေ ရှိနေနိုင်ပါတယ်။
ရှေးဟောင်းက ကန့်ကွက်ထားပေမယ့် ဒီဟိုတယ်စီမံကိန်းတွေ ဆက်လုပ်မယ်လို့
ယူဆပါတယ်။ သူတို့ဘက်ကသာ ဆက်ပြီးလုပ်နေမယ်။ ဟိုတယ်အဖြစ်
တည်ဆောက်ခွင့်ပြုမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီဟိုတယ်စီမံကိန်းတွေကို
ဆက်ပြီး ကန့်ကွက်ဆန္ဒဖော်ထုတ်ပါမယ်” ဟု ဦးမင်းနိုင်အောင်က ပြောကြားသည်။
Credit - Eleven Media Group
No comments:
Post a Comment